Breaking News

မြင့်ကျော် ● သတင်းမီဒီယာရဲ့ ... လွတ်လပ်အမှီအခိုကင်းခြင်း

မြင့်ကျော် ● သတင်းမီဒီယာရဲ့ ... လွတ်လပ်အမှီအခိုကင်းခြင်း
(မိုးမခ) မေ ၂၄၊ ၂၀၁၉

တနေ့က အန်ဂျီအိုအဖွဲ့အစည်းတခုကပုဂ္ဂိုလ်တွေနဲ့ စကားပြောရာမှာ သတင်းမီဒီယာတွေကို အကြောင်းအရာ တစုံတခုနဲ့ ပတ်သက်ပြီး လူအများသိရှိအောင်ရေးသားကြဖို့ လမ်းစရိတ် ခရီးစရိတ်ထောက်ပံ့ပေးတာ သင့်/မသင့် ဆိုတဲ့ ကိစ္စဆီရောက် သွားပါတယ်။

အန်ဂျီအိုအဖွဲ့အစည်းကတချို့က မီဒီယာကို လမ်းစရိတ် ထောက်ပံ့ခြင်းဟာ မီဒီယာကျင့်ဝတ်ဆိုင်ရာကို ချိုးဖောက်သလို ဖြစ်နေမလားလို့ တွေးမိကြောင်း ပြောပါတယ်။

သူက နယူးယောက်တိုင်းမ်နဲ့ ဝါရှင်တန်ပို့စ်တို့ကို နမူနာပေးပြီး ပြောပါတယ်။

သူနဲ့စကားစပ်မိတော့ မကြာခင်လပိုင်းအတွင်းက ဟောင်ကောင်အခြေစိုက် သတင်းစာပညာဌာနက ပါမောက္ခက နယူး ယောက်တိုင်းမ်ရဲ့ T Brand Studio အကြောင်း ပြောပြပါတယ်။

အဲဒီစတူဒီယိုက အတိုချုပ်ပြောရရင် အခကြေးငွေနဲ့ သတင်းဆိုင်ရာ content ထုတ်လုပ်ပေးတဲ့ ဌာနဖြစ်ပါတယ်၊ ကော်ပိုရေး ရှင်းကြီးတွေက သော်လည်းကောင်း ကုမ္ပဏီကြီးတွေကသော်လည်းကောင်း၊ ဖောင်ဒေးရှင်းတွေကသော်လည်းကောင်း သူတို့ ငွေကြေးထောက်ပံ့ပေးချင်တဲ့ content အကြောင်းအရာတွေကိုထုတ်လုပ်ဖို့ ရာနှုန်းပြည့်ထောက်ပံ့ပေးတဲ့ ဌာနဖြစ်ပါ တယ်။

နောက်တခုကတော့ ကုမ္ပဏီတွေအနေနဲ့ ကြော်ငြာလို နယူးယောက်တိုင်းမ်မှာထည့်သွင်းမယ့် content ကို အခကြေးငွေ ပေးပြီး ထုတ်လုပ်ပေးတဲ့ဌာနပါ။

ဒီ T Brand Studio ကို နယူးယောက်တိုင်းသတင်းဌာနက၂၀၁၄ ခုနှစ်မှာ စတင်ထူထောင်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ကိန်းဂဏန်းအရဆို တနှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၄၀ လောက်ရရှိအောင် လုပ်ဆောင်ပေးနိုင်တယ်လို့ သိရပါတယ်။

နယူးယောက်တိုင်း သတင်းစာရဲ့ စုစုပေါင်းဝင်ငွေ သန်း ၈၀၀ ရဲ့ ၅ ရာနှုန်းဝန်းကျင် ရှိတယ်လို့ ဆိုနိုင်ပါတယ်။

နယူးယောက်တိုင်းမ်လို သတင်းစာက အဲဒီလိုပုံစံကို လုပ်ဆောင်လာရတဲ့ အနေအထားကိုကြည့်ရင် ကမ္ဘာလုံးဆိုင်ရာ မီဒီယာလွတ်လပ်စွာ ရပ်တည်မှုက စိမ်ခေါ်မှုအကြီးကြီး ရှိနေတဲ့သဘောပါ။

ဟောင်ကောင်က သတင်းစာပညာ ပါမောက္ခက ဒီ မိုဒယ်နဲ့ပတ်သက်လို့ အပြင်းအထန်ဆန့်ကျင်တာတော့ မဟုတ်ပေမယ့် သူ့အနေနဲ့ ဘဝင်မကျမိကြောင်း မေးခွန်းတွေ ခေါင်းထဲမှာ ပေါ်လာကြောင်းပြောပါတယ်။

T Brand Studio အကြောင်းမဆွေးနွေးမီ အထက်မှာ အစချီထားတဲ့ သတင်းထုတ်လုပ်မှုအတွက် ကုန်ကျစရိတ် ပံ့ပိုးခြင်းဟာ ကျင့်ဝတ်နဲ့ ဆန့်ကျင်နိုင်သလာလို့မေးရင်တော့ ဘယ်လိုသဘောတူညီမှုတွေနဲ့ လက်ခံတာလည်းဆိုတာလည်း ထည့်သွင်း စဉ်းစားပြီး ဖြေရမယ်ထင်ပါတယ်။

သို့သော် လက်ရှိ မီဒီယာတွေရဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ခြင်းဆိုတဲ့မူကို ဘယ်လောက်တည့်တည့်မတ်မတ် ကိုင်စွဲနိုင်ကြသလဲဆိုတာ မီဒီယာအကြောင်း ထဲထဲဝင်ဝင်သိသူတွေ သိရှိကြပါတယ်။

အဲဒီအကြောင်းကြောင့် သတင်းမီဒီယာတွေ ရပ်တည်မှုပုံစံအသစ်ကို ရှာဖွေနေကြရပါတယ်။ အယ်ဒီတာမူဝါဒကို လွှမ်းမိုးမှုမရှိ တဲ့ ကြော်ငြာ၊ ပရိသတ်ထံမှ ဝန်ဆောင်မှုကို ဝယ်ယူမှုကရတဲ့ ဝင်ငွေ အဲဒီနည်းလမ်း ၂ ခုက သိသိသာသာ ကျဆင်းလာတဲ့အခါ သို့မဟုတ် မရတော့တဲ့အခါ မီဒီယာလွတ်လပ်ခွင့်က ဆုံးရှုံးဖို့ အန္တရာယ် ကြီးမားလာပါတော့တယ်၊

မီဒီယာရပ်တည်ဖို့ စီးပွားရေးလုပ်ငန်းတခုရဲ့ အကျိုးကို မီဒီယာက လုပ်ဆောင်ပေးရမယ့် အခြေအနေ၊ နိုင်ငံရေးပါတီ (သို့) နိုင်ငံရေးအဖွဲ့အစည်း တခုခုသူတို့ အကျိုးအမြတ်အတွက် လုပ်ဆောင်ပေးဖို့ ငွေကြေးထောက်ပံ့တာကို လက်ခံရတဲ့ အခြေ အနေ၊ ဘာသာရေး၊ လူမျိုးရေး အကျိုးစီးပွားအလို့ငှာ အဲလိုအဖွဲ့အစည်းက ထောက်ပံံ့ငွေကို မီဒီယာက လက်ခံရတဲ့ အခြေ အနေ၊ ပြည်ပနိုင်ငံတခုခုက သူ့နိုင်ငံ အကျိုးစီးပွားအတွက် ထင်သာမြင်သာမှုမရှိဘဲ တိတ်တဆိတ်ပေးအပ်တဲ့ငွေကို လက်ခံ ရတဲ့ အခြေအနေမျိုးတွေထက်စာရင် အပုံကြီးသာသေးတယ်လို့ မြင်ပါတယ်။