Breaking News

ဇင်လင်း ● စစ်မက်ကင်းစင်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို မည်သို့ဖော်ဆာင်ကြမည်နည်း

ဇင်လင်း ● စစ်မက်ကင်းစင်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို မည်သို့ဖော်ဆောင်ကြမည်နည်း
(မိုးမခ) မေ ၂၀၊ ၂၀၁၉

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် လုံး၀ ရပ်စဲရေး ပြဿနာသည် တိုင်းရင်းသား လက်နက်ကိုင်အင်အားစု အားလုံး NCA သဘောတူစာချုပ်ကိုလက်ခံကာ ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများသို့တက်ရောက်လာရေးအပေါ် များစွာ တည်နေ သည်ဟု အစိုးရနှင့်တပ်မတော်တို့က ဆိုသည်။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) လုပ်ငန်းစဉ် အကောင် အထည်ဖော်ဆောင်မှုအပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) နားလည်လက်ခံသကဲ့သို့ အစိုးရနှင့် တပ်မတော်တို့ နားလည်သဘောပေါက်ရန်လိုနေသည်ဟု  တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတို့က ဆိုပြန်သည်။ အစိုးရနှင့် တပ်မတော်နားလည်သကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတို့က လက်မခံနိုင်သလို တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ နားလည်လက်ခံသကဲ့သို့အစိုးရနှင့် တပ်မတော်တို့ဘက်က လက်မခံနိုင်ဖြစ်နေသည်ဟု ဝေဖန်သုံးသပ်သံများ ထွက်ပေါ်နေသည်။ တဖက်နှင့်တဖက် NCA လုပ်ငန်းစဉ်အပေါ် နားလည်လက်ခံပုံချင်း မတူညီပါက ငြိမ်းချမ်းရေး အနာဂတ်ခရီးလမ်းကို ချောချောမွေ့မွေ့ ဆက်လက်လျှောက်လှမ်းရန် လွယ်ကူလိမ့်မည်မဟုတ်ဟုလည်း ဆို သည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် NCA-S EAO ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံ၌ လာမည့် မေလ ၁၄ ရက်နေ့မှ စတင်၍ ၅ ရက်တိုင် ကျင်းပသွားမည်ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP)  ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ ‘နိုင်အောင်မငေး’ က ပြောကြောင်း မွန်သတင်း ဧဂျင်စီ (MNA) က ဖေါ်ပြသည်။ NMSP သည် NCA လက်မှတ်ရေးထိုးပြီးသည့် အဖွဲ့ဖြစ်ကြောင်း၊ NCA လမ်း ကြောင်းအတိုင်း ဆက်လျှောက်လှမ်မည်ဖြစ်ကြောင်း၊ NMSP တဖွဲ့တည်း ငြိမ်းချမ်းရေးရယုံမျှဖြင့် ကိစ္စပြီးဆုံးသွားမည်  မဟုတ်ကြောင်း၊ ဘဝတူ NCA လက်မှတ်ရေးထိုးထားသော EAOs အဖွဲ့ ၉ ဖွဲ့နှင့်အတူ လက်တွဲဆောင်ရွက်သွား မည်ဖြစ် ကြောင်း၊ သို့ဖြစ်၍ လာမည့်ထိပ်သီးအစည်းအဝေးပွဲတွင် ရှေ့လုပ်ငန်းစဉ်များ မည်သို့ချမှတ် အကောင်အထည် ဖော်ကြမည် ကို ဆွေးနွေးဆုံးဖြတ်ရန်ရှိသည်ဟု နိုင်အောင်မငေးက မွန်သတင်းအေဂျင်စီသို့ပြောခဲ့သည်။

NMSP ဗဟို အလုပ်အမှုဆောင်ကော်မတီဝင်၊ ဗဟိုနိုင်ငံရေးဌာန တာဝန်ခံဖြစ်သူ “နိုင်အောင်မငေး” အား မွန်သတင်းအေ ဂျင်စီ အယ်ဒီတာ ဗညားအောင်က NCA အလားအလာကို ဆက်သွယ်မေးမြန်းခဲ့ရာ အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာဆိုရင် ကျနော်တို့ပါတီဟာ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်တဲ့အတွက် အကောင် အထည်ဖော်မှုတွေမှာ ကျန် NCA လက်မှတ်ထိုး ၉ ဖွဲ့နဲ့အတူတူ ဆောင်ရွက်ရပါတယ်။ တက်အတူ ဆုတ်အတူ အတူတကွ လုပ်ဆောင်သွားရမယ်။ မိမိပါတီ တခုတည်းရဲ့ အကျိုးအတွက်ချည်းပဲ မကြည့်သင့်ဘူး။ မိမိတို့တပါတီတည်း နဲ့ငြိမ်းချမ်းရေး အောင်မြင်မယ်ဆိုတာလည်း မဖြစ်နိုင်ပါဘူး၊ ဒါကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုင်းရင်းသား လက်နက်ကိုင် EAO တွေနဲ့အတူ ချင့်ချိန် သုံးသပ် ဆွေးနွေးကြပြီး အကောင်အထည်ဖော်သွားဖို့ပါ။ ဒီရက်ပိုင်းအတွင်းမှာ NCA လက်မှတ်ထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေ ထိပ်သီးအစည်းအဝေးပြုလုပ်ဖို့ ရှိပါတယ်။ လက်ရှိ ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်တွေအတွက် ဘာတွေဆက်လုပ်သွားကြမလဲ ဘယ်လိုအကောင်အထည်ဖော်သွားကြမှာလဲဆိုတာ ဆွေးနွေး ဆုံးဖြတ်ကြပါလိမ့်မယ်။ ကျနော်တို့က NCA လက်မှတ်ရေးထိုးပြီးတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် NCA လမ်းကြောင်းပေါ်ကနေ ဆက်လျှောက်သွားမယ်။ NCA အကောင်အထည်ဖော်မှုမှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ နားလည်လက်ခံထားသလို အစိုးရနဲ့တပ်မတော်ဘက်ကလည်း ထပ်တူနားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။  အစိုးရနဲ့ တပ်မတော်နားလည်ထားသလို ကျနော်တို့ဘက်က နားမလည် လက်မခံ။ ကျနော်တို့ဘက်က နားလည်လက်ခံထားတာကို အစိုးရနဲ့တပ်မတော်ဘက်က နားမလည် လက်မခံနိုင်။  တဖက်နဲ့တဖက် NCA အပေါ် နားလည်လက်ခံမှု မတူညီကြရင်တော့ ငြိမ်းချမ်းရေး ရှေ့အနာဂတ်ခရီး ဆက်လက် လျှောက်လှမ်း သွားဖို့က လွယ်ကူမှာတော့ မဟုတ်ပါဘူး၊ ဘက်နှစ်ဖက်စလုံးက နားလည်လက်ခံမှု တူညီကြမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော်လို့ရမှာပါ။” ဟု နိုင် အောင်မငေးက ရှင်းပြခဲ့သည်။

လက်ရှိတွင် KNU အနေဖြင့် အစိုးရနှင့် တရားဝင်နိုင်ငံရေးဆွေးနွေးပွဲများ ရပ်နားထားသကဲ့သို့၊ RCSS ကလည်း ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွင် ပါဝင်မှုကို ယာယီရပ်ဆိုင်းထား၍  နိုင်ငံရေး ဆွေး နွေးပွဲများ ရပ်တန့်လျက်ရှိသည်။ NCA လက်မှတ်ထိုးပြီးသော တိုင်းရင်းသား (၁၀) ဖွဲ့တွင် ကရင်အမျိုးသားအစည်း အရုံး (KNU)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊  ကရင်ငြိမ်း ချမ်းရေးကောင်စီ (KNU-KNLA/PC)၊ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများဒီမိုကရက်တတပ်ဦး (ABSDF)၊ မွန်ပြည် သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တအစည်းအရုံး (LDU) တို့ပါဝင်သည်ကို တွေ့ရသည်။

အလားတူ ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ‘ပဒိုစောတာဒိုမူ’ က ‘‘ငြိမ်းချမ်းရေးကို အပစ် အခတ်ရပ်စဲရုံဖြင့် မဖြစ်နိုင်ဟုဆိုသည်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ပြီး ငြိမ်းချမ်းစွာပြဿနာ ဖြေရှင်းလိုသော  အရည် အချင်း၊ လုပ်နိုင်စွမ်းအား၊ သံဓိဋ္ဌဋ္ဌာန်၊ အမြော်အမြင်တို့ဖြင့့်အားလုံး ကြိုးစားကြရန် လိုသည်ဟု ၎င်းက ဆိုသည်။ NCA အကောင်အထည် ဖော်ဆောင်ရာတွင် တဖက်နှင့် တဖက် နားလည်မှု ကွဲလွဲနေသည်မှာ သုံးနှစ်ကျော်ရှိခဲပြီး၊  ကွဲလွဲမှုများ ကို ပြန်မပြင်၍ မရတော့သည့် အခြေအနေ ဖြစ်ပေါ်နေသဖြင့် KNU က အလွတ်သဘော တွေ့ဆုံပွဲများမှ တဆင့် လမ်းကြောင်း ပြန်လည် တည့်မတ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ‘ပဒိုစောတာဒိုမူ’ က ဆိုသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (တတိယအစည်းအဝေး) အပြီး ဖြစ်ပေါ်လာနိုင် သည့် နိုင်ငံရေး အခင်းအကျင်းများအပေါ်သုံးသပ်ချက်ကို မွန်ပြည်သစ်ပါတီ NMSP ဒု-ဥက္ကဌ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဥက္ကဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုပူးတွဲကော်မတီ UPDJC အဖွဲ့ဝင် “နိုင်ဟံသာ” အား မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် က မွန်ဘာသာဖြင့် တွေ့ဆုံမေးမြန်းခဲ့ဖူးသည်။

“တတိယအကြိမ် ၂၁ ရာစုပင်လုံအစည်းအဝေးမှာ အဓိကတဆို့မှုတွေကိုကြည့်လိုက်ရင် တပ်မတော်ကနေ သဘောထား အမြင်၂ ရပ်အပေါ် ခိုင်ခိုင်မာမာရပ်တည်နေတာတွေ့ရတယ်။ တအချက်က လုံးဝခွဲမထွက်ရေးမူ ကို လက်ခံပါမှ တိုင်းရင်း သားတွေရဲ့ ဖက်ဒရယ်အရေးကို လက်ခံဆွေးနွေးသွားမယ်လို့ ဆိုတယ်။ ဒါကို ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်မှာ ခွဲထွက်ခွင့် ကို လက်မှတ်ရေးထိုးခဲ့တဲ့ ရှမ်း၊ ကချင်၊ ချင်းတွေက လက်ခံဖို့ လုံးဝမဖြစ်နိုင်တဲ့အဆိုပါ။ တဖက်မှာလည်း ဖက်ဒရယ်အရေးနဲ့ ပတ်သက်ပြီး တခွန်းတလေမှလည်း မဆွေးနွေးရသေးဘူး။ တိုင်းရင်းသားတန်းတူရေးအတွက် ဘယ်လောက် အာမခံ ချက်ရှိသလဲဆိုတာကလည်း လုံးဝမသိရသေးဘဲနဲ့ ခွဲမထွက်ရေးမူ ဆွဲကိုင်ထားပြီး ထွက်ပေါက်မရှိအောင် တိုင်းရင်းသား တွေကို တခါတည်းလမ်းကြောင်း ပိတ်ဆို့ထားတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒါပေမယ့် ဒါတွေကို ကျော်ဖြတ်သွားရမယ့် နည်းလမ်း ရှိပါတယ်၊ ဒီနေရာမှာ ခွဲထွက်ခွင့်ရှိတာ၊ မရှိတာကို လုံးဝထည့်မပြောကြဘဲနဲ့ ဖက်ဒရယ်အရေးကိုပဲ ပွင့်ပွင့် လင်းလင်း ဆွေးနွေးသွားဖို့ လိုအပ်ပါတယ်။” ဟု နိုင်ဟံသာ က သုံးသပ်ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂၀၁၉ မတ်လ ၅ ရက်မှ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပခဲ့သော NCA လက်မှတ်ထိုး (၁၀)  ဖွဲ့ ခေါင်းဆောင်များတက်ရောက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးအပြီးတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က မိန့်ခွန်းပြောကြားခဲ့စဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တဆို့နေခြင်းမှာ ‘ခွဲမထွက်ရကိစ္စ’ နှင့် ‘တခုတည်းသောတပ်မတော်’ ကိစ္စများကြောင့်ဖြစ်ဟု ပြောကြားခဲ့သည်။   တနိုင်ငံလုံးအ ပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့အနေဖြင့် ခွဲထွက်ရေး တောင်းဆိုမည်ဟု PPST ဆွေးနွေးပွဲများတွင် တကြိမ်မျှ ဆွေးနွေးခဲ့ဖူးခြင်းမရှိကြောင်း၊ တပ်မတော်ဘက်က ခွဲမထွက်ရ ဆိုသည့်ကိစ္စကို မလိုအပ်ဘဲ မထည့်သင့်ကြောင်း၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောကြားခဲ့ဖူးသည်။

လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို လေ့လာကြည့်ပါက တပ်မတော်၏ လုံခြုံရေးကဏ္ဍဆိုင်ရာ အမြင်များနှင့် စပ်လျဉ်း၍ သဘောကွဲလွဲမှုများရှိနေသည်ကို တွေ့ရသည်။ တပ်မတော်ဘက်က တခုတည်းသောတပ်မတော်နှင့် ပြည်ထောင်စုမှ ခွဲမထွက်ရေးဆိုသော အချက်များကို ဆုပ်ကိုင်ထားသည်။ တိုင်းရင်းသားများဘက်ကလည်း  တိုင်းရင်းသားတန်းတူအခွင့် အရေးနှင့် ဖက်ဒရယ်အခြေခံမူ ဆိုင်ရာ ဘုံသဘောထားများရရှိရေးကို ဆုပ်ကိုင်ထားသည်။

ဤအတောအတွင်းမှာပင် ရခိုင်လက်နက်ကိုင် အဖွဲ့(AA) အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့နှင့် အ စိုးရအကြား အပစ်ရပ်စဲရေးဆိုင်ရာဆွေးနွေးပွဲကျင်းပနိုင်ရေး ညှိနှိုင်းနေစဉ် တပ်မတော်ဘက်က  စစ်ရှိန်လျှော့သင့်သည်ဟု AA ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြောင်း 7Day Daily သတင်း၌ ဖေါ်ပြသည်။ တပ်မတော်က ထိုးစစ်ဆင်မှုများ ဆက်လက် လုပ်ဆောင်နေပါ က ရခိုင်ဒေသတွင် စစ်ရှိန်လျှော့ချရန် အခက်အခဲရှိသည်ဟု ၎င်းကဆိုသည်။ ဧပြီ ၃၀ ရက်က မူဆယ်မြို့ ၌ ကျင်းပသည့် အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့အကြား တွေ့ဆုံ ဆွေးနွေးပွဲအပြီး ရခိုင်ပြည်နယ်တွင် နေ့စဉ် နီးပါး တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု AA က ဆိုသည်။

တပ်မတော်ဘက်ကလည်း AA နှင့်ပတ်သက်၍ ဆွေးနွေးရေး လမ်းကြောင်းမှ တဆင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်သကဲ့သို့ ရခိုင်ဒေသ လုံခြုံရေးအတွက်လည်း  ယခင်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မတော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောသည်။ AA သည် ဧပြီ ၃၀ ရက်နေ့မူဆယ်ဆွေးနွေးပွဲအပြီး ယခု မေလအတွင်း  မိုင်းဆွဲတိုက်ခိုက်မှုများ ယခင်ကထက် ပိုမိုပြုလုပ်လာသည်ဟု ၎င်းကဆိုသည်။

အစိုးရ ငြိမ်းချမ်းရေးဆွေး နွေးရေး ကိုယ်စားလှယ်အဖွဲ့နှင့် AA အပါအဝင် မြောက်ပိုင်းမဟာ မိတ်လေးဖွဲ့တို့ ယခု မေလ အလယ်တွင် တွေ့ဆုံဆွေးနွေးရန် ချိန်းဆိုထားသည်။ မူဆယ်မြို့ ဆွေးနွေးပွဲတွင်  မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့က အစိုးရထံ အဆိုပြုထားသည့် အပစ်ရပ်စဲရေးစာချုပ် မူကြမ်းကို စာပေးစာယူလမ်းကြောင်းဖြင့် ညှိနှိုင်းနေကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းနေသည့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင် က ပြော သည်။ အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့သည် ၂၀၁၉ ဧပြီ ၃၀ ရက်နေ့က မူဆယ် မြို့၌ တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ Bilateral Agreement နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရန် သဘောတူ ညီခဲ့သည်။ မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့ကလည်း တဖွဲ့ချင်းစီ၏ Bilateral အပစ်ရပ်စာချုပ်မူကြမ်းကို အစိုးရ ထံပေး အပ်ခဲ့သည်။ စာချုပ်မူကြမ်းပါ အချက်များနှင့် ပတ်သက်၍ အလျှော့အတင်းပြုလုပ်ရန် လာမည့်ဆွေးနွေးပွဲမတိုင်မီ စာဖြင့် ဆက်သွယ် ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ထားသည်ဟု (PCG) မှ ဦးလမိုင်ဂွန်ဂျာက ဆိုသည်။

နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်များနှင့် စပ်လျဉ်း၍  လတ်တလော သတိပြုရမည့် အချက်မှာ ‘ဝ’ အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့ မှ ခေါင်းဆောင်များ ပါဝင်ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) သည် NCA စာချုပ် လက်မှတ်ထိုးရေးကို ယခုအထိ သဘောတူခြင်း မရှိသေးပေ။ ‘၀ ဒေသ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနား’ ၌ ဝပြည်နယ်သွေးစည်ညီညွတ်ရေးပါတီ UWSA အနေဖြင့်  ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဟု ကတိပြုသော်လည်း NCA လက်မှတ်ထိုးရန် ယခုထက်တိုင် ငြင်းပယ်နေဆဲဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကိစ္စများ အကောင်အထည်ဖေါ်ရန် လက်ရှိအစိုးရက အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်နေသော်လည်း၊ တပ်မတော်က မျှော်မှန်း သလောက် လက်တွဲကူညီ ထောက်ခံမှု  မပေးကြောင်း တွေ့ရသည်။ လွှတ်အတွင်း ဖြစ်ပေါ်နေသော အခြေအတင်ကိစ္စများ ကိုလေ့လာလျှင် တပ်မတော်က အစိုးရပါတီနှင့် အတိုင်အဖေါက်မညီသည်ကို ထင်ထင်ရှားရှားတွေ့နေရသည်။ ထိုကဲ့သို့ အစိုးရနှင့် တပ်မတော် ပြဒါးတလမ်း သံတလမ်းဖြစ်နေခြင်းကြောင့်လည်း ငြိမ်းချမ်းရေးအလားအလာ မှေးမှိန်နေရပေသည်။

စစ်မက်ဖြစ်ပွားနေသော နိုင်ငံတခုကို ငြိမ်းချမ်းစည်ပင်စေရန် အစိုးရတရပ်အနေဖြင့် တည်ဆောက်ရာ၌ စိန်ခေါ်မှုများ၊ အဖျက်အမှောင့်များနှင့် ဘေးပရောဂများ ကြုံတွေ့ရမည်မှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်သည်။ ထိုစိန်ခေါ်မှုများ၊ ပယောဂများနှင့် အဖျက်အမှောင့်များကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အစိုးရအနေဖြင့် ပြည်သူလူထု ထောက်ခံမှု ရရှိအောင် အားထုတ်ဖို့လို သည်။ အစိုးရအနေဖြင့် ပြည်သူကို မျက်နှာမူ၍ ပွင့်လင်းမြင်သာမှုရှိရှိ၊ တာဝန်ခံမှုရှိရှိဖြင့် စီးပွားရေးနှင့် ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် လုပြဖို့လိုလိမ့်မည်။ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို  လိုလားသော တိုင်းရင်းသားပြည်သူအားလုံး၊ လွှတ်တော်နှင့် လူထုလူတန်းစားအသင်းအဖွဲ့အားလုံးက အစိုးရအား ဝိုင်းဝန်းထောက်ခံ ကူညီမှသာ စစ်မက်ကင်းစင်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ဖေါ်ဆောင်နိုင်မည် ဖြစ်ပါသည်။

(18 May 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ ဖေါ်ပြသည့် ဆောင်းပါး။)