Breaking News

မြတ်စံ - မနေ့ကလို



မြတ်စံ - မနေ့ကလို

(မိုးမခ) မေ ၁၈၊ ၂၀၁၉

ည ကတဖြည်းဖြည်း ညဉ့်နက်လာနေခဲ့…ညနေပိုင်းလောက်ကမှ ရွာထားခဲ့တဲ့ မိုး အရှိန်ကြောင့် အပူဒဏ် သက်သာသလိုရှိတယ်လို့ ထင်ရပေမဲ့ ပူတာကတော့ ပူတာပါပဲ။အရေးထဲအရာပေါ်ဆိုသလို ဓါတ်အားပေးရေးအတွက် ဆည်တွေမှာ ရေခန်းခြောက်တဲ့ပြသာနာကြောင့် လျှပ်စစ်မီးအလှည့်ကျဖြတ်တောက်မှုကလည်း သတ်မှတ်ထားတဲ့ နာရီနဲ့ဖြတ်တောက်ထားမှုအကြိမ် ပိုလာတဲ့အတွက် မီးပျက်တဲ့ဒုက္ခကို ခံစားနေရရင်း…

ဟိုး လွန်ခဲ့တဲ့ အနှစ် ၃၀ ကာလအတွင်း လူမပီသစွာဆက်ဆံခံရ။ နှိပ်စက်ခံရ။ တိရိစ္ဆာန်တစ်ကောင်ကို လှောင်ချိုင့်ထဲမှာထည့်ထားပြီး မသေရင်ပြီးရောဆိုကာ မသေမရှင်နေထိုင်ခဲ့ရတဲ့ ကမ္ဘာဒေါင့်ကြားနေရာလေးထဲမှာ ကိုယ့်ဖာသာကိုယ် အသက်ရှင်ဖို့အတွက် ကြိုးစားမွေးမြူနေထိုင်ခဲ့ရပုံတွေကို ပြန်လည်အမှတ်ရမိနေခဲ့…

အဲ့ဒီအချိန်မှာ နံရံ၏အခြားတဖက်မှာ နေ့တဓူဝ သွားလာလှုပ်ရှားရုန်းကန်နေရသူတွေကို မျက်လုံးထဲမြင်ယောင်နေမိ…

သူတို့မှာ ဘယ်လောက်ပင်ပန်း ပင်ပန်း…အချိန်တန်လို့ တညတာ အိပ်စက်ရတော့မယ် အချိန်မှာ မိသားစုဖြစ်စေ အပေါင်းအသင်းမိတ်ဆွေများနဲ့ဖြစ်စေ ရာသီဥတုဒဏ်များကို မျှဝေခံစားရင်း ကိုယ်ခံစားရတဲ့ဒုက္ခကို လူတိုင်းလူတိုင်း သက်တောင့်သက်သာရှိနေနိုင်ခဲ့…ကိုယ်တွေအဖို့မှာတော့… ရှစ်ပေ ဆယ်ပေ အခန်းကျဉ်းလေးထဲမှာ " လူသေခေါင်းတလား "ထဲကို ဝင်အိပ်နေရသလို မသေပဲနဲ့ အရှင်လတ်လတ် ငရဲကျနေသလိုဖြစ်ခဲ့ရ…

အိမ်အပြန်လမ်း ဆိုတာလည်း ဝေဝေဝါးဝါး မပီမြင်… ဒီလိုအချိန်ဒီလိုရာသီဥတုမျိုးမှာ တိုက်ခန်းထဲမှာ အခန်းပေါက်ဝရှေ့ သံတိုင်အပြင်ဖက်ကို ငေးကြည့်ရင်း ချွေးသံတရဲရဲနဲ့ စီးကျနေတဲ့ကြားထဲက အခန်းရှေ့မှာကာရံထားတဲ့ အုတ်တံတိုင်းနဲ့ အခန်းခေါင်းမိုးအစပ်ကလေးနားမှ မြင်ရတဲ့ကောင်းကင်ကို ကြမ်းပြင်ပေါ် ပါးအပ်ပြီး မြင်နိုင်လောက်တဲ့ နေရာကနေ ငေးကြည့်နေခဲ့ …

ညဖက်မှာ တလက်လက်တောက်ပနေတဲ့ ကြယ်များကို မြင်နိုင်သမျှမြင်အောင်ကြည့်ရင်း တခါတရံ မလင်းလက်တော့တဲ့ ကြယ်တွေကို နှမြှောတသစိတ်နဲ့ ရူးသွပ်စွာခံစားနေခဲ့… ဗဟိဒပြင်ပကမ္ဘာ ကြီးရဲ့ အသက်ရှုထုတ် ရှုသွင်းသံတွေကိုပါ ကြားနေရသလိုခံစားမိ ……အခုလည်း…အားသွင်းထားတဲ့ဖုန်းဘတ္ထရီလက်ကျန်လေးကိုအားပြုပြီး လေးဖြူ ရဲ့သီချင်းလေးတစ်ပုဒ်ကိုခံစားနေမိ…ပုံရိပ်တွေ ပုံရိပ်တွေ…အဖြစ်အပျက်တွေနဲ့ ဖြစ် တည် ပျက်လောကကြီးရဲ့ သံဝေဂတရားများကို သိရှိခံစားနေ.

" -အမှောင်ညထဲ ကြွေကာပျက် မလင်းလက်တော့တဲ့ ကြယ်များအကြောင်း…
ပင်လယ်ရာ အကုန်ကွယ်ပျောက် စမ်းချောင်း နဲ့ရေပွက်ကလေးအကြောင်း..…

လေထုထဲ ပြယ်ကာပျက် ပန်းပွင့်များရဲ့ ရနံ့များအကြောင်း…
အချိန်တွေထဲ အကုန်ပြိုလဲ ထားခဲရမဲ့ အတိတ်များအကြောင်း…

*****

 တိုးတိုးလေးကြားတယ် အသံများဟာ ကြေ ကွဲ လို့…
တိတ်တိတ် ဆိတ်ဆိတ်နဲ့ သိနားလည် ငို ကြွေးလို့…

မရေရာဘူး မသေချာဘူး မပြီးဆုံးဘူး
မသေချာဘူး မရေရာဘူး မမြဲသေးဘူး …အို…
မထင်နိုင်ဘူး မမြင်နိုင်ဘူး ဘာမှမရှိဘူး…ရပ်တန့်လိုမရဘူး…

*****

တိုးတိုးလေး ကြားတယ် အသံများဟာ ကြေ ကွဲ လို့
တိတ်တိတ် ဆိတ်ဆိတ်နဲ့ သိနားလည် ငို ကြွေးဖို့…

မရေရာဘူး မသေချာဘူး မပြီးဆုံးဘူး
မသေချာဘူး မရေရာဘူး မမြဲသေးဘူး …အို…
မထင်နိုင်ဘူး မမြင်နိုင်ဘူး ဘာမှမရှိဘူး …
ရပ်တန့်လို့မရဘူး…အို…ရပ်တန့်လို့မရဘူး…"

သီချင်းလေးပြီးဆုံးသွားချိန်မှာ မှင်သက်မိနေတဲ့ စိတ်အစဉ်နဲ့အတူ ညီအကိုတွေလို ခင်မင်ပေါင်းသင်းနေထိုင်လှုပ်ရှားခဲ့သူများကို သတိရနေမိခဲ့…

အထူးသဖြင့် မကြာခင်ကာလများက ကွယ်လွန်ဆုံးပါးသွားခဲ့ကြတဲ့ " လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း " အဖွဲ့ကြီးရဲ့ ပဲ့ကိုင်ရှင်နှစ်ဦးဖြစ်တဲ့ ဦးရဲ@ကိုရဲလွင် နဲ့ ပန်းရဲ့လမ်း မာလိန်မှုးလည်းဖြစ်တဲ့ စိန့်ပေါလ်ကျောင်း ကျောင်းနေဖက် သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ကိုသားထွေး Pyoe Thar Htwe တို့ကို အမှတ်ရနေသလို လွမ်းဆွတ်တမ်းတနေမိ…

၂၀၁၀ ခုနှစ် အပြင်လောကသို့ ပြန်ရောက်ပြီးသိပ်မကြာမှီမှာ မြန်မာပြည်မြောက်ပိုင်း ကချင်ဒေသ တကျော့ပြန်စစ်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ အပြစ်မဲ့ပြည်သူ ( IDP)များအတွက် ဂီတဖြင့်အလှုခံကာ ရရှိလာတဲ့ ငွေကြေးပမာဏကို " ပြည်သူမှပြည်သူ့ထံသို့ "ဆိုတဲ့ဦးတည်ချက်ကို လက်ကိုင်ထားပြီး နောက်ဆုံးကွယ်လွန်သွားချိန်အထိ ဂီတဖြင့်ပြည်သူကိုအလုပ်အကျွေးပြုခဲ့…

ကျနော့်အတွေ့အကြုံ အဖြစ်အပျက်တွေကိုလည်း နားထောင်ခံစားပေးရင်း ခွန်းအားဖြည့်မိငယ် စတဲ့ သီချင်းများနဲ့ ခက်ထန်ကြမ်းတမ်းနေတဲ့ဘဝကို ကိုင်လှုပ်ထားပေးနိုင်ခဲ့…ဒီလိုမျိုး စိတ်အလှပိုင်ရှင် နှစ်ဦးစလုံဟာ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ဆုံးပါးသွားခဲ့ကြတယ်…

ဦးရဲ @ Ko Ye နောက်ဆုံးခရီးကို မိုးတွေသည်းထန်စွာ ရွာနေတဲ့ကြားကပဲ သွားရောက်ပို့ဆောင်ပေးခဲ…သူငယ်ချင်းသားထွေး ရဲ့နောက်ဆုံးခရီးကိုတော့ ကိုယ်တိုင်နေမကောင်း ကျန်းမာရေမကောင်လို့ လိုက်ပါပို့ဆောင်မပေးနိုင်ခဲ့… ဘာပဲပြောပြော အခုကာလမှာ သူတို့မရှိတော့ပေမဲ့…သူတို့ရဲ့ ပုံရိပ်လွှာတွေနဲ့ အတိတ်သမိုင်းလေးဟာ ထင်ကျန်နေခဲ့…ဒါပေမဲ့ ဒါဟာလည်း မမြဲသေးတဲ့တရားတွေပါလားလို့ သံဝေဂဖြစ်မိရင်း…ရပ်တန့်လိုမရတဲ့ သေခြင်းတရားကို ဆင်ခြင်နေမိ…

အစဉ်အမြဲ မေတ္တာများဖြင့်
မြတ်စံ
17/5/2019( 4 am)
Credit Photo- Kaung Zaw Hein BoBo HtoonPeter Aung