Breaking News

အမ္ဗနဒီကျော်စွာ - Smart Government အစ Facebook က



အမ္ဗနဒီကျော်စွာ - Smart Government အစ Facebook က 

(မိုးမခ) မေ ၁၂၊ ၂၀၁၉

ပြီးခဲ့သည့် လပိုင်းများ အွန်လိုင်းလူမှုကွက်ယက် Facebook ပေါ်တွင် ထူးခြားမှုတစ်ခုကို လေ့လာတွေ့ရှိခဲ့ရသည်။ ယင်းကိစ္စမှာကား လပိုင်း ရက်ပိုင်းအနည်းငယ်အတွင်း၌ပင် အခုရေတွင်းတူးပြီး အခုရေကြည်သောက်နိုင်ကြောင်းကို လက်တွေ့ကျကျပြသသွားသလို မရည်ရွယ်ဘဲ မပြေးသော်လည်း ကန်ရာရှိခဲ့ပြီဖြစ်သည်။

ယင်းကိစ္စမှာကား အခြားမဟုတ် တစ်မြို့နယ်ချင်းစီအလိုက် ခရိုင်တစ်ခုချင်းစီအလိုက် တိုင်းဒေသကြီးတစ်ခုချင်းစီ အလိုက် NLD ပါတီ၏ မြို့နယ်ပြန်ကြားရေး ခရိုင်ပြန်ကြားရေး တိုင်းဒေသကြီးပြန်ကြားရေး လူငယ်အဖွဲ့ပြန်ကြားရေး အလုပ်သမားအဖွဲ့ပြန်ကြားရေး အမျိုးသမီးအဖွဲ့ပြန်ကြားရေး စသည်ဖြင့် ပြန်ကြားရေး Facebook Page များ အစီအရီ ဘွားကနဲပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့အပြင် ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ကြမည့် လူငယ်များကိုလည်း ပါတီမှ ပြန်ကြားရေးနှင့်ပတ်သက်သော အစည်းအဝေးများ သင်တန်းများကို စနစ်တကျ သင်ကြားပို့ချပေးမည် ပြန်ကြားရေး မီဒီယာsmart card များကို ထုတ်ဝေပေးမည် စသည့်သတင်းများကိုလည်း ကြားသိရသည်။

ဒါ အလွန်ကောင်းသော အလေ့အထတစ်ခု အမူအကျင့်တစ်ခု နိုင်ငံရေး လူမှုရေး ကျန်းမာရေး စီးပွားရေး စသည်ဖြင့် အရေးအရာများစွာတို့ကို ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့မှုကို တစ်ရာ ရာခိုင်နှုန်း အပြည့်အဝ ဖော်ဆောင် ပေးနိုင်သော နိုင်ငံရေး Soft Power မီဒီယာ အင်အားတစ်ရပ်ဖြစ်ပြီး ဒီမိုကရေစီစနစ်ကိုလည်း အထောက် အပံ့ပေးနိုင်သော အလေ့အကျင့်ကောင်းဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများအနေဖြင့် ဝမ်းမြောက် ဝမ်းသာ ကြိုဆိုကြရမည့်ကိစ္စတစ်ရပ်ဖြစ်ေပသည်။

လူမှုကွန်ယက် Facebook နှင့်ပတ်သက်ပြီး ပြန်ပြောင်းအောက်မေ့ဆင်ခြင်ကြည့်ကြမည်ဆိုလျှင် ပထမဦးဆုံး အကျိုးရှိစွာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြသူများမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံေတာ်သားများဖြစ်သော ပြည်သူလူထုအများပင်ဖြစ်သည်။ထို့နောက်ပိုင်းတွင်တော့ သတင်းဌာနများဝင်ရောက်လာခဲ့သည်။ စီးပွားရေးသမားများ Online Shopping သမားများ၊ Celebrityများ၊ နိုင်ငံတော်နှင့်သက်ဆိုင်သော ဝန်ကြီးဌာန Pageများ၊ လူမှုအသိုင်းအဝိုင်း အသင်းအဖွဲ့ Pageများ၊ လူတစ်ဦးချင်းစီတို့၏ ပုဂ္ဂလိကပိုင် Pageများ၊ အစိုးရဝန်ကြီးများ၏ ကိုယ်ပိုင် Pageများ စသည်ဖြင့် များစွာပေါ်ပေါက်လာခဲ့ကြသည်။ 

အစိုးရအဖွဲ့အစည်းများနှင့်ပတ်သက်ပြီး အုံနဲ့ကျင်းနဲ့ အင်တိုက် အားတိုက် ဖွံ့ဖြိုးတိုးတက်လာတာကတော့ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့၏ မြို့နယ် ခရိုင် တိုင်းအဆင့်ဆင့် ပြန်ကြားရေး Facebook Pageများဖြစ်ပြီး အနည်းငယ် လူသိများတာကတော့ မြို့နယ်လျှပ်စစ်ရုံး Facebook Pageများ ဖြစ်ပါတယ်။ 

အခု အလုံးအရင်းနဲ့ အွန်လိုင်းလူမှုကွက်ယက်ထဲကို ဝင်ရောက်လာတာကတော့ NLD ပါတီ၏ ပြန်ကြားရေး Facebook Pageများဖြစ်ပြီး ယင်း Pageများ အားလုံးဟာလည်း နေ့စဉ်သတင်းတွေနဲ့ အသက်ဝင်လှုပ်ရှားနေတာကို လေ့လာ တွေ့ရှိရပါတယ်။ 

NLD ပါတီ နှင့် ပါတီဝင်များ လွှတ်တော်အမတ်များ တိုင်းဒေသကြီးအစိုးရများ စည်ပင်သာယာ အဖွဲ့ဝင်များ စသည်ဖြင့် ၎င်းတို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှု ပုံရိပ်များ၊ လုပ်ငန်းဆောင်ရွက်နေမှု မြင်ကွင်းများ၊ ပြည်သူလူထုနှင့် ထိတွေ့ဆက်ဆံမှုများ၊ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးနေကြပုံများဖြင့် ဝေဝေဆာဆာ နေ့စဉ် မှတ်တမ်းမှတ်ရာများအဖြစ် ပြည်သူလူထုတို့ကို အသိပေး တင်ပြခြင်း၊ ဖြေရှင်းပြီးကြောင်းကို ချပြခြင်း၊ အများပြည်သူတို့ သိသင့်သိထိုက်သော အလှည့်ကျမီးဖြတ်မည့် အချိန်ဇယားများ၊ ရေဖြတ်တောက်မည့် ရေပြတ်တောက်နိုင်သည့် အချိန်ဇယားများ၊ ဘာကြောင့် ရေပြတ်တောက်ရခြင်း၊ ဘာကြောင့် လျှပ်စစ်မီး ပြတ်တောက်ရခြင်း စသည်ဖြင့် ပြည်သူလူထုက သိသင့်သည် ထင်သမျှကို ကြေငြာပေးခြင်း စသည်ဖြင့် လုပ်ဆောင်နေတာကို မြင်တွေ့ရတော့ ဒီမိုကရေစီစနစ်ကို အထောက်အကူပြုနိုင်တဲ့ နိုင်ငံရေးအမူအကျင့်တစ်ခု ဖြစ်တာမို့ ကြိုဆိုရမှာလည်းဖြစ်ပါတယ်။ 

အစိုးရအဖွဲ့အစည်းများ အဆက်ဆက်ရဲ့ ပုဂ္ဂလိက လူမှုကွန်ယက် အသုံးပြုသူတွေထဲမှာတော့ ယခင်အစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် နဲ့ လက်ရှိ မန္တလေးမြို့တော်ဝန် ဦးရဲမြင့်တို့ နှစ်ဦးကိုသာ Facebook မင်းသားများအဖြစ် တွေ့မြင်ရမှာဖြစ်ပါတယ်။ 

သို့သော်လည်း ဦးရဲထွဋ် လက်ထက် က လူမှုကွန်ယက်ကို ပုဂ္ဂလိကပိုင် တစ်ဦးဆိုင်နာမ်အနေနှင့်သာ အသုံးပြုနိုင်ခဲ့တာကို တွေ့ရပြီး ဦးရဲမြင့်ကတော့ လူမှုကွန်ယက်ကို အစိုးရဌာနတစ်ခုအဖြစ် မန္တလေးတိုင်းကိုယ်စားပြုအဖြစ် ပြည်သူလူထုများနှင့်တသားတည်း အစိုးရ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တသားတည်း ပြည်သူလူထုနှင့်တသားတည်း ရပ်တည်ချက်ကောင်းကောင်း ရည်ရွယ်ချက် မြင့်မြင့် အကျိုးရှိရှိ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်တာကို ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ တွေ့ရမှာဖြစ်ပါတယ်။

 ပြည်သူ တစ်ဦး တစ်ယောက်က ဓါတ်ပုံအချက်အလက်ခိုင်ခိုင်မာမာြဖင့် ဘယ်လမ်း ဘယ်ရပ်ကွက် ဘယ်မြို့နယ်မှာ ဘယ်ပြဿနာဖြစ်နေပါတယ် ဘယ်လိုဖြေရှင်းပေးပါမလဲ ဘယ်လိုဖြေရှင်းပေးနိုင်ပါတယ် ဘယ်တော့ဖြေရှင်းပေးပါမလဲ စသည်ဖြင့် မေးခွန်းများ မေးမြန်းခြင်း mention မန့်ရှင်းခေါ်ယူပြီး အသိပေးခြင်းများကို ပြုလုပ်နိုင်ပြီး ထိုကဲ့သို့သော ပြဿနာများ မေးခွန်းများ အကြံပြုချက်များတက်လာပါကလည်း မန္တလေးမြို့တော်ဝန် ဦးရဲမြင့်က သက်ဆိုင်ရာ ဌာနများမှ ညွှန်ချုပ် ညျွန်မှူး ဌာနမှူး အင်ဂျင်နီယာ တာဝန်ခံ အမှုထမ်း အရာထမ်း အခြားအဆင့် စသည်ဖြင့် ပြန်လည် (mention)မန့်ရှင်းခေါ်ယူပြီး ဖြေရှင်းပေးခြင်း ဖြေရှင်းပေးရန် ညွှန်ကြားခြင်းများကို လူမှုကွန်ယက်ကို အကျိုးရှိရှိ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး ပြည်သူလူထုများစွာနဲ့ ဆက်သွယ်ကာ အချိတ်အဆက်ပြုလုပ်ထားနိုင်တာကို တွေ့ရပါတယ်။ 

ဒီလိုပြုလုပ်နိုင်ခြင်းဖြင့် ဘာတွေအားသာချက်ရှိသလဲဆိုရင် ရပ်ကွက် မြို့နယ် ခရိုင် တိုင်း အဆင့်ဆင့် စာတင်ရခြင်း စာပြန်ကျလာတာကို ပြန်စောင့်ရခြင်းကြောင့် မလိုအပ်ပါဘဲ ပြုန်းတီးနေရသည့် အချိန်ကြန့်ကြာမှု အလွန်နည်းသွားခြင်း၊ မြန်ဆန် မှန်ကန် တိကျ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ပြည်သူလူထုကို အရေးတယူ ဂရုတစိုက်ရှိသဖြင့် မိဘပြည်သူအများက ကျေနပ်အားရမှုများစွာရှိခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများအဆင့်ဆင့်တို့၏ ရာထူးအဆင့်အတန်းများ တာဝန်ဝတ္တရားများ တာဝန်ယူမှု တာဝန်ခံမှု ရှိခြင်း မရှိခြင်းတို့ကို ပြည်သူများက မျက်မြင်ကိုယ်တွေ့ သိရှိရခြင်း၊ တစ်ဌာနနှင့် တစ်ဌာန စာ အသွားအပြန်များ နည်းသွားသောကြောင့် ဝန်ထမ်းအင်အားများ အလုပ်ချိန်များ သက်သာခြင်း၊ လျှပ်စစ်မီတာခများ သက်သာခြင်း၊ စာရွက်စာတမ်းစက္ကူများ သက်သာခြင်း စသည်ဖြင့် များစွာသော အကျိုးကျေးဇူးများကို ပြည်သူလူထု အများစုက လက်တွေ့ခံစားသိရှိကြရပြီး လူမှုရေး စီးပွားရေး ကျန်းမာရေး နိုင်ငံရေးရေချိန်များ မြင့်တက်လာနိုင်တဲ့ ကောင်းကျိုးတွေလည်း ရရှိလာနိုင်တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စကား ငှားပြောရရင် Smart City ဖြစ်ဖို့ဆိုတာ Smart People၊ Smart Citizen၊ Smart Street၊ Smart Road၊ Smart Quarter ၊ Smart City၊ Smart State၊ Smart Country တွေဖြစ်လာရင် အားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်။ အဲ့သည်အတွက် Smart Government ဖြစ်ဖို့ အရင်ဦးဆုံး လိုအပ်မှာပဲဖြစ်ပါတယ်။ 

ဒါကြောင့် Smart Government ဖြစ်လာဖို့ အလျှင်အမြန် အတတ်နိုင်ဆုံး တိကျ မှန်ကန် မြန်ဆန်ပြီး သတင်းရင်းမြစ်ပြန်ကြားရေး ပြည်သူလူထုများနဲ့ဆက်ဆံရေး သတင်းမီဒီယာများနဲ့ဆက်ဆံရေး စသည်တို့ကို အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများအားလုံးက အွန်လိုင်း အင်တာနက်များ လူမှုကွန်ယက်မီဒီယာများ Facebook၊ Twitter၊ Viber၊ You Tube၊ Instagram၊ Line၊ Gmail၊ Email၊ Google၊ Blogsများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် တွင်တွင်ကျယ်ကျုယ် အကျိုးရှိရှိ အသုံးပြုလာကြဖို့ အရေးတကြီး လိုအပ်မှာဖြစ်ပါတယ်။ 

အထူးသဖြင့် လူမှုကွန်ယက် Facebook Pageများတည်ထောင်အသုံးပြုခြင်း Messenger Group Chatများ စုပေါင်း အသုံးပြုခြင်း၊ Viber Group Chatများ ပြုလုပ်အသုံးပြုကြခြင်းများဟာ ဘာမှခက်ခဲခြင်းမရှိဘဲ အွန်လိုင်းအင်တာနက် အသုံးပြုလို့ရသော Smart Phone တစ်လုံးရှိရုံမျှနဲ့ အလွယ်တကူပင် အသုံးပြုနိုင်ကြတာဖြစ်ပါတယ်။ လက်ရှိ အစိုးရ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ အရာရှိ အရာထမ်း အကြပ် စစ်သည် အခြားအဆင့် စသည်ဖြင့် အားလုံးလိုလို ကလည်း အွန်လိုင်းအင်တာနက်ကို အသုံးပြုနေကြ အသုံးပြုတတ်နေကြတာဖြစ်ပါတယ်။ Viber Group Chatများ ပြုလုပ်တာကတော့ ဖုန်းနံပတ်တစ်ခုသာလိုအပ်တာဖြစ်ပါတယ်။ Messenger Group Chatများနဲ့ လူမှုကွန်ယက် Facebook Pageများ တည်ထောင်အသုံးပြုခြင်းအတွက်ကတော့ Facebook Account တစ်ခုသာ လိုအပ်တာ ဖြစ်ပါတယ်။ အစိုးရဌာနဆိုင်ရာအဆင့်ဆင့်ကို တင်ပြစရာမလို၊ ဘတ်ဂျက်တောင်းခံစရာမလို၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်များတွင် ကြယ်ပွင့်ပြမေးခွန်းများမေးစရာမလို၊ ထောက်ခံဆွေးနွေး ခြင်းများ ကန့်ကွက်ဆွေးနွေးခြင်းများ တကူးတက ပြုလုပ်စရာမလိုဘဲ Smart Phoneတစ်လုံး ဖုန်းဘေလ်တစ်သောင်း ရှိရုံမျှလောက်နဲ့ ဝန်ကြီးဌာနတစ်ခုလုံးနဲ့သက်ဆိုင်တဲ့ ရပ်ကွက်အဆင့်၊ကျေးရွာအဆင့်၊ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်များနဲ့ တိုင်းဒေသကြီးများအဆင့်ဆင့်အထိ Facebook Pageများစွာကို အချိန်တိုအတွင်း တည်ထောင်အသုံးပြုနိုင်တာဖြစ်ပါတယ်။

ဥပမာအားဖြင့် ... ယခုလက်ရှိမှာပင် ပြည်သူလူထုအများတို့၏ ဆန္ဒမဲသဘောထားများဖြင့် ရွေးကောက် တင်မြှောက် လိုက်သော ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီဝင်များ တစ်ဦးချင်းစီတို့၏ Facebook Pageများ၊

 မြို့နယ် ၃၃မြို့အတွက် ရွေးကောက်တင်မြှောက်ပေးလိုက်သော မြို့နယ်ကိုယ်စားပြု စည်ပင်သာယာ ဥက္ကဋ္ဌများ အဖွဲ့ဝင် (တစ်) (နှစ်) တို့၏ Facebook Pageများအပြင် 

စည်ပင်သာယာဌာနမှ EOများ၏ Facebook Pageများ၊ 

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေးအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးအဆင့် ဗဟိုအဆင့် သတင်းပြန်ကြားရေး Facebook Pageများ၊

 မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့တို့၏ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ ပြည်နယ်များနှင့် တိုင်းဒေသကြီးအဆင့် ဗဟိုအဆင့် သတင်းပြန်ကြားရေး Facebook Pageများ၊ 

လဝက၊ နယ်စပ်ရေးနှင့် လုံခြုံရေး၊ လူကယ်ပြန်၊ကျန်းမာရေးဝန်ကြီးဌာန၊ စသည်ဖြင့် အစိုးရအဖွဲ့အစည်းများ ဝန်ကြီးဌာနအဆင့်ဆင့် ပြန်ကြားရေးဌာနများကို 

အွန်လိုင်းအင်တာနက် လူမှုကွန်ယက်များပေါ်သို့တက်ရောက်ကာ ပြည်သူလူထုများစွာတို့နှင့်အတူ အချိန်နှင့်တပြေးညီ အပြန်အလှန် ဆက်သွယ်ခြင်း၊ အကြံပေးချက်များကို လက်ခံခြင်း၊ သတင်းပြန်ကြားပေးခြင်း၊ တိုင်ကြားစာများကို လက်ခံစိစစ်ပေးခြင်း လုပ်ငန်းစဉ်များကို ခေတ်ရှေ့သို့ အလွန်လျှင်မြန် သော အရှိန်အဟုန်နှင့် ပြေးတက်နေသော ပြည်သူလူထုများနောက်သို့ ပြောင်းလဲလိုက်ပါလာဖို့ရန် အချိန်တန်ပြီ ဖြစ်ကြောင်းကိုလည်း ပြည်သူလူထုများစွာတို့က လိုလားတောင့်တလျက် ရှိနေလေပြီ။

ယခင် မဆလခေတ်များကလို တစ်လမ်းဝင် တစ်လမ်းထွက် မောင်းထုကြေငြာပြီး တစ်အိမ်တစ်ယောက် မဖြစ်မနေ တက်ရောက်ကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်ခင်ဗျား။မလာရောက်နိုင်ပါက မတက်ရောက်နိုင်ပါက လူကြီးမင်းတို့၏ တာဝန်သာဖြစ်သည်ဟု ကြေငြာမောင်းခတ်နေစရာလည်း မလိုအပ်တော့သော အိုင်တီခေတ် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကို ရောက်နေလေပြီဖြစ်သည်။ 

ဥပမာ မြို့နယ်ရဲစခန်းတစ်ခု၏ Facebook Pageများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ Facebook Pageများ၊ မြို့နယ်ကျန်းမာရေးဆေးရုံဆေးခန်းများ၏ Facebook Pageများ၊ မြို့နယ်လဝကရုံး၏ Facebook Pageများတည်ထောင်ပြီး ပြည်သူလူထု မိဘပြည်သူအများတို့ရဲ့ သိသင့် သိထိုက်သည့်ကိစ္စများ၊ အမိန့်ကြေငြာစာများ၊ ပြန်တမ်းများ၊ သဝဏ်လွှာများ၊ စည်းကမ်းချက်များ၊ ပညာပေး ရုပ်သံ Videoများ၊ သတင်းအချက်အလက်များ၊ မိမိတို့ဌာနက ပြုလုပ်ဆောင်ရွက်နေသော ပြည်သူလူထုများအတွက် အကျိုးရှိသည့် နေ့စဉ် လုပ်ငန်းဆောင်တာများ၊ မှတ်တမ်းမှတ်ရာများ၊ ဓါတ်ပုံမှတ်တမ်းများ၊ စာရင်းဇယားများ၊ Video Fileများ၊ တိုက်ရိုက် Live လွှင့်တင်ပေးခြင်းများ၊ အစည်းအဝေးမှတ်တမ်းများ စသည်တို့ကို အချိန်နှင့် တပြေးညီ ပြည်သူများနှင့်အတူ တိုက်ရိုက် ချိတ်ဆက်ကာ ဆောင်ရွက်နိုင်သော အခြေအနေ အချိန်အခါ အနေအထားကို လက်ဝယ် ပိုင်ပိုင် ရရှိထားချိန်လည်းဖြစ်သည်။ 

ယင်း Facebook Pageများတွင် သက်ဆိုင်ရာ ဌာနများမှ အကြီးအကဲများကို Admin ရာထူးများပေးကာ Page Adminများ ထည့်သွင်းထားခြင်းဖြင့် လုပ်ငန်းစဉ်များစွာတို့ကို တိကျစွာ မြန်ဆန်စွာ မှန်ကန်စွာ ထိရောက်စွာ ဆောင်ရွက်နိုင်မှာလည်း မလွဲဧကန်ပင်ဖြစ်သည်။

သို့ပါသောကြောင့် အထူးသဖြင့် ပြည်သူလူထုများစွာတို့နှင့် နေ့စဉ်မပြတ် ထိတွေ့ဆက်ဆံနေရသော စည်ပင်သာယာဌာန၊ မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊လဝက၊ လူကယ်ပြန်ဝန်ကြီးဌာန၊လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာတို့၏ အွန်လိုင်းအင်တာနက် လူမှုကွန်ယက် Facebook Pageများ အလျှင်အမြန်ပေါ်ပေါက်လာပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများစွာတို့ကို Smart Governmentများအဖြစ် Smartကျကျ တာဝန်ယူမှု တာဝန်ခံမှုများစွာတို့ဖြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း အသိပေနှိုးဆော်လိုက်ရပါသည် ခင်ဗျား။

အမ္ဗနဒီကျော်စွာ