Breaking News

အမ္ဗနဒီကျော်စွာ ● ခွေးချစ်သူရယ်၊ စည်ပင်ရယ်၊ ကျွန်တော်ရယ်

အမ္ဗနဒီကျော်စွာ ● ခွေးချစ်သူရယ်၊ စည်ပင်ရယ်၊ ကျွန်တော်ရယ်
(မိုးမခ) မေ ၂၆၊ ၂၀၁၉

အခုတလောမှာ မြေပြင်ရော ဝေဟင်ရော အွန်လိုင်းပေါ်ရော အစိုးရဌာနဆိုင်ရာများရော ပြည်သူလူထုရော လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် စိတ်ဝင်တစားအရှိဆုံးပြဿနာများကို ပြပါဆိုလျှင် လမ်းဘေး ခွေးလေ ခွေးလွင့်များ၊ ခွေးရူးများ နှင့် ခွေးချစ်သူများ စည်ပင်သာယာ ဌနများ ကော်မတီဝင်များ အပြင် ရွေးကောက်ပွဲ မဝင်မှီကပင် ကတိပေးခဲ့မိသော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယမြို့တော်ဝန်ကြီး၏ ကတိကဝတ်ပြဿနာများ ဖြစ်ကြောင်းကို ရှာဖွေတွေ့ရှိရသည်။

ပထမဆုံးပြဿနာဖြစ်သော လမ်းဘေးခွေးများ ခွေးလေခွေးလွင့်များ ခွေးရူးများကို ပြည်သူလူထု ဘေးအန္တရယ်ကင်းဝေး စေရေး၊ မြို့တော်များ အေးချမ်းသာယာလှပစေရေးတို့အတွက် တာဝန်အရ ဖမ်းဆီး ထိမ်းသိမ်းပေးနေကြရတဲ့ စည်ပင်သာယာ ဝန်ထမ်းများကြား နဲ့ ခွေးချစ်သူများကြားမှာ ပွတ်တိုက်မှုများစွာ ဖြစ်နေကြရတာကို အားလုံးအသိပဲဖြစ်ပါတယ်။ အရင်ဦးစွာ ဝန်ခံလိုတာကတော့ ကျွန်တော်လည်း တိရိစ္ဆာန်တွေ ချစ်တတ်သူ သစ်ပင်ပန်းမန်တွေကို ချစ်တတ်သူ ဆိုတာပါပဲ။ သို့သော် မည်းမည်းမြင်ရာကို စိတ်ကစားတတ်သည့် ၁၆နှစ်သမီးကလေးလို ဇွတ်ချစ်တတ်၍ မရစကောင်းပေ။ အတွေးအခေါ် အမြှော်အမြင် ဆင်ခြင်တုံတရားများစွာဖြင့် စည်းကမ်းနည်းလမ်းတကျ ချစ်တတ်ကြမှသာ လူ့လောကအသိုင်းအဝိုင်းများနဲ့ လူမှုအသိုက်အဝန်းကြားမှာ သဟဇာတ ဖြစ်ကာ အဆင်ပြေချောမွေ့ပါလိမ့်မည်။ “မကိုချစ်လျှင် ဥကိုခင်ရမည်” ဆိုသလိုပင် လမ်းဘေးမှ ပိုင်ရှင်မဲ့ခွေးကလေးများကို ချစ်လျှင်တော့ သူတို့ရဲ့ နေ့စဉ်ဘဝ နေရေး ထိုင်ရေး စားရေး သောက်ရေး ပြည်သူ လူထုအများကို အန္တရာယ်မပြုရေး ယဉ်ကျေးလိမ္မာရေး သန့်ရှင်းသပ်ရပ်စွာဖြင့် လူအများနှင့် မျိုးတူ ခွေးကလေးများစွာတို့၏ ကျန်းမာရေးကို အာမခံနိုင်လောက်သည့် အခြေအနေရှိရေးတို့ဖြစ်သည်။ အစားအစာများကို လမ်းဘေးတွင် ပုံကျွေးတာ လောက်နှင့်တော့ ခွေးချစ်သူဟု အသိအမှတ်ပြုပေးရန် ခက်လှပေသည်။ လမ်းဘေးခွေးဆိုသည့်အတိုင်း ပိုင်ရှင်မဲ့ ဘဝဖြင့် လမ်းဘေးတွင် လေလွင့်နေကြရသော တိရိစ္ဆာန်ကလေးများစွာတို့၏ ဘဝကိုလည်း စာနာ နားလည်တတ်ကြရ မည် ဖြစ် သည်။ မိမိတို့ အိမ်အသီးသီးတွင် ခေါ်ယူ၍ဖြစ်စေ စုဆောင်းထိမ်းသိမ်းနေသော စေတနာရှင်ကြီးများတို့၏ ဂေဟာများသို့ဖြစ်စေ ပို့ဆောင်ပေးခြင်း ထိမ်းသိမ်းပေးခြင်း ရေချိုးသန့်စင်ပေးခြင်း ယဉ်ကျေးလိမ္မာအောင် သင်ကြားပြသပေးခြင်း ကျန်းမာရေး စောင့်လျှောက်ပေးခြင်း မတန်တဆ အဆမတန် မျိုးပွားခြင်းကို ထိန်းချုပ်ပေးခြင်း အစားအစာများကို လောက်ငှစွာကျွေး မွေးခြင်းနှင့် ဂေဟာများကို ပစ္စည်းထောက်ပံ့ပေးခြင်း ငွေရေး ကြေးရေး အကူအညီတို့ကို နှောင်ကြိုးမဲ့ လှူဒါန်းပေးကမ်းခြင်းတို့ ကိုလည်း ပြုသင့်သော တာဝန်ဝတ္တရားများစွာ ရှိနေပေသေးသည်။ ၂၀၁၈ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ အခန်း (၂၂) စာမျက်နှာ (၄၈) ပုဒ်မ (၂၁၂) တွင် ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကူးစက်ရောဂါစွဲကပ်သည့် တိရိစ္ဆာန်ကို သင့်လျော်သည့်နည်းလမ်းဖြင့် ဖယ်ရှားရှင်းလင်း ဆောက်ရွက်နိုင်သည်။ စာမျက်နှာ (၄၉) ပုဒ်မ (၂၁၆) တွင် ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း ကျွဲ၊ နွား တိရိစ္ဆာန်များနှင့် အိမ်မွေးတိရိစ္ဆာန်များ မွေးမြူခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း၊ ကျွဲ၊နွား၊ ပွဲဈေးနှင့် တိရိစ္ဆာန်အရှင်ရောင်းဝယ်ရေး ဈေးဖွင့်လှစ်ခြင်း၊ ဖွင့်လှစ်ခွင့်ပြုခြင်း၊ စီမံခန့်ခွဲခြင်း၊ ကြီး ကြပ်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်နိုင်သည်။ စာမျက်နှာ (၄၉) ပုဒ်မ (၂၁၈) တွင် ကော်မတီသည် မြို့တော် နယ်နိမိတ်အတွင်း အန္တရယ်ဖြစ်စေနိုင်သည့်တိရိစ္ဆာန်များကို သင့်လျော်သည့်နည်းလမ်းဖြင့် ဖယ်ရှားရှင်းလင်းနိုင်သည်။ စာမျက်နှာ (၄၉) ပုဒ်မ (၂၂၀) တွင် ကော်မတီသည် မြို့တော်နယ်နိမိတ်အတွင်း တိရိစ္ဆာဆေးကုနှင့် ဝန်ဆောင်မှု လုပ်ငန်း များကို ဆောင်ရွက်ခြင်း၊ ဆောင်ရွက်ခွင့်ပြုခြင်း၊ ကြပ်မတ်စစ်ဆေးခြင်းနှင့် အရေးယူခြင်းများ ဆောင်ရွက်နိုင်သည်။ စာမျက် နှာ (၅၀) ပုဒ်မ (၂၂၆-က) တွင် မြို့တော်နယ်နိမိတ်အတွင်း ဤဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ဆန့်ကျင်၍ ပိုင်နက်တစ်ခုခု တွင် ကျွဲ၊ နွား၊ တိရိစ္ဆာန်နှင့် အန္တရယ်ဖြစ်စေနိုင်သည့် တိရိစ္ဆာန်ကို ထိန်းသိမ်းထားကြောင်း ယုံကြည်ရန် အကြောင်းရှိလျှင်  ကော်မတီက တာဝန်ပေးအပ်ခြင်းခံရသော ဝန်ထမ်းသည် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေး မှူးဖြစ်စေ၊ ကျေးရွာတာဝန်ခံ သို့မဟုတ် ရာအိမ်မှူးဖြစ်စေ၊ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦး အပါအဝင် အနည်းဆုံး သက်သေ နှစ်ဦးနှင့်အတူ နေ့ညမရွေး မည်သည့်နေရာတွင်မဆို ဝင်ရောက် စစ်ဆေးခွင့်နှင့် ဖမ်းဆီးယူဆောင်၍ သက်မှတ်နေရာတွင် ထိန်းသိမ်းထားခွင့်ရှိသည်။ စာမျက်နှာ (၅၀) ပုဒ်မ (၂၂၆-ခ) တွင် ကော်မတီက တာဝန်ပေးအပ်ခြင်းခံရသော ဝန်ထမ်းသည် မြို့တော်နယ်နိမိတ်အတွင်း မည်သည့်လေလွင့်တိရိစ္ဆာန်နှင့် အန္တရာယ်ဖြစ်စေနိုင်သည့်တိရိစ္ဆာန်ကိုမဆို အချိန်မရွေး ဖမ်းဆီး အရေးယူခြင်း၊ တိရိစ္ဆာန် ထိန်းသိမ်းရေးရုံသို့ပို့ဆောင်အပ်နှံခြင်းနှင့် စီမံခန့်ခွဲခြင်းများ ဆောင်ရွက်နိုင်သည်။ စာမျက်နှာ (၅၀) ပုဒ်မ (၂၂၆-ဂ) တွင် ကော်မတီသည် ဖမ်းဆီးထိန်းသိမ်းထားသည့် တိရိစ္ဆာန်အတွက် ထိန်းသိမ်းထားရှိမည့်ကာလကို သတ်မှတ်ခြင်း၊ ပြင်ဆင်သတ်မှတ်ခြင်းနှင့် ထိန်းသိမ်းထားရှိချိန်ကာလအတွင်း လိုအပ်သော ကျွေးမွေးစောင့်ရှောက်မှုများ ပြုနိုင်သည်။ စာမျက်နှာ (၅၀) ပုဒ်မ (၂၂၆-ဃ) တွင် ဖမ်းဆီးအရေးယူချိန်နှင့် သတ်မှတ်နေရာတွင် ထိမ်းသိမ်းထားရှိချိန်၍ တာဝန် ထမ်းဆောင်သည့် ဝန်ထမ်း၏ သဘောရိုးဖြင့်ဆောင်ရွက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် တိရိစ္ဆာန်တွင် တစ်စုံ တစ်ရာ ထိခိုက်၊ ပျက်စီး၊ ဆုံးရှုံး၊ သေဆုံးမှု ဖြစ်ပေါ်ခြင်းအတွက် ကော်မတီနှင့် အဆိုပါဝန်ထမ်းအပေါ်တွင် တာဝန် မရှိစေရ စသည်ဖြင့် အိမ်မွေးတိရိစ္ဆာန်များ လေလွင့်တိရိစ္ဆာန်များ ပိုင်ရှင်မဲ့တိရိစ္ဆာန်များအတွက် ဥပဒေပုဒ်မများစွာဖြင့် အတိအလင်းပြဌာန်းကြေငြာထားပြီးဖြစ်သည်။ ယင်းကိစ္စများနှင့် ပတ်သက်သော ဥပဒေပုဒ်မများကို ကျူးလွန်လျှင် ဖြစ်စေ ကျူးလွန်းရန် ကြံဆောင်သည်ဟု ယုံကြည်ရကြောင်း ပေါ်ပေါက်လျှင်ဖြစ်စေ ပထမအကြိမ်ကျူးလွန်မှုအတွက် ဒဏ်ငွေ တစ်သိန်းမှ ငါးသိန်းအထိ ပေးဆောင်ရနိုင်ခြေရှိပြီး ဒုတိယအကြိမ် ကျူးလွန်ဖောက်ဖျက်ခြင်းဆိုလျှင် ထောင်ဒဏ် ခြောက်လအထိ ပြစ်ဒဏ်ချမှတ်ခြင်းကို တရားဝင် စီရင်ပိုင်ခွင့်အာဏာ ဥပဒေပုဒ်မများနဲ့ ပြစ်ဒဏ်များ ရှိနေတာဖြစ်ပါတယ်။

တရားဥပဒေအတိုင်းသာ အဖြေရှာရှင်းလင်းကြမည်ဆိုပါက တိရိစ္ဆာချစ်သူများဘက်တွင် များစွာသော ထိခိုက်နစ်နာ ဆုံးရှုံး မှုများ၊ ဂုဏ်သိက္ခာထိခိုက်ရမှုများ၊ စိတ်မကျေမနပ်ဖြစ်ရမှုများ၊ ငွေကြေးအကုန်အကျများခြင်း၊ မြို့တော် စည်ပင်သာယာကော် မတီနှင့် တရားရုံးများတွင် အမှုအခင်းကိစ္စများစွာတို့ကို ရှင်းလင်းရနိုင်ခြေရှိခြင်းတို့ကို မလွဲ မသွေ တွေ့ဆုံကြုံကြိုက်ရမှာဖြစ်ပြီး မြိ့တော်စည်ပင်သာယာရေးကော်မတီဘက်မှာလည်း အလုပ်တာဝန်များ လစ်ဟင်းခြင်း၊ ရန်ပြုခံရခြင်း၊ ကိုယ်ထိလက်ရောက် ပြုမှုဆောင်ရွက်ခံရနိုင်ခြင်း၊ ချောင်းမြောင်းလုပ်ကြံခံရနိုင်ခြင်း၊ တာဝန် မကျေပွန်ခြင်း၊ လူအများအထင်အမြင်လွဲမှားခံရနိုင် ခြင်း စသည်ဖြင့် ကောင်းကျိုးထက် ဆိုးကျိုးများစွာနှင့် ပြဿနာ များစွာကိုသာ တွေ့ကြုံလာရနိုင်တာဖြစ်ပါတယ်။

ယင်းကဲ့သို့သော ပြဿနာများစွာတို့ကို ထိပ်တိုက်မတိုးဘဲ ဖြတ်သန်းကျော်လွှားကြမည်ဆိုလျှင်တော့ စားပွဲဝိုင်းများတွင် အကျအနထိုင်ကာ ဆွေးနွေးအဖြေရှာခြင်း နည်းလမ်းတစ်ခုတည်းဖြင့်သာ ဆောင်ရွက်စီမံနိုင်ကြမှာဖြစ်ပါတယ်။ ပိုင်ရှင်မဲ့ တိရိစ္ဆာန်များကို တိရိစ္ဆာန်ချစ်သူများဘက်က ဘာတွေကူညီဆောင်ရွက်ပေးနိုင်မလဲ၊ ဘယ်လို အထောက်အပံ့တွေ ပေးနိုင် မလဲ၊ ဘယ်လိုထိန်းသိမ်းပေးမလဲ၊ ဘယ်သူတွေက တာဝန်ယူပြီး တရားဝင်မွေးစားကြမလဲ၊ ဂေဟာအသစ်တွေ ဆောက်လုပ် လှူဒါန်းပြီးတော့ ထိန်းသိမ်းပေးနိုင်မလား၊ စည်ပင်သာယာကော်မတီကရော ထိန်းသိမ်းခွင့်လိုင်စင်တွေကို အလွယ်တကူ ချပေးခြင်းဖြင့် ဖြေလျော့ပေးနိုင်မလား၊ တိရိစ္ဆာန်မွေးမြူခြင်းကို ပိုင်ရှင်အမည်များနဲ့ တရားဝင်မှတ်ပုံတင်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိရှိ မွေးမြူကြဖို့ရော စီစဉ်ဆောင်ရွက်နိုင်မလား၊မည်သူမျှ နာမည်ခံ မှတ်ပုံတင်ပြီး တာဝန်ယူနိုင်ခြင်းမရှိတဲ့ တိရိစ္ဆာန်တွေကို စည်ပင်သာယာက တာဝန်ဝတ္တရားအရ ဖယ်ရှား ရှင်းလင်း ဖြေရှင်း ဆောင်ရွက်တဲ့အခါ တိရိစ္ဆာန်ချစ်သူများ ဘက်ကလည်း ဝိုင်းဝန်းပါဝင်ပြီး အတူတကွပူးပေါင်းရင်း တိရိစ္ဆာန်များကို ချစ်ပြလို့ မရနိုင်ဘူးလား စသည်ဖြင့် နည်းလမ်းများ စွာကို စနည်းနာကာ အစည်းအဝေးခန်းမထဲမှာ စားပွဲဝိုင်းပေါ်မှာ ညှိနှိုင်းဆွေးနွေး အဖြေရှာသင့်နေတာဖြစ်ပါတယ်။

ကျွန်တော် ထိုင်းနိုင်ငံ ဘန်ကောက်တွင်နေခဲ့စဉ်က လမ်းလျှောက်ထွက်ရင်း ခွေးကိုက်ခံခဲ့ရဖူးသည်။ သို့သော် ခွေးပိုင်ရှင်က ဆိုင်ကယ်ဖြင့် ရှေ့ကသွားနေခြင်းဖြစ်ပြီး ခွေးက နောက်မှလာကိုက်ခြင်းဖြစ်ရာ ကိုက်ပြီးတာနဲ့ ပြေးသွားသောကြောင့် ဝေး ဝေးရောက်သွားသဖြင့် ပိုင်ရှင်နှင့် အဆက်အသွယ်မရရှိတော့ပေ။ ခွေးကိုက်ခံသည်ဆိုလျှင် ခွေးသည် ခွေးကောင်းလား ခွေးရူးလားဆိုတာ မည်သူမျှ တပ်အပ်သေချာပြောနိုင်ကြသည် မဟုတ်ပေ။ ခွေးရူးရောဂါများ မတော်တဆရှိနေခဲ့လျှင် နောက်ထပ်တွေ့ဆုံရမည့် ပြဿနာကြီးငယ်များစွာတို့မှာ အဖော်အပေါင်းနှင့် လာကြမှာကတော့ သေချာသည်။ ထို့ကြောင့် ဆေးရုံသို့ပြေးရသည်ပေါ့။ အဲသည်မှာ မြန်မာနိုင်ငံနဲ့ ကွာခြားတာတွေ စတင်တွေ့ရှိရပါသည်ပေါ့ဗျာ။ သူတို့နိုင်ငံက ဆေးရုံနဲ့ မတူဘဲ ဝန်ဆောင်မှုလုပ်ငန်းတစ်ခုနဲ့ မှားလောက်အောင်ကို ပြုစုတာ ယုယတာ ကိုယ်ချင်းစာတရားတွေ အကြင်နာတရား တွေနဲ့ ကုသပေးတာ ဆွေရင်းမျိုးရင်းတစ်ယောက်လို စိတ်ပူပေးတာ ဖြစ်နိုင်တဲ့ နာကျင်မှု ခံစားရမှု ထုံထိုင်းမှုတွေအတွက် မေးခွန်းတွေကို စိတ်ဝင်တစားနဲ့ တဖွဖွမေးနေတာ နူးညံံ့ညင်သာစွာ ကိုင်တွယ်တာ၊ သူတို့အသုံးပြုမယ့် ဆေးဝါးတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိတာတွေကို တွေ့ရတော့ “အင်း ငါတို့နိုင်ငံမှာလည်း ဒီလိုဝန်ဆောင်မှုကောင်းတဲ့ ကျန်းမာရေးဝန် ဆောင်မှုတွေရှိလာရင် သိပ်ကောင်းမှာပဲ” ဆိုတဲ့ အတွေးကလေးလည်း ဝင်မိပါသေးသဗျာ။ အဓိက ပြောချင်တာကတော့ သူတို့တာဝန်ကို သူတို့ ကျေပ်နပ်စွာ ထမ်းဆောင်ကြတယ်ဆိုတာပါပဲ။ ခွေးရူးပြန်ရောဂါဆေးကို တစ်ခါတည်းအပြတ်ဝယ်ရပါ တယ် အဲသည်ဆေးဝါးတွေကို ကျွန်တော့်အမည်နဲ့ မှတ်ပုံတင်ပေးထားပြီး အေးစိမ့်ပြီး ခဲနေတဲ့ ဆေးသေတ္တာထဲမှာ အကန့် တစ်ခု နေရာတစ်နေရာပေးပြီး ထိန်းသိမ်းပေးထားပါတယ်။ ကျွန်တော်က သူတို့ချိန်းတဲ့နေ့ကို အတိအကျ သွားရောက်ပြီး ဆေးထိုးရတာဖြစ်ပါတယ်။ အကယ်၍ ကျွန်တော့်ဘက်က လာရောက်ဖို့ပျက်ကွက်ရင်တော့ ဆေးပတ် မလည်တဲ့အတွက် ဆေးအာနိသင်ဟာ လုံးဝပျက်ပျယ်သွားပြီမို့ အစက ပြန်ထိုးရမှာဖြစ်ပြီး အချိန်မှန်လာရင်တော့ ဘာဆို ဘာငွေကြေးတစ်ပြား တစ်ချပ်မှ တစ်ခုမှ မလိုအပ်ပဲ ခြေဖဝါး လက်ဖဝါးသက်သက်နဲ့လာပြီး ဆေးထိုးရုံသာ ဖြစ်ပါတယ်။ အဲသည်တုန်းက ပထမဆုံး ဆေးရုံစတက်တဲ့အချိန်မှာ ဆေးဖိုးဝါးခအဖြစ် ယိုးဒယားငွေ ဘတ် ၃၆၀၀ မြန်မာငွေ တစ်သိန်းရှစ်သောင်းကျော်ခန့် အကျေပေးချေခဲ့ရပြီး နောက်ဆုံးဆေးကိုစ့်ထိုးပြီးသည့် ခြောက်ကြိမ်စာအထိ အပြီးအပြတ်ဖြစ်ပါတယ်။ ပထမဦးဆုံး တစ် ကြိမ် တစ်လခြား တစ်ကြိမ် သုံးလခြား နှစ်ကြိမ် လေးလခြား တစ်ကြိမ်နဲ့ ခြောက်လခြား တစ်ကြိမ် စုစုပေါင်း (၂) နှစ်နီးပါး ဆေးခြောက်ကြိမ်ထိုးခဲ့ရပြီး ခွေးရူးပြန်ရောဂါကို ကာကွယ်ခဲ့ရတာ ဖြစ်ပါတယ်။

ယခု လမ်းဘေးခွေးများ ခွေးလေခွေးလွင့်များ ပိုင်ရှင်မဲ့ခွေးများ ခွေးရူးများကိစ္စသည်လည်း “အမှိုက်ကစ ပြဿဒ် မီးလောင်” စကားပုံကိုပြောင်းပြီး “ပိုင်ရှင်မဲ့ ခွေးလေ ခွေးလွင့်ကစ ပြဿဒ် မီးလောင်” လို့ ပြောင်းပေးရတော့မလို   တစ တစ ကျယ်ပြန့် လာတာဖြစ်ပါတယ်။ အခုဆိုရင် ကျောက်တံတားမြို့နယ်က တိုင်းလွှတ်တော်ကိုယ်စားလှယ် မကြည်ပြာကို တိုက်ခိုက်ခံနေရ တဲ့ပြဿနာတာတွေ များစွာကြားသိနေရပြီး အခြားသော လွှတ်တော်ကိုယ်စားလှယ်များ စည်ပင်သာယာကော်မတီမှ ဝန် ထမ်းများစွာတို့ကိုလည်း ခြိမ်းခြောက်ခြင်းများ ရန်ပြုခြင်းများ ကိုယ်ထိလက်ရောက် ပြုမှုဆောင်ရွက်မှုများ တာဝန်ဝတ္တရားအရ တာဝန်ထမ်းဆောင်နေကြရသော အောက်ခြေမှ နိုင်ငံ့ဝန်ထမ်းများကို ဝတ္တရားနှောက်ယှက်မှုများ စသည်ဖြင့် များစွာကျယ်ပြန့် ကြီးမားလာတာဖြစ်ပါတယ်။

ထို့ကြောင့် မြို့တော်စည်ပင်သာယာကော်မတီ၊ တိရိစ္ဆာန်ချစ်သူများအသင်းအဖွဲ့များ၊ တိရိစ္တာန်ဆရာဝန်များ၊ တိရိစ္ဆာန် အခွင့်အရေးကို တတ်သိနားလည်သော ဥပဒေပညာရှင်များ စုံညီစွာဖြင့် အစည်းအဝေးများ တွေ့ဆုံဆွေးနွေးပွဲများ၊ အသိ ပညာပေးခြင်းများ သက်ဆိုင်ရာအသင်းအဖွဲ့အားလုံးက တာဝန်ယူမှု တာဝန်ခံမှုများစွာတို့ကို တာဝန်သိသိ တာဝန်ရှိရှိနှင့် ကျေနပ်စွာ ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေရန်အတွက် ညှိနှိုင်းအဖြေရှာသင့်လှပါကြောင်းနှင့် အဓိက ပိုင်ရှင်မဲ့ခွေးများက တိုက်ခိုက်မှုများရှိလာခဲ့လျှင် မည်သူတွေက တာဝန်ယူဖြေရှင်းပေးကြမည်လဲ ဆေးကုသမှု ကုန်ကျစရိတ်များကို မည်သူ တွေက ကျခံပေးကြမှာလဲဆိုတဲ့ပြဿနာများကို အဖြေရှာဆွေးနွေးကြရန် မြို့တော်ကြီး သာယာအေးချမ်းရေးအတွက် ရည် စူးကာ နိုးဆော်တိုက်တွန်းလိုက်ရပါသည် ခင်ဗျား။

Photo Credit : frontiermyanmar.net