Breaking News

သားကြီးမောင်ဇေယျ - ကျေးဇူးတင်ပါတယ်



သားကြီးမောင်ဇေယျ - ကျေးဇူးတင်ပါတယ်

(မိုးမခ) မေ ၂၃၊ ၂၀၁၉

အလုပ် ရပ်စဲကြောင်း အကြောင်းကြားစာ ကျွန်တော့်မေး လ် ထဲကိုရောက်လာပါတယ်။

အလုပ်ထဲက သက်ဆိုင်သူတွေ ကိုနှုတ်ဆက် တဲ့ အကြောင်း အလုပ် မေးလ် က တဆင့် ပြန်အကြောင်းကြားလိုက်ပါတယ်။

နောက်ပြီး လူမှုကွန်ယက်ပေါ်က တဆင့် သူငယ်ချင်းတွေ မိတ်ဆွေတွေ ရဲဘော်တွေ ဆီကို အကြောင်းကြားပါတယ်။ ကျွန်တော် အလုပ်ပြုတ်ပြီ ဆိုတာ မိတ်ဆွေတွေ သိဖို့ပါ။ လွတ်လွတ် လပ်လပ် ဆက်သွယ် နိုင်ပြီ။ တွေ့ဆုံနိုင်ပြီ ဆိုတာသိဖို့ပါ။ ဒါပေမယ့် ဒါပေမယ့် ။

ပြသနာက အဲဒီက စတာပါပဲ။

သူငယ်ချင်းတစ်ယောက်က စိတ်မကောင်းကြောင်း စိတ်ဓါတ်မကျသင့်ကြောင်း သူ့အဖေလည်း အလုပ်ပြုတ်ပြီး ငါးရက် အကြာမှာ သေသွားတဲ့ အကြောင်း နေကောင်းအောင်နေဖို့ အကြောင်း ၊ ကျန်းမာ ေ ရ း ဂရုစိုက်သင့်ကြောင်း ၊ နေပူရှိန် အလွန်ပြင်းထန်နေတာကြောင့် ကျွန်တော့် လို အသက်အရွယ်တွေ အတော်များများ ဆက်တိုက်သေ နေကြကြောင်း ၊ တကယ်လို့ မ လွဲသာ မရှောင်သာ တိမ်းပါးသွားမယ်ဆိုရင်လည်း လကုန်ပြီးမှ တိမ်းပါးသင့်ကြောင်း ၊ အလုပ်က လာစာ နောက်ကျမှ ရတတ်တာကြောင့် မကူညီလိုက်ရမှာ စိုးတဲ့ အကြောင်း လူမှုကွန်ယက်ပေါ်က တဆင့် အားပေး ရင်း အကြံ ပေး လိုက်ပါတယ်။ ကျွန်တော်လည်း အခုလို ဂရုတစိုက်အားပေး မေးမြန်း အကြံပေးတဲ့ အတွက် ကျေးဇူးတင်ကြောင်း ပြောယုံမှတပါး ဘာများ တတ်နိုင်ပါဦးမည်နည်း။

ကျွန်တော်နဲ့ သက်တူရွယ်တူ ပင်စင်စားတစ်ယောက်ကလည်း ငါတို့က အသက်ကြီးလို့သေခါနီးနေပြီကွာ ၊ မင်းအခုလို အလုပ်ပြုတ်တော့ ဝမ်းသာတာပေါ့။ နားနားနေနေ လက်ဖက်ရည်ဆိုင်ထိုင်ကြတာပေါ့တဲ့။ ကျွန်တော့် အနေနဲ့ အလုပ်ပြုတ်တာ ဝမ်းမနည်းပေမယ့် အသက်ကြီးပြီလို့ အမှန်အတိုင်းပြောတာတော့ ဘယ်စိတ်ကောင်းပါ့မလဲ။ ဘာပဲဖြစ်ဖြစ် လက်ဖက်ရည်ဆိုင်ထိုင်ဖို့ အကြံပြုတာကိုတော့ ကျေးဇူးတင်တယ်ကွာ ၊ မင်းဖုန်းထဲမှာ ကလေးတွေ မသိအောင် ဒေါင်းထားတဲ့ ဗီဒီယို ကလစ် အသစ်ကလေးတွေ ရှိရင် လက်ဖက်ရည်ဆိုင်ကို ယူခဲ့ ဦး ၊ ရှယ်ကြမယ်လေ လို့ ချိန်းလိုက်ရတာပေါ့။

နောက်တစ်ယောက်ကလည်း ဝမ်းသာတဲ့ လေသံကြီးနဲ့ မင်းအလုပ်က နားဖို့ အဖို့ အမိန့်ပေးလိုက်ပြီဆို။ ဝမ်းသာတယ်ကွာ တကယ်ဝမ်းသာတယ်၊ ငါအပ်ထားတဲ့ ဇီးထုတ် တံဆိပ်ကလေး ပြီးတော့မှာပေါ့နော်။ ဘယ်နေ့လာယူရမလဲ ပြောလေ အားမနာနဲ့ တဲ့။

ကျွန်တော်ကလည်း မောင်ရင် ငါ့ကို ယုံယုံကြည်ကြည်နဲ့ အလုပ်အပ်တာကို ကျေးဇူးတင်ပါတယ်ကွာ။ အလုပ်ကပြုတ်ပြီဆိုတော့ မင်း ခိုင်းတဲ့ အလုပ်မပြီးတာ အကြောင်းပြချက် ပေးဖို့ မဖြစ်နိုင်တော့ဘူးပေါ့ ။ ခုလို ငါ့ကို ကြိုးကြိုးစားစား ဇွဲကြီးကြီးနဲ့ အလုပ်အပ်တာ ကျေးဇူးတင်ကြောင်း ပြန်ကြားလိုက်ရတာပေါ့။

လူမှုကွန်ယက် ဖေ့ဘွှတ်ပေါ်က တဆင့် သူငယ်ချင်းတွေ ဆီ အကြောင်းပြန်နေတုန်း ဖုန်းဝင်လာပါတယ်။

ဖုန်းထဲက အသံက ကျွန်တော်နဲ့ အလွန်ရင်းနှီးတဲ့ သတင်းထောက်တစ်ယောက်ရဲ့ အသံပါ။

“ဦးဇေ အလုပ်ပြုတ်သွားပြီဆို ဖေ့ဘွတ်မှာ တွေ့လိုက်တယ်။ အလုပ်က နစ်နာကြေးရမယ်ဆို ဝမ်းသာလိုက်တာဗျာ ကျွန်တော့်ကိုလည်း တဝိုင်းချီမြှင့်ဦးလေဗျာ“

“အေးကွာ ရ ရင် ဝိုင်းကြတာပေါ့“

“ရ ရင် မလုပ်နဲ့လေ အခုကျွန်တော်တို့ ဦးဇေတို့ အိမ်နားက ဆိုင်မှာ စုစည်းနေကြပြီ၊ ဦးဇေကို ဂုဏ်ပြုမလို့ လူတွေတော်တော်စုံနေကြပြီ ခုလာခဲ့လေ “

“ အခုမှ သုံးနာရီကျော ်ကျော်လေးရှိသေးတယ် မကောင်းမှုလုပ်ဖိုက စောသေးတယ်လေကွာ“

“ ညနေ သုံးနာရီဆိုတာ ကောင်းမှု လုပ်ဖို့လည်း နောက်ကျ သွားပြီလေ၊ ဒီတခါ နောက်ကျ မခံသင့်ဘူး၊ ဝီရီယ မရှိရင် မကောင်းမှု လုပ်ဖို့ပါ နောက်ကျသွားမယ်လေ ၊ အမြဲနောက်ကျနေရင် မကောင်းဘူးလေ သူများတွေ ကဲရဲ့စရာဖြစ်နေမယ်”

ကျွန်တော် ဘာများ တတ်နိုင်ပါဦးမည်နည်း။ (ဆရာ ဗမော်တင်အောင် လေသံနဲ့ ဖတ်ပါ)

ကျွန်တော်စံမြန်းရာ ကန်ထရိုက်တိုက် နတ်ပြည်ရှစ်ထပ်က ဝုန်းကနဲ ပြေးဆင်း၊ သူတို့ရှိရာ ဘီယာဆိုင်ကို ဝေါကနဲ အရောက်သွား။ သြော် ကိုယ်ကို ဂုဏ်ပြုမယ် ဆိုတော့ ဘယ်ငြင်းရက်ပါ့မလဲ။

ဆိုင်ရောက်တော့ လူစုံနေပါပြီ။ သူတို့က ဂုဏ်ပြုစကားတွေဆိုကြပါတယ်။ ပြောရဦးမယ် ကျွန်တော့်ကို ဂုဏ်ပြုသူတွေဟာ အုပ်စု သုံးစုကွဲနေပါတယ်။ တချို့က အာမီ အုပ်စု ။ သူတို့က အာမီ ရမ် ပဲသောက်တယ်။ တချို့က ဝီဝီ အုပ်စု ။ ဝီစကီပဲသောက်တယ်။ တချို့က မြန်မာ အုပ်စု ။ မျိုးချစ်မြန်မာ အုပ်စုတွေ။ သူတို့က မြန်မာဆိုတော့ မြန်မာ ဘီယာကိုပဲ အားပေးကြတယ်လေ။ ကျွန်တော်ကတော့ ဘာလာ လာ အစဉ်ပြေတယ်။ ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲနေထိုင်ရေး ၊ ယမကာပေါင်းစုံ ညီညွတ်ရေးသမားဆိုတော့ အားလုံးကို အားပေးပါတယ်။ တခွက်ပြီးတခွက်ပေါ့။

အလုပ်ရပ်နားတဲ့ စာထဲမှာ “လူကြီးမင်းရဲ့ လုပ်ဆောင်မှုတွေအတွက် ကျေးဇူးတင်ကြောင်း ” ရေးသားထားတဲ့ အတွက် ကျွုန်ုပ်၏ ဘောစိများနဲ့ ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ကြောင်းတဖွဖွ ရေရွတ် ရင်း တခွက်ပြီးတခွက် တပုလင်းပြီးတပုလင်း ပေါ့။

ဘီယာ ပုလင်းတလုံးကိုဖွင့်လိုက်တိုင်း အဖုံးခွံ အတွင်းပိုင်းက ဖေါ့ပြားကလေးကို ဖွင့်ကြည့်ရတာအမော။ ဖွင့်လိုက်ပြီဆိုတိုင်းလဲ ကျေးဇူးတင်ပါတယ် ဆိုတဲ့ စာတန်းကလေးက ပေါ်ပေါ်လာတယ်။ တော်တော်ကျေးဇူးသိတတ်တဲ့ ယမကာ ထုတ်လုပ်သူတွေပါ။

ဒီ အန္တစင်္ကြာ ၀ဋ္ဌာ အတွင်းမှာ ကျေးဇူးသိတတ်သူ ဆိုလို့ကျွုန်ုပ် ၏ ဘောစိများနဲ့ ယမကာ ထုတ်လုပ်သူတွေသာ ရှိတယ်ဆိုရင် မိတ်ဆွေတို့ ယုံမှာလား ခင်ဗျား။

ဒီစာကို ဆုံးအောင်ဖတ်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

သားကြီးမောင်ဇေယျ ( ၂၂- ၅- ၂၀၁၉ )