Breaking News

လာမည့်နှစ်ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု အလုပ်သမားအဖွဲ့များ ခြိမ်းခြောက်


လာမည့်နှစ်ရွေးကောက်ပွဲကို သပိတ်မှောက်မည်ဟု အလုပ်သမားအဖွဲ့များ ခြိမ်းခြောက်

ဇွန်သီတာ (မိုးမခ) မေ ၂၅၊ ၂၀၁၉

ဇန်နဝါရီ ၂ဝ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သော အလုပ်သမား ဆန္ဒပြပွဲတခု (ဓာတ်ပုံ - အနာဂတ်အလင်းတန်းများဆုံမှတ်)

မည်သည့် ဥပဒေမဆို အားနည်းချက် ရှိနေတတ်သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေတခုမှာ အားနည်းချက် ကြီးမားဟန် ရှိနေသည်။

လွှတ်တော်က အတည်ပြုလိုက်သည်မှာ ၂၀၁၂ ခုနှစ် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ဖြစ်သည်။

ထိုဥပဒေသည် အလုပ်သမားထုကို အကျိုးမပြုသဖြင့် လက်မခံနိုင်ကြောင်း အလုပ်သမားအစုအဖွဲ့ ၁၃ ဖွဲ့ ပါဝင်သည့် အလုပ်သမားထု ဆန္ဒသဘောထား ထုတ်ပြန်ရေး ပူးပေါင်းကော်မတီက ပြောသည်။

ထို့ကြောင့် အလုပ်သမားထုသည် လာမည့်နှစ် ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းဖြင့် တုန့်ပြန်မည်ဟု ၎င်းတို့က ဆိုသည်။

"စက်ရုံတွေမှာ အလုပ်သမားသမဂ္ဂတွေ ဖွဲ့တယ်။ ဖွဲ့ရင် အလုပ်ထုတ်ခံရတယ်။ ပီးရင်၂၀၁၂ အငြင်းပွားမှုဖြေရှင်းရေးဥပဒေနဲ့ရှင်းကြတယ်။ ခုံကောင်စီက အလုပ်သမားကိုပြန်ခန့်ဖို့ဆုံးဖြတ်ရင် အလုပ်ရှင်က ဒဏ်ငွေဆောင်ပြီး ဆုံးဖြတ်ချက်ကို မလိုက်နာဘူး၊ ငွေဒဏ်အစားထောင်ဒဏ်ထည့်ပေးဖို့ ဒါကိုတောင်းဆိုတယ်။ ဥပဒေသာ အတည်ပြုလိုက်တယ်၊ အလုပ်သမားထုရဲ့တောင်းဆိုတာတွေ ပါမလာဘူး" ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော အနာဂတ်အလင်းတန်းများဆုံမှတ် အဖွဲ့မှ ဒေါ်သက်သက်အောင်က ပြောသည်။

မေ ၇ တွင် ပြဋ္ဌာန်းလိုက်သည့် ဥပဒေပြင်ဆင်ချက်သည် အလုပ်ရှင်တို့ အကြိုက်ဖြစ်နေသည်ဟု ၎င်းတို့က ယူဆသည်။

ယခု အပြင်းအထန် ကန့်ကွက်နေကြခြင်းမှာ သမ္မတက မကြာမီ အတည်ပြု လက်မှတ်ထိုးဖွယ် ရှိနေခြင်းကြောင့်ပင်။

မေ ၁၇ တွင် သမ္မတက ထိုဥပဒေကို မှတ်ချက်တချို့ပေးပြီး ပြန်ပြင်ရန် လွှတ်တော်သို့ ပြန်ပို့သည်။

သမ္မတမှတ်ချက်များကလည်း အလုပ်သမားအဖွဲ့တို့ကို ကျေနပ်စေမည် မဟုတ်ပေ။

အခွင့်အရေးချိုးဖောက်သည့် အလုပ်ရှင်ကို ထောင်ဒဏ် ချမှတ်ရန် တောင်းဆိုခဲ့သော်လည်း ဥပဒေပြင်ဆင်ရာတွင် ထည့်သွင်းပေးခြင်း မရှိခဲ့ကြောင်း၊ အလုပ်သမားတို့ စုပေါင်း တောင်းဆိုလျှင် ဒဏ်ငွေ တပ်ခံရမည်ဟူသော စိုးရိမ်ဖွယ်ရာအချက်တို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ ကိုသက်နှင်းအောင်က ထောက်ပြသည်။

"ဒါကိုကန့်ကွက်ပါတယ်။ အလုပ်သမားအခွင့်အရေးတွေကို ပိတ်ပင်လိုက်တာပါ" ဟု အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ကိုသက်နှင်းအောင်က မှတ်ချက်ပြုသည်။

အလုပ်သမားအစုအဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်းကော်မတီက ထုတ်ပြန်ချက် ထုတ်ရာတွင်လည်း အလုပ်သမားထုအရေး မျက်ကွယ်ပြုပါက လာမည့်နှစ် ရွေးကောက်ပွဲတွင် မည်သည့်ပါတီအမတ်လောင်းကိုမျှ မဲပေးမည်မဟုတ်ဟု ဖော်ပြထားသည်။