Breaking News

မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး - အပိုင်း (၇)

မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး - အပိုင်း (၇)
(မိုးမခ) မေ ၁၉၊ ၂၀၁၉

● သမိုင်းတရားခံ ရှာပုံတော် 
NCA စာချုပ်အပေါ်အခြေခံထားတဲ့ လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ အစုံလိုက်အပေးအယူ Package Deal မှာ တစ်ဆို့ နေတယ်လို့ Technical နည်းပညာပိုင်းအရပြောရရင် မှားမယ်မထင်ပါ။ မူအရပြောမယ်ဆိုရင်တော့ အပြန်အလှန်ယုံကြည်မှု မရှိတာကြောင့်လို့ပြောရမှာ ဖြစ်ပါတယ်။ အစုံလိုက်အပေးအယူမှာ တပ်မတော်ကတောင်းဆိုတဲ့ ခွဲမထွက်ရမူနဲ့ တပ်မတော်တခုတည်းရှိရေးမူတွေဖြစ်ပြီး၊ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ (NCA-S EAO) တွေဘက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးမူတွေကို အပြန်အလှန်အဆိုပြုချက်တွေနဲ့ ဆိုင်ထားကြတာဖြစ်ပါတယ်။ ဒီနေရာမှာ နှစ်ဘက်တောင်းဆိုချက်တွေကို အချက်အလက်အရ နှစ်ဘက်လုံးက မငြင်းပယ်ကြပေမဲ့ စကားလုံးတလုံးချင်းစီရဲ့ နောက်ခံ အနက်အဓိပ္ပါယ်တွေအရ အပေးအယူ မတည့်ကြဘူးဆိုတဲ့အနေအထားကို ရောက်ရှိနေရတာဖြစ်ပါတယ်။ တပ်မတော် ဘက်ကတောင်းဆိုတဲ့ ခွဲမထွက်ရဆိုတဲ့အချက်နဲ့ပတ်သက်ပြီး ခွဲမထွက်ရအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ တိကျခိုင်မာတဲ့ အာမခံချက်မျိုးကို မရှာဖွေနိုင်ကြပါဘူး။ တပ်မတော်တခုတည်းရှိရမယ်ဆိုတဲ့အချက်ကို EAO တွေဘက်က မူအရလက်ခံပေ မယ့် ဖက်ဒရယ်ဖွဲ့စည်းပုံ၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေအရ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး (SSR) ဆိုင်ရာကိစ္စရပ် တွေကို ဆွေးနွေးညှိနှိုင်းနိုင်ခြင်းလည်း မရှိကြပါ။ အထူးသဖြင့် အဆိုရှင်တပ်မတော်ဘက်က ဒီအခြေအနေကို မဖန်တီးပေး ပါဘူး။ တပ်မတော်ရဲ့ရပ်တည်ချက်က DDR လို့ခေါ်တဲ့ လက်နက်ဖြုတ်၊ တပ်ဖျက်သိမ်း၊ အရပ်ဘက်အသွင်ပြောင်းဖို့ အဓိက တောင်းဆိုချက်ပဲ ဖြစ်ပါတယ်။ ထိုနည်းတူစွာ EAO တွေဘက်ကလည်း ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ်ဖွဲ့စည်းပုံဆိုင်ရာအခြေ ခံမူတွေကို ခိုင်မာတိကျစွာနဲ့ ပြတ်ပြတ်သားသား တသံတည်း အဆိုပြုဆွေးနွေးနိုင်တာကို မတွေ့ရှိရပါ။

ဒီအခြေအနေအောက်မှာ နှစ်ဘက်ဆိုင်ထားကြတဲ့ တစ်ဆို့နေတဲ့အချက်တွေနဲ့ပတ်သက်ပြီး နှစ်ဘက်ထိပ်သီး ခေါင်းဆောင် တွေအကြား ညှိနှိုင်းအဖြေရှာဖို့အတွက် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁၅ - ၁၆) ရက်နေ့တွေမှာ (၁၀+၁၀) ထိပ်သီးခေါင်းဆောင်များအစည်းအဝေးနဲ့ နေပြည်တော်မှာ အဖြေရှာခဲ့ကြပါတယ်။ ဒါပေမဲ့ အဖြေမထွက်တဲ့အပြင် ရောက်ရှိနေတဲ့တည်ငြိမ်မှုအနေအထားကနေ လျော့ဆင်းကျသွားခဲ့ပါတယ်။ NCA-S EAO တွေထဲမှာ အထူးသဖြင့် KNU, RCSS တို့လို အဖွဲ့ကြီးနှစ်ဖွဲ့က တရားဝင်တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းက ယာယီဆိုင်းငံ့ထားလိုက်ကြလို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ကနေ ပြန်လည်တည့်မတ် နေကြရပါတယ်။ တပြိုင်နက်တည်းမှာ NCA လက်မှတ်မရေးထိုး ထားတဲ့ EAO တွေနဲ့လည်း တိုက်တဲ့အဖွဲ့နဲ့ တိုက်ပွဲဆက်ဖြစ်နေကြပြီး အပစ်အခတ်ရပ်စဲရေးအတွက် အလွတ်သဘောနဲ့ တရားဝင်ဆွေးနွေးပွဲတွေလုပ်နေတာကို တွေ့ရပါတယ်။ မြောက်ပိုင်းမဟာမိတ်ထဲက UWSA ‘ဝ’ အဖွဲ့နဲ့ NDAA မိုင်းလား အဖွဲ့တွေကလွဲရင် ကျန်တဲ့အဖွဲ့တွေနဲ့ တိုက်ရင်းဆွေးနွေး၊ ဆွေးနွေးရင်းတိုက်ဆိုသလိုမျိုး ဖြစ်နေပါတယ်။ ဒီဟာတွေက ဘာ ကြောင့်ဖြစ်နေရတာပါလဲ…။

● NLD အစိုးရနဲ့တပ်အကြား ရပ်တည်မှုပြဿနာ
NLD အစိုးရနဲ့ တပ်ဘက်မှာ ရပ်တည်ချက်မတူညီကြပါဘူး။ တိုင်းရင်းသားတွေရဲ့ တစိုက်မတ်မတ် တောင်းဆိုချက်ဖြစ်တဲ့ အမျိုးသားတန်းတူရေးရရှိဖို့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့လိုတယ်ဆိုတဲ့အချက်ကို မူအရလက်ခံထားကြ ပေမယ့် အနှစ်သာရအနေနဲ့ လက်တွေ့အဖြေမရှာနိုင်ကြတာဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ရမယ်ဆိုတဲ့ တပ်ရဲ့နိုင်ငံရေး ရပ်တည်ချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးသို့သွားမယ်ဆိုတဲ့ NLD အစိုးရရဲ့နိုင်ငံရေးရပ်တည်ချက်တွေဟာ ဒီနေ့အချိန်ထိ ပြေလည်အောင် ညှိနှိုင်းနိုင်ခြင်းမရှိသေးပါ။ ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရနှစ်ရပ်လိုဖြစ် နေတဲ့ တပ်မတော်အုပ်ချုပ်ရေးနဲ့ NLD အုပ်ချုပ်ရေးတို့အကြား ငြိမ်းချမ်းရေးဖြစ်စဉ်ကိုကြားချပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံအစည်းအဝေးတွေရဲ့ ရလဒ်တွေနဲ့အညီ ဖွဲ့စည်းပုံကိုပြင်ကြမယ်လို့ ဘုံရပ်တည်ချက် ထားကြပါတယ်။ အခြားတဖက်မှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာပါဝင်နေတဲ့ EAO (၂၁) ဖွဲ့ထဲက အားလုံးကို တန်းတူရည်တူ ဆွေးနွေးဖော် ဆွေးနွေးဘက်တွေအဖြစ် တပ်မတော်က အသိအမှတ်မပြုတဲ့အပြင် ခွဲခြားဆက်ဆံပြီး NCA ကို လက်မှတ်ရေးထိုးမှ နိုင်ငံရေး ဆွေးနွေးခွင့်ရမယ်လို့ တရားသေဆုပ်ကိုင်ထားပါတယ်။ တဖက်ကဖွင့်ပေးပြီး တဖက်မှာပြန်ပိတ်ထားတဲ့ မီးစတဖက် ရေမှုတ် တဖက် ကစားကွက်နဲ့သွားနေတာကို တွေ့ရပါတယ်။ ဒါကြောင့် NCA ကို လက်မှတ်ရေးထိုးထားတဲ့ (NCA-S EAO) အုပ်စုနဲ့ NCA ကို လက်မှတ်မရေးထိုးထားတဲ့ (NCA-NS EAO) အုပ်စုဆိုပြီး ကွဲပြားသွားခဲ့ရပါတယ်။ ထိုကွဲပြားမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ခွင့်ရမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရှေ့တိုးမရ၊ နောက်ဆုတ်မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး NLD ရော EAO တွေပါ ဘယ်မှမရောက်ဘဲ ကိုးလိုးကန့်လန့် ဖြစ်နေကြရပါတယ်။

၂၁ ရာစုပင်ညီလာခံအစည်းအဝေးကြီးတွေကို ၂၀၁၈ ခုနှစ်မကုန်ဆုံးမီ တကြိမ်၊ ၂၀၁၉ ခုနှစ်အတွင်း နှစ်ကြိမ် စုစုပေါင်း နောက်ထပ် (၃) ကြိမ်ကျင်းပမယ့် NLD ဒေါ်စုအစိုးရမျှော်မှန်းထားတဲ့ အစီအစဉ်တွေဟာ ဒီနေ့အချိန်ထိ တကြိမ်မှ ပြန်လည် စတင်နိုင်ခြင်း မရှိသေးပါ။ ၂၀၂၀ မတိုင်မီ ဖက်ဒရယ်အခြေခံမူတွေကို စုစည်းဖို့ကြွေးကြော်ထားခဲ့တာတွေကလည်း မသေချာ မရေရာ အခြေအနေဖြစ်လာနေရပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲက လတ်တလောရရှိထားတဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း (၂) ခုကိုအခြေခံပြီး လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းလာတာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ (၄၅) ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီတရပ်ကို တပ်နဲ့ပြည်ခိုင်ဖြိုးပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ကြားက လွှတ်တော်အနေနဲ့ အတည်ပြုလိုက်ပြီး ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးအတွက် အချိန် ဇယားချမှတ်ဆောင်ရွက်နေတာဟာ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ မသေချာမရေရာမှုနောက်ကို ဆက်လိုက်နေရင် ဖွဲ့စည်းပုံပြင်ရေး ရွေးကောက်ပွဲမဲဆွယ်ကတိကို အကောင်အထည်ဖော်နိုင်မှာမဟုတ်ကြောင်း ဒေါ်စုအစိုးရက သဘောပေါက်လာပုံထောက်ပါ တယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးပူးပေါင်းကော်မတီ အစည်းအဝေး (၁၄/၂၀၁၉) ကျင်းပစဉ် - နေပြည်တော် (၁၃-၅-၂၀၁၉) 

● EAO တွေ ဘယ်လိုအဖြေရှာ
ဦးသိန်းစိန်အစိုးရလက်ထက်မှာ UNFC, NCCT/SD ခေါင်းစဉ်တွေအောက်မှာ EAO အများစုဟာ စုစည်းညီညွတ်မှုနဲ့ NCA စာချုပ်ကို ပြုစုခဲ့ကြပြီး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ တည်ဆောက်သွားကြမယ်လို့ အစိုးရတပ်မတော်တို့နဲ့ သဘောတူခဲ့ကြပြီးဖြစ်ပါတယ်။ ဒါပေမယ့် NCA လက်မှတ်ရေးထိုးခါ နီးမှာ NCCT အဖွဲ့ဝင် (၁၆) ဖွဲ့ထဲက (၆) ဖွဲ့ကို အစိုးရတပ်မတော်က လက်မခံတဲ့အတွက် လက်မှတ်ရေးထိုးတဲ့အခါ အားလုံး ပါဝင်မှုမရှိပဲ အဖွဲ့ (၈) ဖွဲ့သာ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ ဒါကြောင့် NCA လက်မှတ်ထိုးအုပ်စုနဲ့ လက်မှတ်မထိုးအုပ်စု ဆိုပြီး ကွဲပြားသွားခဲ့ရပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့အုပ်စုက PPST လို့ခေါ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ခေါင်းစဉ်နဲ့ NCA အကောင် အထည်ဖော်ရေးကို ဆက်သွားကြပါတယ်။ ဒါပေမယ့် NCA လက်မှတ်ထိုးထားတဲ့အုပ်စုထဲက RCSS ဟာ တပ်မတော်နဲ့ မြေ ပြင်မှာ ခပ်စိတ်စိတ်တိုက်ပွဲတွေနဲ့ ရင်ဆိုင်နေရပြီး၊ KNU အဖွဲ့ဟာဆိုရင်လည်း KNLA တပ်မဟာ (၅) အပါအဝင် တချို့ တပ်မဟာတွေမှာ ကြိုကြားကြိုကြားတိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားတာတွေရှိနေပါတယ်။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ အတွင်း ပြုလုပ်ခဲ့တဲ့ (၁၀+၁၀) ထိပ်သီးအစည်းအဝေးအပြီးမှာ KNU, RCSS နှစ်ဖွဲ့လုံးဟာ တရားဝင် ဆွေးနွေးပွဲတွေကို ရှေ့ဆင့်နောက်ဆင့် ဆိုင်းငံ့ထားလိုက်ကြပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ (NCA-S EAO) အုပ်စုအတွင်းမှာ ကျန်တဲ့ အဖွဲ့တွေဟာ ငုပ်တုတ်မိနေရတဲ့အနေအထားနဲ့ အလွတ်သဘောဆွေးနွေးမှုတွေကို ဖော်ဆောင်နေရပါတယ်။ လက်ရှိမှာ PPST ရဲ့ စတုတ္ထအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ခေါ်ယူကျင်းပနေရပြီး၊ PPST ရဲ့ အခန်းကဏ္ဍကို ပြန်လည်သုံး သပ်ကာ စုဖွဲ့မှုပုံစံတွေ ပြောင်းလဲပြင်ဆင်ဖို့ ကြိုးစားနေကြတဲ့ အခြေအနေကို ဆိုက်ရောက်နေပါတယ်။

NCA-S EAO Summit တတိယနေ့မြင်ကွင်း (၁၆-၅-၂၀၁၉) @ credit: NCA-S EAO 

NCA လက်မှတ်မရေးထိုးထားတဲ့အဖွဲ့တွေဟာ UNFC ရဲ့ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းစဉ်နဲ့ NCA မှာ ပြင်သင့်ပြင်ထိုက်တာကို ပြင်ပြီး နိုင်ငံရေးဆွေးနွေးပွဲသို့တက်လှမ်းဖို့ အသစ်တက်လာတဲ့ ဒေါ်စုအစိုးရနဲ့ ကြိုးပမ်းကြရပါတယ်။ ဆွေးနွေးနေရင်းနဲ့ ဒေါ်စုအစိုးရရဲ့ ရက်ပေါင်း (၁၀၀) ပျားရည်ဆန်းခရီး ကာလလောက်ပဲ အခြေအနေ ဟန်မပျက်ရှိခဲ့ပြီး၊ ၂၀၁၆ နှောင်းပိုင်းမှစတင်ကာ မြောက်ပိုင်းမှာ တပ်မတော်က စစ်ရှိန်မြှင့်လာခဲ့ရာ ပွဲကြမ်းမှုနဲ့ ရင်ဆိုင်လာရပါ တော့တယ်။ ဒီလိုနဲ့ ၂၀၁၇ အလယ်ပိုင်းကာလအရောက်မှာ UNFC ထဲက မြောက်ပိုင်းအခြေစိုက်အဖွဲ့ဝင်တွေဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့စုဖွဲ့ပြီး တပ်မတော်ရဲ့ စစ်ရေးဖိအားကို တန်ပြန်လာခဲ့ကြပါတယ်။

နောက်ပိုင်းမှာ ဘယ်တပ်ပေါင်းစုအစုအဖွဲ့မှာမှ မပါဝင်တဲ့ NCA ကိုလည်း လက်မှတ်မရေးထိုးထားတဲ့ ‘ဝ’အဖွဲ့၊ မိုင်းလားအဖွဲ့တွေ နဲ့အတူ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ဆိုပြီး စုဖွဲ့ကာ စစ်ရေးနိုင်ငံရေးအရ တန်ပြန်ဖို့ ကြိုး ပမ်းလာကြပါတယ်။ ဒါပေမယ့် FPNCC နဲ့ဆွေးနွေးဖို့ကို ဒေါ်စုအစိုးရဘက်က သဘောတူရင် လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တပ်မတော်အနေနဲ့ ပါဝင်နေမှုတွေကိုရပ်တန့်လိုက်မယ်ဆိုပြီး တပ်မတော်က ညာသံပေးထားကာ FPNCC ကို ဆွေးနွေးဘက်အနေနဲ့ ဒီနေ့အချိန်ထိ အသိအမှတ်မပြုပါဘူး။ ဒါကြောင့် FPNCC ထဲက တပ်မတော်ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အဖွဲ့(၄)ဖွဲ့ဖြစ်တဲ့ KIO, MNTJP, PSLF, ULA တို့ဟာ မြောက်ပိုင်းမဟာမိတ် [Northern Alliance – Burma (NA-B)] အဖြစ် ပုံဖော်လာရပြီး၊ MNTJP, PSLF, ULA တို့အနေနဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဆိုပြီး သီးခြားဖြစ်တည်မှုတွေနဲ့ပါ ပုံစံမျိုးစုံနဲ့ တပ်ရဲ့ဖိအားကို ရင်ဆိုင်အံတု နေရပါတယ်။

၂၀၁၈ ဒီဇင်ဘာ (၂၁) ရက်ကနေ ၂၀၁၉  ဧပြီလအထိ တပ်မတော်ရဲ့ လေးလတာ ကွက်ကျားစစ်ဆင်ရေး ရပ်ဆိုင်းထား တဲ့ကာလအတွင်းမှာ ပထဝီနိုင်ငံရေးရပ်တည်ချက်ကွဲပြားတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) အဖွဲ့ကို အပစ် အခတ်ရပ်စဲရေးသဘောတူညီချက် ချိုးဖောက်တယ်လို့အကြာင်းပြကာ တပ်မတော်က အိန္ဒိယနဲ့ပူးပေါင်းပြီး ၎င်းတို့ဌာနချုပ် ကို တိုက်ခိုက်သိမ်းယူလိုက်ပါတယ်။ ဒီ့အပြင် NSCN-K ခေါင်းဆောင် (၈) ယောက်ကိုလည်း မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီးအကျဉ်းချထားလိုက်ပါတယ်။ NSCN-K ဘယ်လဲ၊ ဘာလဲဆိုတဲ့အချက်နဲ့ နောက်ဆက်တွဲငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုအကျိုးသက်ရောက်လာမှာလဲ ဆိုတဲ့အချက်တွေဟာ နာဂအမျိုးသားရေးလှုပ်ရှားမှုရေရှိန် ဒီဂရီအတက်အကျအပေါ် မူတည်ပြီး ဆက်လက်စောင့်ကြည့်ရမယ့် စိတ်ဝင်စားစရာကောင်းတဲ့အချက်တချက်ပါပဲ။

တပြိုင်နက်တည်းမှာ အနောက်ဘက်ဒေသ စစ်မျက်နှာဖြစ်တဲ့ ရခိုင်ဘက်ကိုလည်း စစ်ဆင်ရေးအရှိန်မြှင့်ကာ ULA/AA ကို အမြစ်ပြုတ်ချေမှုန်းရေးလုပ်နေရာမှာ လေးလတာကာလအတွင်း ရခိုင်ပြည်မြောက်ပိုင်းမြို့နယ် (၅) ခုမှာ ညမထွက်ရအမိန့် ထုတ်ပြန်ထားရပြီး၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံစစ်ပြေးဒုက္ခသည်ပေါင်း လေးသောင်းနီးပါး ရှိနေပြီ လည်း ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဧပြီလကုန်ပိုင်းက မြောက်ပိုင်းမဟာမိတ် (၄) ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် NRPC အဖွဲ့တို့အကြား မူဆယ်ဆွေးနွေးပွဲအပြီးမှာ တပ်မတော်ရဲ့ ကွက်ကျားစစ်ဆင်ရေးရပ်ဆိုင်းမှုကို ဇွန်လကုန်အထိ နောက်ထပ် နှစ်လ တိုးထားပါတယ်။ ဒီကာလအတွင်းမှာ ငြိမ်းချမ်းရေးချိုးဖြူငှက်တွေ နိုင်ငံအနှံ့ ဝဲပျံနိုင်ပါ့မလား…။ အနောက်ဘက် ရခိုင် စစ်မျက်နှာကတော့ နေ့စဉ်နဲ့အမျှ အနိဌာရုံတွေ ဒီနေ့အချိန်ထိ ဆက်လက်တွေ့မြင်နေရဆဲပါ။

 
မြောက်ပိုင်းမဟာမိတ်နှင့် NRPC အကြား မူဆယ်ဆွေးနွေးပွဲ (၃၀-၄-၂၀၁၉) @NRPC 

ဦးသိန်းစိန်အစိုးရလက်ထက်က စတင်ခဲ့တဲ့ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ EAO ဇာတ်ကောင် (၂၁) ဖွဲ့ဟာ လက်ရှိမှာ PPST, UNFC, FPNCC/မြောက်ပိုင်းမဟာမိတ်/ညီနောင်မဟာမိတ် အစရှိတဲ့အမည်နာမတွေနဲ့ ကွဲပြားသွားခဲ့ရပါတယ်။ ဒီအခြေအနေအောက် မှာ ကွဲပြားမှုတွေအတွင်း စုစည်းညီညွတ်မှုကို တဖန်ပုံဖော်ကြဖို့ EAO တွေရဲ့ NCA လက်မှတ်ထိုးအုပ်စုနဲ့ လက်မှတ်မထိုးအုပ်စု အကြားမှာ Task Force အလုပ်အဖွဲ့လုပ်ပြီး ဖက်ဒရယ်မူဝါဒတွေအပေါ် ဘုံရပ်တည်ချက်တွေရအောင် ဆက်လက်ကြိုးပမ်း နေကြတာကို တွေ့ရပါတယ်။

● သမိုင်းနိဂုံး
NCA လက်မှတ်ထိုးအုပ်စု (NCA-S EAO)တွေရော လက်မှတ်မထိုးထားတဲ့ (NCA-NS EAO) တွေပါ အနှစ်သာရနဲ့ အဓိပ္ဗါယ် ပြည့် ဝတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ မကြုံကြိုက်ရပဲ တပ်မတော်ကချပေးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဘောင်အောက်က ပေးထား ချက်အရသာ သွားရမယ့်အခင်းအကျင်းနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ၁၉၉၀ မတိုင်မှီက တော်လှန်ရေးအခြေအနေဟာ “စေ့စပ်ညှိနှိုင်းခြင်းစကား အလျဉ်းမပြောရ။ ရရင်ရ၊ မရရင်ချ။” ဆိုတဲ့ အမာလိုင်း (Hardline) နဲ့ ရယ်ဒီကယ် (Radical) လှိုင်း ထနေခဲ့ရာမှ ၁၉၉၀ အလွန် အလယ်ပိုင်းကာလအရောက်မှာ စေ့စပ်ညှိနှိုင်းဆွေးနွေးရေး Dialogue လိုင်းဘက်ကို ကူးပြောင်း လာခဲ့ရတာဖြစ်ပါတယ်။ ဒီအကူးအပြောင်းမှာ သမိုင်းနိဂုံးလေးတွေရှိပါတယ်။ စေ့စပ်ညှိနှိုင်းဆွေးနွေးခြင်းဟာ အညံ့ခံ၊ အ လျော့ပေး၊ အရှုံးပေး ဝါဒီတွေရဲ့သွားရာလမ်း ဖြစ်တယ်လို့ ပြစ်တင်ဝေဖန်မှုတွေနဲ့အတူ အကွဲအပြဲဇာတ်လမ်းတွေကို သမိုင်း ပိတ်ကားပြင်တွေမှာ ကြည့်ရှုခဲ့ရပြီးပါပြီ။ ဒီနေ့ စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကနေ ရယ်ဒီကယ်လိုင်းဘက်ကို ကူးပြောင်းဖို့ တွန်းအားတွေ ဖြစ်လာနေပြီလားလို့…မြေပြင်အခြေအနေအချက်အလက်တွေက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ပြည်တွင်းစစ်ရဲ့ သမိုင်းတရားခံကို (ဖဆပလ) အကွဲအပြဲနဲ့အတူ ကွန်မြူနစ်၊ ဆိုရယ်လစ်တို့ကြောင့်ဆိုပြီး နိဂုံးချုပ်ချက်မှတ်တမ်းတွေကိုလည်း တွေ့မြင်ခဲ့ကြရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းစစ်ဟာ ဒီနေ့အချိန်ထိ မချုပ်ငြိမ်းသေးပါဘူး။ ဒါ ဘာကြောင့်လဲ…။ ဒီနေ့ ၂၁ ရာစုကာလမှာ နှစ်ပေါင်း (၇၀) ကျော် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေရခြင်းဟာ ထောက်ပြစရာအခြေခံပြဿနာကောင်းတစ်ခုက တိုင်းရင်းသားပြဿနာပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားပြဿနာရဲ့ အခြေခံအကြောင်း တရားက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ကံကြမ္မာကိုယ် ဖန်တီးဆုံးဖြတ်ပိုင်ခွင့်တို့ ဆိတ်သုဉ်းနေရခြင်းပဲ ဖြစ်ပါတယ်။ ပြည်တွင်းစစ်သမိုင်း နိဂုံးအချုပ်မှာ ကျန်နေတဲ့ဇာတ်ကောင်တွေထဲက သမိုင်းတရားခံဟာ ဘယ်ဟာတွေဖြစ်မလဲ ဆက် လက်ကြည့်ရှုရဦးမှာပါ။ ပြည်တွင်းစစ်နိဂုံးကောင်းတွေ ချုပ်နိုင်ကြပါစေ။

ဆောင်းပါးရှင် မောင်အဉ္စနမှာ နယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူတဦး ဖြစ်သည်။