Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၇ ရက်မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၈ လ ၇ ရက်မြောက်နေ့ မြင်ကွင်း
(မိုးမခ) အောက်တိုဘာ ၇၊ ၂၀၂၁

ပြည်တွင်းစစ်၊ လက်နက်ကိုင်ပုန်ကန်မှုနဲ့ ပြိုကွဲမှု
မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခဟာ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီး ကမ္ဘာမှာ အရှည်ကြာဆုံး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခလို့ ခေါ်ဆိုကြရတဲ့အထိ သက်တမ်းရှည်ကြာဆုံး လက်နက်ကိုင်ပဋိပက္ခလည်း ဖြစ်ပါတယ်။ 

လွတ်လပ်ရေးရခါစကတည်းကစတင်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ အကြောင်းရင်းခံက နယ်ချဲ့ အရင်းရှင်လက်ဝေခံဆိုတဲ့ အယူအဆနဲ့ ကွန်မြူနစ်စနစ် ပစ္စည်းမဲ့လူတန်းစာအာဏာကိုတည်ဆောက်မယ်ဆိုတဲ့ အယူအဆ ၂ ခုအကြား အာဏာချုပ်ကိုင်ဖို့ အားပြိုင်မှုနဲ့ လူမျိုးစုတိုင်းရင်းသား လွတ်မြောက်ရေး ကိုယ်ပိုင်ပြဌါန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရည်မှန်းချက်အတွက် လက်နက်ကိုင်တိုက်ခိုက်ကြတဲ့ အားပြိုင်မှုတွေကစခဲ့တာဖြစ်ပါတယ်။ 

နှစ်ပေါင်း ၇၀ ကျော်အတွင်း စေ့စပ်မှု ဆွေးနွေးမှု ငြိမ်းချမ်းရေး ဆွေးနွေးမှုနဲ့ မကြာသေးမီကာလကဆိုရင် ငြိမ်းချမ်းရေးညီလာခံလို့တောင် အမည်တပ်ခေါ်ဆိုပြီး ပြည်သူတွေရော နိုင်ငံတကာပါ လူသိရှင်ကြား ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြတဲ့ ညီလာခံတွေ ၃/၄ ခု ထက်မနည်း လုပ်ခဲ့ကြပြီး မကြာခင် လအနည်းငယ်ကျမှ အဲဒီမျှော်လင့်ချက်တွေ အားလုံးပျက်စီးပြီး လက်နက်နဲ့ပဲ ဖြေရှင်းကြဖို့ လမ်းပေါ် ပြန်လျှောက်လှမ်းကြမယ့် အခြေအနေရောက်လာ ပြန်ပါတယ်။ 

နှစ် ၇၀ ကျော် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခကို ပြည်တွင်းစစ်လို့ အမည်တပ်ခေါ်ဝေါ်ကြတာရှိသလို လက်နက်ကိုင်ပုန်ကန်မှုအဖြစ်ခေါ်ဆိုတာတွေလည်း ရှိပါတယ်။ 

ပြည်တွင်းစစ်လို့ဆိုလိုက်ရင် အမေရိကန် တောင်ပိုင်းနဲ့မြောက်ပိုင်း ဖြစ်ပွားတဲ့စစ်မျိုးကိုမှ ပြည်တွင်းစစ်လို့ ခေါ်ဆိုနိုင်တယ်ဆိုတဲ့ ဆင်ခြေနဲ့ ပြည်တွင်းမှာ လက်နက်ကိုင်အစုအဖွဲ့တွေအသီးသီးကွဲပြားကာ နယ်မြေထိန်းချုပ်နိုင်ဖို့ နိုင်ငံရေးစနစ်ကို ပြောင်းလဲဖို့ လက်နက်နဲ့တိုက်ခိုက်ကြတာတွေကို ပြည်တွင်းစစ်လို့ ခေါ်ဆိုနိုင်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုကြတာလည်း ရှိပါတယ်။ 

မြန်မာနိုင်ငံမှာ ၁၉၄၉/ ၅၀ ခုနှစ်တွေက ဖြစ်ပွားခဲ့တာ ပြည်တွင်းစစ်ဆိုတာ အငြင်းပွားဖွယ်ရာ မရှိပါဘူး။ ရန်ကုန်မြို့ရဲ့အစပ်အထိ တိုက်ပွဲရောက်လာပြီး မြို့နေရာအနှံ့ကနေ လက်နက်သံတွေ ကြားနေနိုင်တဲ့အခြေအနေက လွတ်လပ်ရေးရပြီး ၁ နှစ် ၂ နှစ်အတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ။ 

အဲဒီကာလကို လွန်မြောက်ပြီးနောက်မှာလည်း လူမျိုးစုတွေရဲ့ အခွင့်အရေးနဲ့ပတ်သက်တဲ့ လက်နက်ကိုင်ပုန်ကန်မှု အခြေခံဒေသတွေ တည်ဆောက်ပြီး တိုက်ခိုက်မှုတွေက ဆယ်စုနှစ် ၇၀ ကျော်ကြာ တည်ရှိခဲ့တာဖြစ်ပါတယ်။ 

တိုင်းရင်းသား လူမျိုးစုတွေတောင်းဆိုတဲ့ ဖက်ဒရယ်စနစ်ကို ပြည်မလို့ခေါ်တဲ့ မြန်မာအစိုးရတွေဘက်က လက်မခံတာ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်တပ်ကလက်မခံတာက ပြည်တွင်းစစ်ကို နှစ် ၇၀ ကျော်ကြာသက်တမ်းရှည်စေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် မှာတော့ စစ်တပ်ဘက်က သူတို့ရဲ့ လမ်းပြမြေပုံ ၂၀၀၈ နဲ့အတူတက်လာတဲ့ ဦးသိန်းစိန်အစိုးရက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပထမဆုံးဖိတ်ခေါ်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီမှုတွေ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အနေနဲ့ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ 

၂၀၁၁ က စတင်လိုက်တဲ့ ငြိမ်းချမ်းရေးအတွက် စကားပြောမှု ဆွေးနွေးမှုတွေဟာ ၂၀၂၁ ခုနှစ် စစ်အာဏာအသိမ်းမှာ အားလုံး သုညအမှတ်ကို ပြန်ရောက်သွားတယ်လို့ဆိုရမလောက်အောင် နောက်ပြန်ဆုတ်သွားခဲ့ပါပြီ။ 

တချို့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စာပွဲဝိုင်းမှာသဘောတူထားခဲ့တဲ့ အန်စီအေ၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်သဘောတူညီချက်တွေကို နှမြောတဲ့အနေနဲ့ ရှိနေသေးတဲ့သဖွယ် ယူဆမှုတွေ ရှိနေသည့်တိုင် လက်တွေ့အပြင်အခြေအနေတွေက အဲဒီမျှော်လင့်ချက်နဲ့ မကိုက်ညီဘဲ လက်နက်နဲ့တိုက်မှ နိုင်ငံရေးရည်မှန်းချက်ရောက်ရှိနိင်မယ်ဆိုတဲ့အယူအဆက အများစုကို လွှမ်းမိုးချုပ်ကိုင်ထားသလိုဖြစ်လာနေတာပါ။ 

ဆယ်စုနှစ်များစွာ လက်နက်ကိုင်တိုက်ခိုက်လာသူ သူတို့ရဲ့ လူငယ်ဘဝ၊ လူလတ်ပိုင်းဘဝတွေကို လက်နက်ကိုင်တိုက်ပွဲတွေထဲ ဖြတ်သန်းခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရဲ့ခေါင်းဆောင်အချို့က အထက်ကသဘောတူညီချက်တွေကို မပစ်ရက် မစွန့်ရက်တာကိုလည်း နားလည်ကြည့်နိုင်ပါတယ်။ 

သို့ပေမယ့် တဖက်မှာလည်း ရွေးကောက်ပွဲအပြီး ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပြီး စစ်အာဏာသိမ်းမှုက အားလုံးကိုစိန်ခေါ်လိုက်တာလို့ ယူဆကြတဲ့ လူငယ်တွေ လူလတ်ပိုင်းတွေ၊ ကိုယ့်ဒေသ ကိုယ့်ရွာကို လာစော်ကားတယ် စိန်ခေါ်တယ်လို့ယူဆကြတဲ့ ဗမာလူမျိုးတွေ အများစုနေထိုင်ကြတဲ့ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်းတိုင်းဒေသက သူတွေမှာတော့ လက်နက်ကိုင်တိုက်ခိုက်ဖို့သာလျင် တခုတည်းသောရွေးစရာလမ်းဖြစ်တယ်လို့ ယူဆနေကြပြီ ဖြစ်ပါတယ်။ 

တချို့သော နိုင်ငံရေးအကဲဖြတ်သူတွေကတော့ ခုအချိန်မှာ ဒီလို နိုင်ငံရေးလမ်းကြောင်း ဦးတည်ရာ လားရာကို ဘယ်သူမှ ဖျောင်းဖြလို့မရနိုင်ဘူးလို့ ယူဆ အကဲဖြတ်ချက်လည်းရှိပါတယ်။ တဖက်နဲ့တဖက် အနိုင်အရှုံးကို လက်တွေ့ တိုက်ခိုက်ကြပြီးမှသာ ဆွေးနွေးတာ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းတဲ့လမ်းကြောင်းပေါ် ပြန်ရောက်နိုင်တော့မယ်လို့ ဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။ 

တဖက်မှာလည်း ပြည်ထောင်စုမြန်မာနိုင်ငံဆိုတဲ့ အမည်နာမကို ဆက်လက်ထိန်းသိမ်းထားနိုင်ပါ့မလားဆိုတဲ့ အနာဂတ်ကို မှန်းဆကြည့်တဲ့ အယူအဆလည်း ရှိနေပြီး ပြည်ထောင်စု မြန်မာနိုင်ငံဆိုတဲ့ စည်းရုံးရေးသဘောဆန်တဲ့ စကားလုံး၊ လက်တွေ့မှာ ပြည်ထောင်စု တနည်းအားဖြင့် ဖက်ဒရယ်အနှစ်သာရ ပြည့်စုံမှုမရှိတဲ့ နိုင်ငံရေးရပ်တည်ချက်တွေ ရှိနေရင် ငြိမ်းချမ်းတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံကိုတည်ထောင်ဖို့ ခက်ခဲလိမ့်မယ်ဆိုတဲ့ အယူအဆလည်း ရှိနေပြီး အခုတကြိမ် စစ်အာဏာသိမ်းမှုဟာ တိုင်းရင်းသားလူမျိုးစုတွေအတွက် ဖက်ဒရယ်အတွက် တိုက်တယ်ဆိုတာထက် မိမိတို့ဘာသာ မိမိတို့အုပ်ချုပ်ဖို့ ကွန်ဖက်ဒရေးရှင်းဖြစ်ဖို့အတွက်သာ ရည်မှန်းပြီး တိုက်ခိုက်ကြလိမ့်မယ့် လက္ခဏာတွေလည်း မြင်နေရပြီဖြစ်ပါတယ်။ 

မြန်မာနိုင်ငံရေးရဲ့ ပြဿနာကို ရှုမြင်ရာမှာ စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီလို့ အဖြူအမဲ နှစ်မျိုးတည်း အလွယ်နားလည်အောင်လုပ်ခြင်းကနေ စစ်အာဏာရှင်၊ ဒီမိုကရေစီ၊ ဖက်ဒရယ် (ဒီနေရာမှာ စစ်မှန်သောလို့ နာမဝိသေသ မထည့်သွင်းချင်သော စစ်မှန်တဲ့ဖက်ဒရယ်ကို ရည်ညွှန်း) စနစ်ကို လက်ခံသော ဒီမိုကရေစီ၊ အခြားသောအာဏာရှင်ပုံစံ စသဖြင့် ရှုထောင့်စုံအောင်ကြည့်ဖို့ လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar