Breaking News

အောင်သူငြိမ်း ● ငါသေသွားတဲ့အခါ

အောင်သူငြိမ်း ● ငါသေသွားတဲ့အခါ
(မိုးမခ) မေ ၂၀၊ ၂၀၁၉

ငါသေရင် ဘယ်လိုသေမှာလဲလို့ စဉ်းစားမိတယ်။ စဉ်းစားမိတဲ့ အတွေးစပွားလာတာကတော့ ခင်မင်ရင်းနှီးရသူတွေ သေ ဆုံးကွယ်လွန်ရတဲ့အခါ ယူကြုံးမရတဲ့ စိတ်က စတာပါဘဲ။ တလောကပဲ ကျနော့်ရဲဘော် ညီအစ်ကိုလိုဖြစ်နေတဲ့ ABSDF က ကိုကျော်ကို (ကျော်ကိုကိုဝင်း) ကွယ်လွန်ကြောင်း မမျှော်လင့်ဘဲ ကြားရတယ်။ ကျနော့်အောက်ကညီ ကိုဥက္ကာစိုး လွန်ခဲ့ တဲ့တနှစ်က မမျှော်လင့်ဘဲ ကင်ဆာရောဂါနဲ့ ဆုံးခဲ့ရတယ်။ ဒီလိုနဲ့ ငါရော… သေတဲ့အခါ ဘယ်လိုရှိမှာလဲဆိုတာကို စဉ်းစား မိတာ။

ရင်းနှီးသူတွေ ကွယ်လွန်တဲ့အခါ ကျနော် အကြာကြီး ချီတုံချတုံ စဉ်းစားနေမိတယ်။ သူတို့ရဲ့ဖုန်းနံပါတ်ကို ဖျက်လိုက်ရတော့ မှာလား၊ သူတို့က ကိုယ့်ဆီဖုန်းခေါ်ဆိုဖို့မှ မရှိတော့တာကို။ သူတို့ရဲ့အီးမေးလ်၊ ဖေ့ဘုတ် အကောင့် (facebook account) တွေကို မိတ်ဆွေစရင်း (Friendlist) ထဲက ဖြုတ်လိုက်ရတော့မလား၊ အတော်ဖင့်လေး စဉ်းစားမိတယ်။ ဒီလိုနဲ့ ကျနော်တို့ ကိုသာကျော်မောင်အကောင့်က အတော်ကြာ မီးစိမ်းနေခဲ့ဖူးတယ်။ သူ လော့ဂ်အင် (log in) ဝင်ထားတဲ့ စက်တခုခုထဲက မဖြုတ်ရသေးဘဲ ရှိနေတာလည်း ဖြစ်နိုင်တာဘဲ။ ကျနော်တို့ရဲဘော် ကိုငြိမ်း အီးမေးလ်နဲ့လည်း ဂျန့်ခ်မေးလ်တွေ ဝင်လာ သေးတယ်။ သူများ တမလွန်မှာ အီးမေးလ်ဆက်သုံးနေသလားပေါ့။ မဖြစ်နိုင်ပါဘူး။ တနေရာရာက ဗိုင်းရပ်စ်သဖွယ် ချိတ် ဆက်ရာ အီးမေးလ်တွေက ပျံ့နေတာမျိုး ဖြစ်နိုင်တာပဲ။

အသက်အရွယ်ရလာတဲ့အခါ အရင်ကမစဉ်းစားခဲ့တဲ့ သေခြင်းတရားဟာ ပိုပြီးနီးကပ်လာသလိုပဲ။ အရင်သူပုန်ဘဝ တုန်းက တော့ သေတနေ့၊ မွေးတနေ့ပေါ့။ လူငယ်ဆိုတော့ များများစားစားလည်း မစဉ်းစားမိပါဘူး။ ဒါပေမယ့် အရွယ်လေးရလာ၊ မိတ်ဆွေတွေထဲက၊ ရဲဘော်တွေထဲက ခွဲသွားကြတာတွေက စိတ်စိတ်လာတယ်။ မနှစ်က ကျနော်တို့ရဲဘော် ကို အောင်ဝင်း တင်ဆုံးတယ်။ နိုင်ငံရေးလှုပ်ရှားသူတွေထဲက မမီးမီးဆုံးတယ်။ ကျနော်သိတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဆုံးတယ်။ ကိုယ် လည်း ရောဂါလေးတမြမြ၊ သွားလာရင် လေးလံလာ၊ ဒူးလေးဘာလေးလည်း နာလာ၊ အိပ်ယာဘေး လည်း အဖိုးကြီးအိုလေးလို ဆေးဗူးတွေ၊ လျက်ဆားဗူးတွေနဲ့ ဖြစ်လာ။

ကျနော့်အောက်က ညီဆုံးတော့ ကျနော် ရှော့ခ်ရတယ်။ မထင်ထားဘူး။ ကင်ဆာနဲ့ ဆုံးသွားခဲ့တယ်။ ကျနော်တို့ မိသားစု မှာ တော့ ရှင်းတယ်။ အဖေ့အတွက်လည်း အုတ်ဂူမရှိဘူး။ ကျနော့်ညီ အရိုးကောက်မလားဆိုတော့လည်း မိသားစုက မယူဘူး။ သေပြီပဲ။ ဘဝတခု ပြီးသွားပြီပဲတဲ့။ အုတ်ဂူတွေ ဘာတွေလည်း ထားမနေပါဘူး။ အိမ်မှာတော့ သူတို့ဓာတ်ပုံတွေကို အမှတ် တရ ချိတ်ထားတယ်။ နှစ်လည်တွေ ဆွမ်းသွတ်တယ်။ အမျှအတန်းဝေတယ်။ ဘဝဟာ ပြီးသွားတာပဲပေါ့။ ကျနော့် မိန်းမတို့ အရပ်မှာတော့ အယူကတမျိုး၊ သေရင် အရိုးကောက် ဂူသွင်းကြတယ်။ သြင်္ကန်အပြီး နှစ်ဆန်းတရက်နေ့ ရောက်တိုင်း အုတ်ဂူတွေကို တံမျက်လှည်း၊ ရေမွှေးနံ့သာနဲ့ ရေဆေး၊ မီးထွန်း၊ တံခွန် ထီး ကုက္ကားပေးလို့ အမှတ်ရကြောင်း လုပ်ကြတယ်။ ကျနော်လည်း သြင်္ကန်ရက်တွေတိုင်း ရွာသင်္ချိုင်းကိုရောက်၊ ဂါရဝပြုဖြစ်တယ်။ အဲသည် သချုႋင်းဂူတွေကို သန့်စင် ရေမွှေး နံ့သာတွေပေးတိုင်း ကျနော့်ရဲဘော်ကြီး ကိုတင်စိုးနောင်ဂူကိုလည်း နှုတ်ဆက်ဖြစ်တယ်။ မိန်းမကတော့ ပြောတယ်။ သေရင် သူ့ဆီလာသေ၊ သူအုတ်ဂူလုပ်ထားပေးမယ်။ အဲသလိုပဲ စောင့်ရှောက်ပေးမယ်တဲ့။

အဲသည်လိုဆိုတော့ ကျနော့်နဲ့ ရင်းနှီးတဲ့ ပြည်ချစ်ရဲဘော်ဟောင်းကြီး ဦးမင်းသော်ကို သတိရလာတယ်။ သူက အမြဲ ပြော တယ်။ ငါကတော့ သေရင် ထိုင်းမှာသေမယ်တဲ့။ နောင်ဘဝကျရင် ထိုင်းနိုင်ငံမှာ ပြန်ဝင်စားရအောင်တဲ့။ အခုကတည်းက ထိုင်းမြို့စောင့်နတ်၊ ဘိုးဘိုးကြီးတွေကိုလည်း မျက်နှာမှတ်မိအောင် ပြပြထားရတယ်တဲ့။ တကယ်က နောက် ပြောင်ပြော တာပါ။ မြန်မာပြည် လူမှုစီးပွားအခြေအနေက ဆိုးတယ် မဟုတ်လား။ ဒါဆိုရင် ကျနော်လည်း သူပြောသလို ထိုင်းမြို့ စောင့်နတ်၊ ဘိုးဘိုးကြီးတွေကို မျက်နှာမှတ်မိနေအောင် ပြထားရမလား စဉ်းစားမိသေးတယ်။

အရင်တုန်းက ကျနော်ဖတ်ဖူးတဲ့ စာတအုပ်ထဲကအကြောင်း ရေးခဲ့ဖူးတယ်။ သောမတ်စ် ဖရီးမင်း (Thomas Friedman) ရေးတဲ့ “ကမ္ဘာပြားပြီ” (The world is flat.) ဆိုတဲ့ စာအုပ်ထဲက အကြောင်းပါပဲ။ ဒီနေ့ကမ္ဘာကြီးရဲ့ ဖွံ့ဖြိုးတိုးတက်လာမှုနဲ့ အတူ ထွေပြားထူးခြားဖြစ်လာတဲ့ ဘဝအကြောင်းတွေကို စီစဉ်ရေးထားတာပါ။ ဒါပေမယ့် တစ်နေရာမှာ စိတ်ဝင်စားစရာ ကိစ္စလေးတစ်ခုကို သွားတွေ့ရတယ်။ အကြောင်းကတော့ အမေရိကန်က အီရတ်ကို စစ်တိုက်ကြတော့ အမေရိကန် လူငယ် စစ်သားလေးတွေလည်း စစ်ပွဲကို လိုက်သွားကြရပါတယ်။ အဲသည်တော့ တိုတိုပြောရရင်၊ လူငယ်ကလေး တိုက်ပွဲမှာ ကျ သွားပါတယ်။ သူ့မိဘတွေက ဘာပဲဖြစ်ဖြစ်၊ ကျဆုံးရသူ လူငယ်လေးအတွက် တခုခုလုပ်ပေးချင်ကြပါ တယ်။

သူ့မှာ အကြွေးဆပ်စရာရှိနေရင်လည်း ဆပ်ပေးမယ်။ ရစရာရှိရင်လည်း သိရအောင်ပါ။ အဲသည်တော့ အဲသည် လူငယ် ကလေးသုံးတဲ့၊ ဟော့တ်မေးလ် (Hotmail) ရဲ့ စကားဝှက် Password ကို တောင်းပါတယ်။ ဒါပေမယ့် ဟော့တ်မေးလ် ကုမ္ပဏီက မပေးပါဘူး။ ဒီနေရာမှာပဲ၊ စာရေးဆရာက စိတ်ဝင်စားဖွယ် မေးခွန်းတွေကို စဆွေးနွေးလာပါတော့တယ်။ အင်တာ နက်၊ စပေ့စ်တွေထဲက၊ ပလာကျင်းပြီး တကယ်အကောင်အထည် မရှိသော်လည်း၊ တကယ်ရှိနေတဲ့ virtual space လို့ခေါ်တဲ့ နေရာထဲက ပစ္စည်း၊ ပိုင်ဆိုင်မှုတွေက ဘယ်သူပိုင်တာလဲ။ ဘယ်နေရာမှာ ရှိနေကြတာလဲ။ နောင်ကို ဒါနဲ့ပတ်သက်လို့ ဘယ်လိုဥပဒေတွေ လုပ်ကြမှာလဲ .... စသဖြင့်ပါပဲ။

ကျနော့် ထိုင်းမိတ်ဆွေ ဆမ် (Sam) ကတော့ သူကင်ဆာနဲ့ဆုံးမယ်လို့သိတဲ့ သူရိုက်ထားတဲ့ ABSDF က ဓာတ်ပုံအားလုံးကို ဖေ့ဘုတ်ပေါ် ချန်လို့ ဝေမျှခဲ့တယ်။ ကျနော်ကတော့ ကျနော်သေရင် ဖေ့ဘုတ်ကလည်း unfriend လုပ်လိုက်ပါတော့။ ဘာမှ လည်း မထားခဲ့ပါနဲ့။ ကျနော့် ညီဆုံးတော့ သူ့ ကွန်ပြူတာ၊ Hard disk၊ memory stick တွေကို ကျနော် မကြည့်ဘဲ ဖော်မက် (Format) လုပ်ပေးလိုက်တယ်။ ဘဝတခု နိဂုံးတန်ခြင်း မဟုတ်ပါလား။ ကျနော်သေရင်လည်း ကျနော့်ကွန်ပြုတာ၊ ဟာ့ဒစ် တွေကို ဘာမှမကြည့်ဘဲ ဖော်မက်လုပ်ပေးမယ့် မိတ်ဆွေတယောက်တော့ လိုချင်မိတယ်။ လူတိုင်းမှာ သူတို့ ထုတ်မပြော ချင်တဲ့ small secret (လျှို့ဝှက်ချက်သေးသေးလေး) တွေတော့ ရှိတတ်ကြတယ် မဟုတ်ပါလား။