က-ရော်ဟုန်း - မခို့တရို ကလဲ့စား
က-ရော်ဟုန်း
(မိုးမခ) မေ ၄၊ ၂၀၂၂
နာကျည်းမှုအပွေးတက်နေတဲ့
နှလုံးသားတွေဟာ
ဆပ်ကပ်ထဲက
ဓားပေါက်သမား မဟုတ်ဘူး
ပစ်မလွဲ သတ်ကွင်းအထက်က
မုဆိုးကျော်ရဲ့ အဆိပ်သုတ်လေးမြား။
ပြေးတမ်းလိုက်တမ်းသမားတွေမို့
အမောဖောက်သူ အရှုံးပေါ့။
နာကျည်းချက်တွေက
သက်လုံကောင်းဖို့ အားဆေးပါ။
ဓမ္မကိုး သေရဲသူနဲ့
သတ်ရဲသူ သီးသန့်မှာ
သတ္တိနဲ့ ဂုဏ်သိက္ခာ
ဘယ်သူ ပိုရှိသလဲ။
အဖြေထွက်ပြီးသား မေးခွန်းမို့
ငါတို့နိုင်ကို နိုင်ရမယ်စိတ်ဟာ
တံခွန်တလူလူလွှင့်လို့
အင်ပါယာချဲ့ထွင်နေပြီပေါ့။
နေဝင် လထွက် သံသရာမှာ
ဆွေးနွေးစရာမလိုတဲ့ သွေးကွက်တွေ
သံစဉ် ၇ ပါးမှာ ငြိစေ
အောင်စည်ဖြာ ပြည်တော်သာမယ့်အချိန်။
၂၀၂၂၀၅၀၂
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar