Breaking News

ခိုင်ချယ်ရီထွန်း ● နွေကျောင်းပိတ်ရက်လျှော့မည်အစီအစဉ် မသေချာ၊ ဥရောပတွင်လည်း ၃ လ ပိတ်သည့်နိုင်ငံများရှိ

ခိုင်ချယ်ရီထွန်း ● နွေကျောင်းပိတ်ရက်လျှော့မည်အစီအစဉ် မသေချာ၊ ဥရောပတွင်လည်း ၃ လ ပိတ်သည့်နိုင်ငံများရှိ
(မိုးမခ) မေ ၁၉၊ ၂၀၁၉

အခြေခံပညာကျောင်းများ၏ နွေရာသီကျောင်းပိတ်ရက်ကာလ သုံးလမှ နှစ်လသို့ ပြောင်းလဲမည့်အစီအစဉ်မှာ များစွာ အငြင်းပွားမှု ပေါ်ပေါက်လာပြီးနောက်တွင် အစိုးရက ထိုအစီအစဉ် သေချာစွာ ပြန်လည် စဉ်းစားတော့မည် ဖြစ်သည်။

ကျောင်းတက်ရက် အပြောင်းအလဲကို ထပ်မံ ညှိနှိုင်းမှ အသိပေးမည်ဟု မေ ၁၅ ရက်နေ့က သတင်းထောက်များနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ထိပ်တန်းအရာရှိတစ်ဦးက ပြောလိုက်သည်။

"ကလေးတွေဟာ နွေရာသီမှာ တခြားသင်တန်းတွေ ရှာဖွေတက်နေရတယ်၊ တချို့မိဘတွေက အိမ်မှာကလေးတွေ ထိန်း နေရတဲ့အခြေအနေ ဖြစ်နေတယ်ဆိုတဲ့ voice တွေ ကြားရတာကြောင့် … ကျွန်တော်တို့ ညှိနှိုင်းပြီးတော့မှ ထုတ်ပြန်ဖို့ရှိပါတယ်" ဟု အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက သတင်းထောက်များကို ပြောသည်။

နွေကျောင်းပိတ်ရက်ကာလ အကြောင်း ငြင်းခုံမှုများမှာ ပညာရေးဝန်ကြီးက လာမည့်နှစ်စာမေးပွဲများကို မတ်လကုန်ပိုင်းတွင် ပြုလုပ်မည်ဟု မကြာသေးခင်က ပြောဆိုခဲ့ရာမှ အစပြုခဲ့သည်။ ဝန်ကြီးပြောဆိုမှုအတိုင်း အတည်ဖြစ်လာပါက နွေကျောင်း ပိတ်ရက်သည် သုံးလမှ နှစ်လသို့ ပြောင်းလဲမည် ဖြစ်သည်။

မတ်လအထိ ကျောင်းဖွင့်မည်ဆိုပါက စာသင်ချိန်တိုးလာမည်ဖြစ်ပြီး သက်ရောက်မှု မည်သို့ဖြစ်မည်ကို ခန့်မှန်းရ ခက်ခဲမည် ဟု စစ်ကိုင်းတိုင်းဒေသကြီးမှ ဆရာမတစ်ဦးကပြောကြောင်း The Voice Daily သတင်းစာတွင် ဧပြီ ၂၅ ရက်နေ့က ဖော်ပြ ထားသည်။

"ကလေးတွေရဲ့ ပညာအရည်အသွေး ပိုတိုးတက်လာမလား၊ ထိရောက်လာမလားဆိုတာကတော့ သင်ကြားပေးတဲ့ဆရာ၊ ဆရာရဲ့ စေတနာ၊ သင်ယူသူ တပည့်ရဲ့ သင်ယူလိုစိတ်နဲ့ မိဘတွေရဲ့ကူညီပံ့ပိုးမှုအပေါ် မူတည်မယ်" ဟု ကလေးမြို့ အထ က (၇) မှ အလယ်တန်းပြ ဆရာမ ဒေါ်ဌေးဌေးမြင့်က ပြောသည်။

ပညာရေးကောင်းသည်ဟု နာမည်ကြီးသော ဥရောပတွင် နွေကျောင်းပိတ်ရက်မှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူကြပေ။

အီတလီ၊ ပြင်သစ်တို့တွင်  နွေကျောင်းပိတ်ရက်အဖြစ် အီတလီတွင် သုံးလခွဲသတ်မှတ်ထားပြီး ပြင်သစ်တွင် နှစ်လ သတ်မှတ် ထားသည်ဟု ၂၀၁၅ ခုနှစ် The Independence သတင်းစာမှ ပညာရေးဆိုင်ရာ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

သို့သော်လည်း ကျောင်းပိတ်ရက်များအားလုံးကို စုပေါင်းလိုက်လျှင် ထိုနှစ်နိုင်ငံမှာ အတူတူပင် ဖြစ်သည်။

ဥရောပကော်မရှင်က ထုတ်ဝေသည့် ၂၀၁၈/၂၀၁၉ ပညာသင်နှစ် ကျောင်းချိန်စုစည်းမှုစာအုပ်တွင် ဖော်ပြထားချက်အရ  ဆွီဒင်၊ ဆာဗီးယား၊ စလိုဗေးနီးယားတို့က နှစ်လခွဲပိတ်ကြကြောင်း သိရသည်။

သုံးလခန့် ပိတ်သည့် နိုင်ငံများထဲတွင် စပိန်၊ ရိုမေးနီးယား၊ ပေါ်တူဂီ၊ တူရကီတို့ ပါဝင်သည်။

မြန်မာနိုင်ငံတွင် သီတင်းကျွတ်ကာလ ကျောင်းရက်ရှည်ပိတ်သကဲ့သို့ ဥရောပတွင်လည်း ကြားကာလ ပိတ်ရက်ရှည် သုံးကြိမ် ထက်မနည်း သတ်မှတ်ထားသည်ကို တွေ့ရသည်။

ခရစ်စမတ်၊ နှစ်သစ်ကူးကာလ ရက်သတ္တ နှစ်ပတ် ပိတ်ပြီး နွေးဦး၊ ဆောင်းဦးပိတ်ရက်များမှာ အနည်းဆုံးရက်သတ္တ တစ်ပတ် ကြာသည်ဟု ဆိုသည်။

ပုံစာ - နွေကျောင်းပိတ်ရက်ရှည်တွင် တွေ့ရသော မူလတန်းအရွယ် မောင်နှမ နှစ်ဦး။ အလွတ်ကျက်စနစ်မှ စဉ်းစားတွေးခေါ်မှုအားပေးသောစနစ်သို့ ပြောင်းလဲနေသော မြန်မာနိုင်ငံတွင် အခြေခံပညာ ကျောင်းသားဦးရေ ၉၁ သိန်းကျော်ရှိပြီး ပုဂ္ဂလိက ကျောင်းများတငက် တက်ရောက်နေသူ  ၅ သိန်းခွဲ ရှိသည်ဟု ပညာရေးဝန်ကြီးဌာနက ပြောသည်။ (ဓာတ်ပုံ - မိုးမခ)