Breaking News

အမ္ဗနဒီကျော်စွာ - “မြို့တော်စည်ပင်ရဲ့ အလုပ်တွေ တာဝန်တွေက ဘာတွေလဲ”

Photo - Hot News, Myanmar

အမ္ဗနဒီကျော်စွာ - “မြို့တော်စည်ပင်ရဲ့ အလုပ်တွေ တာဝန်တွေက ဘာတွေလဲ” 

(မိုးမခ) မေ ၁၈၊ ၂၀၁၉

ကျနိုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မီတင်းနေထိုင်ပြီး မွေးဖွားရှင်သန် ကြီးပြင်းနေထိုင်ကြရသူ မှန်သမျှတို့သည် မြေရေလေမီး သဘာ၀ဝန်းကျင် အုပ်ချုပ်ရေး အာဏာပိုင် အစိုးရအဖွဲ့အစည်းများ ဥပ​ေးပြုရေးအာဏာပိုင်များ၊ တရားစီရင်ရေး အာဏာပိုင်များနှင့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ ဖြစ်စေ မပတ်သက်ဘဲ မသက်ဆိုင်ဘဲ နေထိုင်ပြုလုပ်ရန် ရှောင်ရှားနေထိုင်ကာ အသက်မွေးခြင်းတို့ကို လုပ်နိုင်စကောင်း မရှိချေ။

ထိုကဲ့သို့ပင် ကျွန်ပ်တို့၏ မိနစ် စက္ကန့်မလပ်သော နေ့စဉ်လူနေမှုဘဝများတွင်လည်း မရှိမဖြစ် မပါမဖြစ် ထဲထဲဝင်ဝင် ထိတွေ့သက်ဆိုင်နေသော အခြားဌာနများလည်း ရှိနေပါသေးသည်။ ယင်းကဲ့သို့သော အဖွဲ့အစည်းများထဲတွင် မြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့သည်လည်း ကျွန်ပ်တို့နှင့် အလွန်နီးကပ်လှစွာသော အနေအထားတွင် ပါဝင်ပတ်သက်ကာ ရှိနေလေသည်။ ထို့ကဲ့သို့ ကျွန်ပ်တို့၏ နေ့စဉ်ဘဝများတွင် မဖြစ်မနေ မရှိမနေ ပါဝင်ပတ်သက်နေမှု များကို မြို့တော်စည်ပင်သာယာရေးကော်မတီများ၏ လုပ်ငန်းဆောင်တာများကို လေ့လာကြည့်ခြင်းအားဖြင့် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားပေါ်လွင်စွာ သိသာမြင်သာ၍နေလေသည်။

မြို့တော်စည်ပင်၏ လုပ်ငန်းတာဝန်များမှာ မြို့ပြစီမံကိန်းများ ရေးဆွဲဆောင်ရွက်ခြင်း၊ ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မိလ္လာလုပ်ငန်းများဆောင်ရွက်ခြင်း၊ လမ်းမီးများပေးဝေရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများ ပုဂ္ဂလိကပိုင်ဈေးများ တည်ထောင်ခွင့်ပြုခြင်း တည်ဆောက်ခြင်း ပြင်ဆင်ထိန်းသိမ်းခြင်း ကြီးကြပ်ခြင်း၊ ကျွဲ နွား ပွဲဈေးများ တည်ထောင်ခြင်း ကြီးကြပ်ခြင်း၊ လမ်းဘေး ဈေးသည်များ၊ မုန့်ဖိုများ၊ စားသောက်ဆိုင်များ၊ အန္တရယ်ရှိစေနိုင်သောလုပ်ငန်းများ၊ သားသတ်ရုံများ၊ စားသုံးရန် ခြေလေးချောင်းတိရစ္ဆာန်များ သတ်ဖြတ်ခွင့်ပြုခြင်း၊ အသားရောင်းချခြင်း လုပ်ငန်းများ၊ ကူးတို့လုပ်ငန်းများ၊ အပေါင်ဆိုင်လုပ်ငန်းများ၊ အနှေးယာဉ်လုပ်ငန်းများ စသည်တို့ကို တည်ထောင်ခွင့်ပြုခြင်း ကြီးကြပ်ခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်ခွင့်ရှိသည်။

ထို့အပြင် မီးဘေး၊ ရေဘေး၊ လေဘေး၊ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ အထောက်အကူပြုလုပ်ငန်းများကိုလည်း ဆောင်ရွက်ရသည်။

လမ်းများဖောက်လုပ်ခြင်း၊ တံတားများ ဆောက်လုပ်ခြင်း၊ လမ်းစည်းကမ်းနှင့် လမ်းအသုံးချမှုစည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ပေးခြင်း၊ အဆောက်အအုံအမှတ်များကို သတ်မှတ်ပေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အဆောက်အအုံများ မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ပုဂ္ဂလိကပိုင် အဆောက်အအုံများကို ဆောက်လုပ်ခွင့်ပြုခြင်း ကြီးကြပ်ပေးခြင်း၊ ဝန်ကြီးဌာန၏ ခွင့်ပြုချက်များဖြင့် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်ပြင်ပရှိ ပုဂ္ဂလိကပိုင် အဆောက်အအုံများကို ဆောက်လုပ်ခွင့်ပြုခြင်း ကြီးကြပ်ပေးခြင်း၊ ကျူးကျော်အဆောက်အအုံများကို ဖျက်သိမ်းခြင်း၊ တည်းခိုခန်းများ ဖွင့်လှစ်ခွင့်ပြုပေးခြင်း၊ 

မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ တိရိစ္ဆာန်များ မွေးမြူခြင်း ထားရှိခြင်း တိရိစ္ဆာန် အသေများကို သုတ်သင်ရှင်းလင်းပေးခြင်း၊ လေလွင့်သွားလာနေသော စိတ်ပေါ့သွပ်သူများ ရူးသွပ်နေသူများ ပိုင်ရှင်မဲ့ တိရိစ္ဆာန်များ အနာကြီးရောဂါ စွဲကပ်ခံစားနေကြရသူများ တောင်းရမ်းစားသောက်နေကြသူများကို ဖမ်းဆီးခြင်း ကူညီခြင်း သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းအပ်နှံပေးခြင်း၊ 

ပန်းဥယျာဉ်များ၊ ပန်းခြံများ၊ ကစားကွင်းများ၊ ရေကူးကန်များ၊ ရေချိုးဆိပ်များ၊ အပန်းဖြေရာနေရာများ၊ သုသာန်များ၊ သဂြိင်္ုလ်စက်များကို တည်ထောင်ပေးခြင်း၊ ပြင်ဆင်ထိန်းသိမ်းပေးခြင်း၊ သတ်မှတ်ပေးခြင်း၊ ကြီးကြပ်ပေးခြင်း၊ ဖျက်သိမ်းပေးခြင်း၊ အခြားနည်းလမ်းများဖြင့် အသုံးပြုစေခြင်း၊ 

အများပြည်သူတို့အတွက် အကျိုးပြုစေသော လုပ်ငန်းဆောင်တာများစွာတို့ကို လိုအပ်သလို ဆောင်ရွက်ပေးခြင်း၊ ဝန်ကြီးဌာနမှ အခါအားလျော်စွာ သတ်မှတ်ပေးအပ်သည့် လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်ပေးခြင်းများကို လုပ်ကိုင်ရသည်။

တည်ဆဲဥပဒေများ နည်းဥပဒေများနှင့်အညီ စည်ပင်သာယာရေးလုပ်ငန်းများနှင့်သက်ဆိုင်သော အခွန်အမျိုးအစား နှင့် အခွန်နှုန်းထားများကို သတ်မှတ်ပေးခြင်း၊ ပြင်ဆင်ပေးခြင်း၊ စည်းကြပ်ခြင်း နှင့် အခွန်ကောက်ခံခြင်းတို့ကိုလည်း လုပ်ကိုင်ရသည်။ 

အဆောက်အအုံများနှင့် မြေခွန်များ၊ ရေခွန်၊ လမ်းမီးခွန်၊ အမှိုက်ခွန်၊ အညစ်အကြေးခွန်၊ အများသုံး အိမ်သာခွန်၊ ယာဉ်များ၊ လူစီးခြင်းနှင့် ဝန်တင်တိရိစ္ဆာန်များ အိမ်မွေးတိရိစ္ဆာန်များအပေါ် ကောက်ခံသည့် အခွန်များ နှင့် အခြားသော အခွန်အခများကို ကောက်ခံခွင့်ရှိသည်။

မြို့တော်စည်ပင်သာယာရေးကော်မတီသည် မြေယာများ အဆောက်အအုံများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဥပဒေများ စည်းကမ်းချက်များနှင့်အညီ အဆောက်အအုံပိုင်ရှင်များ မြေပိုင်ရှင်များ လက်ရှိနေထိုင်သူများကို ခွင့်ပြုချက်မရှိဘဲဖြစ်စေ ခွင့်ပြုချက်ပါ သတ်မှတ်ချက်များ စည်းကမ်းချက်များ နှင့် ညီညွတ်မှု မရှိဘဲဖြစ်စေ သိရှိပါက အဆောက်အအုံများဆောက်လုပ်နေသည်ကို ရပ်ဆိုင်းထားစေခြင်း၊ ပြန်လည် ပြုပြင်စေခြင်း၊ ဖြိုဖျက်စေခြင်းတို့ကိုလည်း ညွှန်ကြားချက်ထုတ်နိုင်သည်။ 

အများြပည်သူနှင့်သက်ဆိုင်သော လမ်းများ၊ ရေမြောင်းများ၊ ရေပိုင်လိုင်းများ၊ မိလ္လာပိုက်/ကန်များ၊ တံတားများ၊ ပလက်ဖောင်းများတွင် ကျူးကျော်နေထိုင်သော လူများ၊ အဆောက်အအုံများ၊ အစိတ်အပိုင်းများကို ဖယ်ရှားစေနိုင်ခွင့်ရှိသည်။ အန္တရာယ်ရှိအဆောက်အအုံများ၊ လူ နေထိုင်ရန်မသင့်လျော်သည့် အဆောက်အအုံများ၊ အများပြည်သူနှင့် သက်ဆိုင်သော လမ်းဖောက်ခြင်း တံတားဆောက်ခြင်း ပြုပြင်ခြင်းလုပ်ငန်းများတွင်လည်း အလွတ်ကင်းသော အဆောက်အအုံများ၏ အစိတ်အပိုင်းများ ကို ပြုပြင်စေခြင်း၊ ဖြိုဖျက်စေခြင်း၊ နေထိုင်သူများကို ဖယ်ရှားစေခြင်း စသည့် လုပ်ငန်းတာဝန်များကိုလည်း ဆောင်ရွက်နိုင်သည်။

အဆောက်အအုံများ၊ ဝန်းခြံများ၊ အုတ်တံတိုင်းများကို ဆေးသုတ်ရန် ထုံးသုတ်ရန် ညွှန်ကြားချက်များ သန့်ရှင်း သပ်ရပ်မှု မရှိသည့် သစ်ပင်များ၊ ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ချိုင့်ဝှမ်းများကို မြေဖို့ခြင်း၊ ရေတွင်း၊ ရေကန်၊ ရေလှောင်ကန်၊ ရေစည်၊ ရေအိုင်၊ စသည်တို့ကို ဆေးကြောသုတ်သင်ခြင်း၊ ပြုပြင်ခြင်း၊ ရေဖြည့်ခြင်း၊ ဖုံးအုပ်ခြင်း၊ စက်ရုံ အလုပ်ရုံများမှထွက်ရှိလာသည့် ရေဆိုးရေညစ်များကြောင့် အများပြည်သူတို့နှင့် သက်ဆိုင်သော အရာများကို မပျက်စီးစေရန် ရေတံလျောက်များ၊ ရေဆင်းပိုက်များ၊ ရေမြောင်းများ၊ စသည်တို့ကို ပြုပြင်စေခြင်း၊ ရေစီး ရေလာ ကောင်းမွန်စေရန် မြေနေရာ အနေအထားများကို ပြုပြင်စေခြင်း၊ ရေဆွဲအိမ်သာ၊ ရေလောင်းအိမ်သာ၊ မိလ္လာပိုက်/ကန်များကို ပိတ်ထားစေခြင်း၊ ဖျက်သိမ်းစေခြင်း၊ ပြောင်းလဲပြင်ဆင်စေခြင်း၊ အိမ်ထွက် အမှိုက်များ၊ အနံ့အသက်မကောင်းသောအရာများ၊ အမှိုက်အမာများ၊ အမှိုက်အပျော့များ၊ ပြန်လည်အသုံးပြု၍ရသော အမှိုက်များ၊ မိးဖိုချောင်ထွက် အမှိုက်များ၊ သဘာဝ သစ်ပင် သစ်ရွက်များမှထွက်သော အမှိုက်များကို အမျိုးအစားအလိုက် ခွဲခြား သိမ်းဆည်းနိုင်စေရန် သင့်လျော်သော အမှိုက်ပုံများကို လိုအပ်သည့်နေရာတိုင်းတွင် စီမံထားရှိပေးရခြင်း စသည်ဖြင့် လုပ်ငန်းတာဝန်များစွာတို့ကိုလည်း လုပ်ကိုင်ရသည်။

မြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းမှာ ကော်မတီရဲ့ခွင့်ပြုချက်မရှိဘဲ ခွင့်ပြုချက်ပါ သတ်မှတ်ချက်များ စည်းကမ်းချက်များနဲ့ ညီညွတ်မှုမရှိရင် အရေးယူနိုင်တဲ့ အရာတွေဟာဆိုရင် ခရေစေ့တွင်းကျ စေ့စပ်သေချာစွာ တားမြစ်ချက်တွေရှိနေတာဖြစ်ပြီး အမှုမဲ့ အမှတ်မဲ့ နေထိုင်ပြုမူလျက် ကျုးလွန်နေမိလျက်သား ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ 

အမှန်တကယ်သာ တရားဥပဒေစိုးမိုးခဲ့မယ်ဆိုရင်ေတာ့ အယောက်တစ်ရာမှာ အယောက်ကိုးဆယ်ခန့် လောက်ဟာ မြို့တော်စည်ပင်သာယာရေး ဥပဒေတွေ ပြစ်မှုပြစ်ဒဏ်တွေ ပုဒ်မတွေနဲ့ တသီတတန်းကြီး ငြိစွန်းနေမှာဖြစ်ပြီး လူတိုင်းလိုလို မြို့တော်စည်ပင်သာယာကော်မတီနဲ့ တရားရင်ဆိုင်နေကြရမှာဖြစ်ပါတယ်။

 မြို့တော် စည်ပင်သာယာက တားမြစ်တားတဲ့ တားမြစ်ချက် ဥပဒေများထဲမှာဆိုရင် အများပြည်သူနဲ့သက်ဆိုင်တဲ့ လမ်းတွေ၊ ရေမြောင်းတွေ၊ ရေပိုက်တွေ၊ မိလ္လာပိုက်တွေအပေါ်မှာ ပိတ်ဆို့တာ၊ အထည်အလိပ်တွေ ဖျာတွေ စောင်တွေ အဝတ်အထည်တွေ စသည်ဖြင့် မည်သည့်ပစ္စည်းတစ်ခုခုကိုမဆို တင်ထားတာ၊ဖြန့်ခင်းထားတာ ချိတ်ဆွဲထားတာ၊ ကစားခုန်စားလုပ်တာ၊ စားပွဲခုံချထားတာ၊ ခုံတန်းလျားလုပ်တာ၊ သေတ္တာချထားတာ၊ ဗျပ်တွေ၊ ဗန်းတွေ၊ ကုန်ပစ္စည်းတွေ၊ အခြားအရာဝတ္ထုတစ်ခုခုကိုဖြစ်စေချထားတာ၊ ဈေးဆိုင်ဖွင့်လှစ်ရောင်းချတာတွေကို လုံးဝ လုပ်ပိုင်ခွင့် မရှိပါဘူး။ 

ကိုယ်ပိုင်လမ်းတွေ၊ ကိုယ်ထူကိုယ်ထလမ်းတွေဖောက်လုပ်တာ၊ လမ်းမရှိတဲ့ မြေနေရာပေါ်မှာ အဆောက်အအုံ ဆောက်လုပ်တာ၊ စည်ပင်သာယာရေးအတွင်းမှာ ကော်မတီရဲ့ခွင့်ပြုချက်မရှိဘဲ အဆောက်အအုံ ဆောက်လုပ်တာ၊ ပြင်ဆင်တာ၊ တိုးချဲ့တာ၊ ရေပေးဝေရေးလုပ်ငန်းကရေကို ရယူသုံးစွဲတာ၊ ကိုယ်ပိုင် ရေပေးဝေရေး လုပ်ငန်းတွေ တည်ထောင်ဖွင့်လှစ်တာ၊ အများပြည်သူ အသုံးပြုရန် စခန်းချရန် နေရများ ရေချိုးဆိပ်များ တည်ထောင်ဖွင့်လှစ်တာ၊ သူသေအလောင်းများကို သတ်မှတ်ရက်ထက်ကျော်လွန်ပြီး မြေမမြှုပ်ဘဲ မီးမသဂြိင်္ုလ်ဘဲ ထားတာ၊ ကူးစက်ရောဂါတစ်မျိုးမျိုးကြောင့် သေဆုံးရသူကို ၁၂နာရီထက်ကျော်လွန်ပြီး ထားရှိတာ၊ သုသာန်မြေမှာ မဟုတ်ဘဲ အခြားတနေရာရာမှာ မြေမြှုပ်တာ မီးသဂြိင်္ုလ်တာတွေလုပ်တာ၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ အအေးဆိုင်၊ နွားနို့ဆိုင်၊ ပေါင်မုန့်ဆိုင်၊ ချိုချဉ်လုပ်ငန်း၊ ယိုမျိုးစုံလုပ်ငန်း စသည်ဖြင့် မည်သည့် လုပ်ငန်း တစ်ခုခုကိုမဆို ဖွင့်လှစ်ခြင်း တည်ထောင်ခြင်း ရောင်းချခြင်းတို့ကို ပြုလုပ်ခွင့် မရှိပါဘူး။

နောက်ဆုံး ကုန်ကုန်ပြောရရင် မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုချုက်မရှိဘဲ ခွင့်ပြုချက်ပါ စည်းကမ်းချက်များ သတ်မှတ်ချက်များနဲ့ မညီဘဲ တိရိစ္ဆာန်များ မွေးမြူခြင်း၊ ထားရှိခြင်း မပြုရ၊ တိရိစ္ဆာန်အသေကောင် များကို သတ်မှတ်ချက်များနဲ့အညီမဟုတ်ဘဲ အခြားနည်းလမ်းများဖြင့် သုတ်သင်ရှင်းလင်းခြင်းတာ၊ လမ်းဘေးတိရိစ္ဆာတွေကို အစာကြွေးတာ၊ အမှိုက်ပစ်တာ၊ အမှိုက်သိမ်းတာ၊ အမှိုက်ကောက်တာ၊ အမှိုက်တွေကို စုပုံထားရှိတာ၊ လမ်းဘေးတွေမှာ မီးစက်တွေထားတာ၊ ဆိုင်းပုဒ်တွေထုတ်ထားတာ၊ ဆန်းရှိုတ်တွေ ထုတ်ထားတာ၊ အဖီတွေထုတ်ပြီး ဆောက်လုပ်ထားတာ၊ ကွမ်းတံတွေးထွေးတာ၊ အဲကွန်းအောက်ဒိုးတွေကို လမ်းမတွေ ပလက်ဖောင်းတွေဘက်ကို လှည့်ထုတ်ပြီး တပ်ဆင်ထားတာ၊ အိမ်မွေးတိရိစ္ဆာတွေရဲ့ မစင်တွေ အညစ်အကြေးတွေကို ပစ်ချတာ စသည်ဖြင့် များစွာသော စည်းကမ်းချက်တွေ တားမြစ်ချက်တွေ ရှိပါတယ်။

ဒါကြောင့် မြို့တော်စည်ပင်သာယာရေးကော်မတီဟာ စည်းကမ်းပြည့်ဝတဲ့ ပြည်သူလူထုများအတွက်ဆိုရင်တော့ အလွန်အင်မတန်ကို ဝန်ဆောင်မှုကောင်းတွေပေးလာအောင် ကြိုးစားအားထုတ်ဖို့ အခွင့်အရေးတွေ ရှိနေတဲ့ ဌာနတစ်ခု ဖြစ်ပြီးတော့ စည်းကမ်းကိုလိုက်နာဖို့အားနည်းတဲ့ ပြည်သူလူထုအတွက်ဆိုရင်တော့ နေ့ချင်းညချင်း အချိန်မရွေး ဥပဒေကိုဖောက်ဖျက်ကျူးလွန်သူတစ်ဦး အပြစ်သားတစ်ဦးအနေအထားကို တမဟုတ်ချင်း ရောက်သွား နိုင်လောက်အောင် ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ စက္ကန့်မလပ် တရစပ် ပတ်သက်ဆက်စပ်နေတဲ့ ဌာနတစ်ခု ဖြစ်ပါတယ် ဆိုတဲ့အကြောင်းကို အသိပေး တင်ပြပေးလိုက်ရပါတယ်ခင်ဗျား။