Breaking News

မောင်မိုးသူ - ပါရီသူ ဆေဂန် နဲ့ မန္တလေးသား မောင်မိုးသူ





မောင်မိုးသူ - ပါရီသူ ဆေဂန် နဲ့ မန္တလေးသား မောင်မိုးသူ

(မိုးမခ) မေ ၂၅၊ ၂၀၁၉

ပြင်သစ်စာရေးဆရာမ ဖရန်ဆွိုက်ဆေဂန်ကို ၁၉၃၅ ဇွန်လ (၂၁)ရက်နေ့မှာ ပြင်သစ်နိုင်ငံမှာ မွေးဖွားခဲ့ပါတယ်၊ ဆယ်ကျော်သက်အရွယ်က စတင်ပြီး ဝတ္ထုရေးသားထားခဲ့တဲ့ ဆေဂန်ဟာ သူမရဲ့ ဘဝတစ်လျှောက်လုံးမှာ ဝတ္ထုရေးဆရာမ ၊ ဇာတ်ညွှန်းရေးဆရာမ၊ ပြဇာတ်ရေးဆရာမ၊ အတ္ထုပတ္တိရေးသားပြုစုသူ အစရှိသဖြင့် စာပေရေးသားခြင်းနဲ့ ပတ်သက်ဆက်နွယ်တဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်၊ ဆေဂန်ဟာ မိသားစုထဲမှာ အငယ်ဆုံးသမီးဖြစ်တဲ့အပြင် ဖင်ကလည်း ကုမဏီကြီးတစ်ခုရဲ့ ဒါရိုက်တာဖြစ်ပါတယ်၊ လိုတရလို့ မပြောနိ်ုင်ရင်တောင်ပြည့်စုံကြွယ်ဝတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာတယ်လို့ ဆိုရနိုင်ပါတယ်၊ ဒါကြောင့်လည်း ဆေဂန်ရဲ့ ဝတ္ထုတွေမှာ ငွေကြေးစည်းစိမ်ပြည့်စုံကြွယ်ဝတဲ့ လူတန်းစားတွေကို တွေ့ရနိုင်ပါတယ်၊ ပြည့်စုံပြီးသား လူတွေရဲ့ မပြည့်စုံနိုင်သေးတဲ့ အချစ်ဇာတ်လမ်းတွေ အကြောင်းနဲ့ ပြင်သစ်အထက်တန်းလွှာတွေရဲ့ လူနေမှုပုံစံ စရိုက်တွေကိုလည်း အမှန်အတိ်ုင်းတွေ့မြင်နိုင်ပါတယ်။

ဝတ္ထုစာအုပ်ပေါင်း (၂၀)၊ ဝတ္ထုတိုပေါင်းချုပ် (၃)အုပ်၊ ပြဇာတ် (၉)ခု၊ အတ္ထုပတ္တိ(၇)အုပ်နဲ့ ကိုယ်တိုင်ရေးအတ္ထုပတ္တိ(၂)အုပ်တို့ကို ရေးသားထားခဲ့ပါတယ်၊ ဆေဂန်ရေးသားခဲ့တဲ့ ဝတ္ထု (၂၀)ထဲက (၁၂)အုပ်ကိုတော့ ရုပ်ရှင်တွေအနေနဲ့ ပြည်လည်ရိုက်ကူးထားတာရှိပါတယ်၊ ဆေဂန်ကိုယ်တိ်ုင်ကလည်း ရုပ်ရှင်(၂)ခုကို ဇာတ်ညွှန်းရေးသားဖူးပေမယ့် သူ့ဝတ္ထုကို ပြန်ရိုက်တဲ့ ရုပ်ရှင်တွေမှာတော့ ကိုယ်တိုင် ဇာတ်ညွှန်းရေးသားတာမတွေ့ရပါဘူး၊ ဆေဂန်ရေးသားခဲ့တဲ့ ဝတ္ထုတွေထဲက နာမည်အကြီးဆုံးဝတ္ထုကတော့ ပထမဆုံးဝတ္ထုဖြစ်တဲ့ Bonjour Tritesse ပါပဲ၊ Bonjour Tritesse ကို ၁၉၅၄ခုနှစ်မှာ ထုတ်ဝေခဲ့တာဖြစ်ပြီး ဆေဂန်အသက်(၁၈)နှစ်အရွယ်မှာ ဖန်တီးရေးသားခဲ့တဲ့ ဝတ္ထုဖြစ်ပါတယ်။

 ၁၈နှစ်သမီးဆေဂန်ရဲ့ အနုပညာဖန်တီးမှုဟာ ပြင်သစ်နိုင်ငံတွင်းမှာ သာမကပဲ နိုင်ငံတကာစာပေလောကမှာပါ အောင်မြင်မှုကြီးကြီးမားမားရခဲ့ပါတယ်၊ အနုပညာမှာထူးခြားအစွမ်းထက်တဲ့ ဆေဂန်ဟာ ကျောင်းသင်ခန်းစာတွေကို စိတ်ဝင်စားတဲ့ကျောင်းသူတော့ မဟုတ်ပါဘူး၊ ပညာရေးဆုံးခန်းမတိုင် ဘွဲ့မရခဲ့တဲ့သူပါ၊ 

သူ့ရဲ့ နာမည်အကြီးဆုံး ဝတ္ထုဖြစ်တဲ့ (Bonjour Tristesse ) ရဲ့ဇာတ်ဆောင်ဟာလည်းဘာသာစုံစာမေးပွဲကျတဲ့ ကျောင်းသူပါပဲ၊ ဒီ(Bonjour Tristesse ) ဟာဆိုရင် အသက်(၁၇)အရွယ် မိန်းကလေးတစ်ယောက်ရဲ့ အတွေးနဲ့ စိတ်ခံစားချက်တွေကို အားပြုဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်၊ ကျောင်းစာကို စိတ်မဝင်စားတဲ့ (၁၇)နှစ်ကောင်မလေး၊ အပျော်အပါးမက်တဲ့ မုဆိုးဖိုအဖေကြီး၊ ဖြောင့်မှန်ပြီးစည်းကမ်းတင်းကျပ်တဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့ ပတ်သက်ဆက်နွယ်နေမှုတွေကြားက စိတ်ခံစားချက် အနိမ့်အမြင့် အတက်အကျတွေကို ထူးထူးခြားခြားဖန်တီးဖွဲ့သီထားတာဖြစ်ပါတယ်၊


Bonjour Tristesse ရဲ့ အဓိက ဇာတ်ရုပ် ၁၇ နှစ်သမီး ဆဲလ်ဆီယာဟာလည်း အဲ့ခေတ်အဲ့အခါက ဆယ်ကျော်သက် ပြင်သစ်ကျောင်းသူလေးတွေရဲ့ ကြားမှာ ရေပန်းစားတဲ့ဇာတ်ရုပ်စတိ်ုင်လ် ဖြစ်ခဲ့ပါတယ်၊ အနုပညာအားကောင်းလှတဲ့ ဆေဂန်ဟာ စာပေရေးသားခြင်းနဲ့ နှီးနွယ်တဲ့ အနုပညာ အစုံစုံကို ဖန်တီးခဲ့သလိုပဲ သီချင်းအနည်းငယ်ကိုလည်း ရေးသားခဲ့ပါသေးတယ်၊ ဆေဂန်ဖန်တီးတဲ့ ဇာတ်လမ်းတွေဟာ စိတ်ခံစားမှုတွေကို အားပြုသလို စာပေအရေးအသားနဲ့ပတ်သက်ရင်လည်း ဆေဂန်ဟာ စကားလုံးပြောင်မြောက်တဲ့ စာရေးဆရာမအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်၊

ဆေဂန်ဟာ ၂၃ နှစ်အရွယ် ၁၉၅၈ မှာ အိမ်ထောင်ပြုခဲ့ပါတယ်၊ သူမထက် အသက်၂၀ ကြီးတဲ့ အမျိုးသားကိုလက်ထပ်ခဲ့ပြီး နှစ်နှစ်အကြာ ၁၉၆၀မှာ ကွာရှင်းခဲ့ပါတယ်၊ ၁၉၆၂မှာတော့ နောက်ထပ် အိမ်ထောင်ပြုခဲ့ပြီး အိမ်ထောင်သက် တစ်နှစ်အကြာ ၁၉၆၃မှာပဲ ကွာရှင်းခဲ့ပြန်ပါတယ်၊ ဒုတိယအိမ်ထောင်ကတော့ အမေရိကန်သားလေးဖြစ်ပြီး ငယ်လည်းငယ်ပါတ်ယ၊ ဒုတိယအိမ်ထောင်နဲ့ သားတစ်ယောက်ထွန်းကားခဲ့ပါတယ်၊ မဖြစ်ထွန်းတဲ့ အိမ်ထောင်ရေးတွေကို အဆုံးသတ်ပြီးနောက်ပိ်ုင်းတော့ ဆေဂန်ဟာ ချစ်သူတွေပဲထားပါတော့တယ်၊ အမျိုးသား ချစ်သူတွေရော အမျိုးသမီးချစ်သူတွေရော အများကြီးထားတဲ့ ဆေဂန်ဟာ ချစ်သူတွေနဲ့တော့ ကြာရှည်လေးမြင့်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ခဲ့ပါတယ်၊ အပျော်ကားမောင်းတာ ဝါသနာပါတဲ့ ဆေဂန်ဟာ Astone Martin ပြိုင်ကားလေးနဲ့ ခရီးဝေးဝေးမောင်းလေ့ရှိပါတယ်၊ ၁၉၅၇ မှာတော့ ကားမတော်တဆမှုနဲ့ ကိုမာဖြစ်သွားပါသေးတယ်၊ Astone Martin တို့ Jaguar တို့ကတော့ ဆေဂန်အကြိုက်ဆုံးကားအမျိုးအစားတွေဖြစ်ပါတယ်၊

ဆေဂန်ဟာ အရက်နဲ့မူးယစ်ဆေးဝါးတွေကိုလည်း စွဲလန်းနှစ်ခြိုက်သူတစ်ဦးပါ၊ အက်တမင်း၊ မော်ဖိန်း၊ ကိုကင်းတွေကိုလည်း သုံးစွဲတယ်လို့ ဆိုပါတယ်၊ ဆေဂန့်အိမ်မှာ မူးယစ်ဆေးတွေရှိတယ်ဆိုပြီး သတင်းရထားတဲ့ ရဲတွေက အိမ်ကို ဝင်ရောက်စစ်ဆေးရှာဖွေတဲ့အခါ ဆေဂန်မွေးထားတဲ့ခွေးလေးက ရဲတွေကို ကိုကင်းတွေဖွက်ထားတဲ့ နေရာကို ပြသပေးခဲ့ပါတယ်၊ အဲ့တော့လည်း ဆေဂန်က ရဲတွေကို မင်သေသေနဲ့ပဲ “တွေ့လား..၊ ဒီကောင်လည်းဆေးသုံးတယ်” လို့ပြောပါတယ်။ ဆေဂန်ဟာ ဇာတ်လမ်းတွေထဲမှာပဲ ထူးခြားပြောင်မြောက်တဲ့ ဒိုင်ယာလော့စ် တွေရှိတာမဟုတ်ပါဘူး၊ တကယ့်ဘဝထဲမှာလည်း တမူထူးခြားတဲ့ ဒိုင်ယာလော့စ် အစစ်တွေရှိနေတဲ့သူတစ်ယောက်ပါ၊

“ကိုယ့်ကို မနာလို ဝန်တိုဖြစ်နေတဲ့ လူတစ်ယောက်ကို အခြောက်လှန့်နိုင်ဆုံးဟာ ကိုယ်ရဲ့ အပြုံးပဲ” ဆိုတဲ့စကားတွေ။ “ပိုက်ဆံက ပျော်ရွှင်မှုတွေကို မဝယ်ယူနိုင်ပါဘး၊ ဒါပေမယ့် ငိုရမယ်ဆိုရင်တော့ ဘတ်စ်ကားပေါ်မှာ ငိုတာထက် ကိုယ်ပိုင် Jaguar ပေါ်မှာ ငိုရတာ ပိုအဆင်ပြေတာပေါ့” ဆိုတဲ့ စကားတွေက ဆေဂန်ရဲ့ တကယ့်ဘဝထဲက ဒိုင်ယာလော့စ်တွေပါပဲ၊

၂၀ဝ၀ပြည့်နှစ် လောက်မှာတော့ ဆေဂန်ဟာ ကျန်းမာရေး ယိုယွင်းစပြုလာပြီး ၂၀ဝ၄ခုနှစ် အသက် ၆၉နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်၊ ကွယ်လွန်ချိန်မှာတော့ ဆန္ဒအတိုင်း မွေးရပ်မြေမှာ သင်္ဂြ ိုလ်ခဲ့ပါတယ်၊ သူမရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး ပြင်သစ်သမ္မတ Jacques Onirac က ကျွန်တော်တို့အတွက် ထူးချွန်ပြောင်မြောက်ပြီး အသေးစိတ်ကအစ ထိရှခံစားနိုင်စွမ်းရှိတဲ့ ခံစားမှုပြင်းထန်အားကောင်းတဲ့စာရေးဆရာတစ်ယောက် ဆုံးရှုံးခဲ့ပါပြီးလို့ မှတ်ချက်ပြုခဲ့ပါတ်ယ၊ ဆေဂန်ကွယ်လွန်ပြီး လေးနှစ်အကြာ ၂၀ဝ၈ ခုနှစ်မှာတော့ ဆေဂန့်အကြောင်းရုပ်ရှင်ရိုက်တဲ့ sagon ဆိုတဲ့ အတ္ထုပတ္တိရုပ်ရှင်ထွက်ရှိခဲ့ပါတယ်၊ ဆေဂန်ဆိုတဲ့ ဇာတ်ရုပ်ကိုက သူ့ဝတ္ထုဇာတ်လမ်းတွေထဲက ဇာတ်ရုပ်တွေလိုပဲ ထူးခြားတဲ့အတွေး၊ စိတ်ခံစားချက်တွေရှိနေတဲ့၊ ပြောင်မြောက်တဲ့ ဒိုင်ယာလော့စ်တွေ ပြောတတ်တဲ့ ဇာတ်ရုပ်ပဲမဟုတ်ပါလား။

(အဆိုပါ ဘာသာပြန်စာအုပ်ရဲ့ အမှာစာကို ပြန်လည် ဖော်ပြခြင်း ဖြစ်ပါတယ်)
၂၀၁၉ မတ်လ အိပ်မက်အသစ် စာပေတိုက်ထိုက်
အုပ်ရေ ၅၀၀၊ တန်ဖိုး ၃၀၀၀ ကျပ်၊ စာမျက်နှာ ၁၇၆