Breaking News

ဇင်လင်း ● တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ပြဿနာ မည်သို့အဖြေရှာမည်နည်း

 ဇင်လင်း ● တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ပြဿနာ မည်သို့အဖြေရှာမည်နည်း
(မိုးမခ) မေ ၁၂၊ ၂ဝ၁၉

ယခုတလော မြန်မာနိုင်ငံရင်ဆိုင်နေရသည့် နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ တရားဥပဒေစိုးမိုးရေးပြဿနာနှင့် မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးပြဿနာ အစရှိသည့် ပြဿနာပေါင်းများစွာအနက် အရင်းခံပြဿနာမှာ NCA ခေါ် “တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး” ကိစ္စဟု ဆိုရပေမည်။ လက်ရှိမြန်မာနိုင်ငံတွင် ပြည်တွင်းစစ် လုံးဝရပ်စဲရေးပြဿနာသည် တိုင်းရင်း သားလက်နက်ကိုင်အင်အားစုအားလုံး NCA သဘောတူစာချုပ်ကိုလက်ခံကာ ၂၁ ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများတွင် တက်ရောက်လာရေးအပေါ် များစွာတည်နေသည်ဟု အစိုးရနှင့် တပ်မတော်တို့က ဆိုနေသည်။ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းလျှက်ရှိရာ၌ နှစ်ပေါင်း ၇ဝ ကြာ ပြည်တွင်းစစ်ရပ်စဲရေးသည် ပဓာနဖြစ်သည်ကို ပြည်သူအများ သိကြသည်။ လက်နက်ကိုင်အင်အားစုအားလုံး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကိုလက်ခံကာ ၂၁ ရာစု ပင်လုံ နိုင်ငံရေးဆွေးနွေးပွဲများတွင်ပါဝင်လာရန်လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောဆိုနေသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီအစုအဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တင်ပြခြင်းနှင့် ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲအခမ်းအနားကို မေ လ ၉ ရက်တွင် ရှမ်းပြည်နယ် တာချီလိတ်မြို့၌ ပြုလုပ်ခဲ့ကြောင်း မီဒီယာသတင်းများအရ သိရသည်။  လက်ရှိ ငြိမ်းချမ်း ရေး ဆွေးနွေးပွဲ အခင်းအကျင်းတွင် အဓိကပါဝင်ပတ်သက်သူများ၏ အချင်းချင်းအကြား စေ့စပ်ညှိနှိုင်းပေးသည့် အဖွဲ့ မရှိဖြစ်နေ သည့်အပြင်၊ အလွတ်သဘောဆွေးနွေးပွဲ ဖေါ်ဆောင်မှုများလည်း အားနည်းနေသည်ဟု ဆိုသည်။ အထူးသဖြင့် အဖွဲ့အစည်း များအကြား ယုံကြည်မှုတည်ဆောက်ခြင်းကိုလည်း အလေးထားဆောင်ရွက်သင့်သည်ဟု  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ စီအဖွဲ့ချုပ်(SNLD) အထွေထွေအတွင်းရေးမှူး စိုင်းညွှန့်လွင်က ယင်းအစည်းအဝေး၌ တင်ပြသည်။ 

လက်ရှိ မြန်မာနိုင်ငံသည် ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန် ငြိမ်းချမ်းရေးရရှိရေး တတ်နိုင်သမျှလုပ်နေကြချိန်ဖြစ်သည်။ သာမန်လက်နက်မကိုင်နိုင်သော ပြည်သူများအကြား အထူးသဖြင့် တိုင်းရင်းသားဒေသရှိ ပြည်သူများ မလုံမခြုံခံစားနေရ သည်။  ၎င်းတို့၏ဘဝများမှာ အချိန်မရွေးခေါ်လျှင် သွားကြရသည်။ အချိန်မရွေး စီရင်ချက်ကျလာလျှင် ငြင်းဆန်မရသည့် အနေအထားဖြစ်သည်။ ယင်းပြဿနာသည် အလွန်အရေးကြီးသည်ဟု ထင်မြင်ကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က သုံးသပ်ပြောဆိုသည်။ ဘာကြောင့် အရေးကြီးသနည်းဆိုလျှင် ထိခိုက် နစ်နာမှုများလာပါက၊ ဖြေရှင်းမရဖြစ်လာခဲ့လျှင်၊ လက်နက်စွဲကိုင်တိုက်သည့်နည်းကလွဲ၍ မရှိဆိုသည်မျိုးဖြစ်လာမည်။ လက် နက်မရှိသူက အမြဲတမ်း တပန်းရှုံးနေသည်ဟူသော အတွေးအခေါ်အယူအဆမျိုးကို ပေးလိုက်သလို ဖြစ်လာနိုင်သည်။ ထို့ ကြောင့် ထိုအယူအဆမျိုး ဖြစ်လာအောင်မလုပ်သင့်ဟု ဦးမင်းကိုနိုင်က ဆွေးနွေးတင်ပြကြောင်း 7Day Daily သတင်းက ဖေါ်ပြသည်။

အစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များအကြား ယုံကြည်မှုတည်ဆောက်ရေးနှင့် အရပ်သားများလုံခြုံရေး အလေး ထားဆောင်ရွက်သင့်ကြောင်း ဆွေးနွေးသူများက မှတ်ချက်ပြုသည်။ UPDJC ၏ မေလ ၉ ရက်နေ့ တာချီလိတ်မြို့၌ ကျင်းပ သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ရှင်းလင်းပွဲသို့ အစုအဖွဲ့ဝင် ဝါရင့်နိုင်ငံရေးသမားများ၊ နိုင်ငံရေးလေ့လာ သုံးသပ်သူများ ပါဝင်ဆွေးနွေးခဲ့ပြီး၊ ဒေသခံနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် မြို့မိ မြို့ဖများ တက် ရောက်ကြောင်း 7Day Daily သတင်းက ဖေါ်ပြသည်။

လွန်ခဲ့သည့် ၂ဝ၁၉ မတ်လ ၅ ရက်မှ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့၌ကျင်းပခဲ့သော NCA လက်မှတ်ထိုး (၁ဝ)  ဖွဲ့ ခေါင်းဆောင်များတက်ရောက်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)အစည်းအဝေးအပြီးတွင် ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က မိန့်ခွန်းပြောကြားခဲ့စဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တဆို့နေခြင်းမှာ ‘ခွဲမထွက်ရကိစ္စ’ နှင့် ‘တခုတည်းသောတပ်မတော်’ ကိစ္စများကြောင့်ဖြစ်ဟု ပြောကြားခဲ့သည်။ ခွဲမထွက်ရကိစ္စ သည် NCA စာချပ်တွင်မပါဝင်ဟု ၎င်းက ဆိုသည်။ ခွဲမထွက်ရကိစ္စနှင့်စပ်လျဉ်း၍ တပ်မတော်၏စိုးရိမ်ပူပန်မှုကို နားလည် ကြောင်း၊ လက်ရှိအနေအထားတွင် ခွဲထွက်ခွင့်တောင်းဆိုမှုမရှိသဖြင့် စိုးရိမ်ဖို့မလိုကြောင်း ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောခဲ့ ဖူးသည်။

တနိုင်ငံလုံးအ ပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးသည့် တိုင်းရင်း သားလက်နက်ကိုင် ၁ဝ ဖွဲ့အနေဖြင့် ခွဲထွက်ရေး တောင်းဆိုမည်ဟု တကြိမ်မျှ ဆွေးနွေးခဲ့ဖူးခြင်း မရှိကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောကြား ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တဆို့စေသည့် ခွဲမထွက်ရကိစ္စကို နိုင်ငံရေးဆွေးနွေးပွဲတွင် မထည့်သင့်ဟု တပ်မတော်ထံ မေတ္တာရပ်ခံခဲ့ဖူးကြောင်း 7Day Daily သတင်း၌ဖေါ်ပြခဲ့သည်။ 

‘‘ကျွန်တော်တို့ PPST ထဲမှာလည်း ခွဲထွက်ဖို့ တောင်းဆိုမယ်လို့တခါမှ ဆွေးနွေးချက်တွေမရှိခဲ့ပါဘူး။ ဒါကြောင့် မလိုအပ်ဘဲ နဲ့ တပ်မတော်ဘက်က ခွဲမထွက်ရဆိုတဲ့ကိစ္စကို ထည့်ထားတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က တစ်ဆို့သွားတယ်လို့ ကျွန်တော်တို့ဘက်က မြင်ပါတယ်’’ ဟု ဗိုလ်ချုပ်ကြီးယွက်ဆစ်က ဆိုသည်။

တခုတည်းသောတပ်မတော်ကိစ္စသည် လုံခြုံရေးကဏ္ဍ၏ခေါင်းစဉ်အောက်တွင်ရှိ၍၊ ယင်းကိစ္စကို တရားဝင်ဆွေးနွေးပွဲပြု လုပ်ခြင်းထက် အလွတ်သဘောဆွေးနွေးမှသာ အဆင်ပြေနိုင်မည်ဖြစ်သည်ဟု RCSS ဥက္ကဋ္ဌက ဆိုသည်။  အိမ်နီးချင်း နိုင်ငံ များအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စောင့်ကြည့်နေကြသဖြင့် ပြဿနာအားလုံး ဖြေရှင်းရေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ သော့ချက်ဖြစ်သည်ဟု ၎င်းကဆိုခဲ့သည်။

“ဒါကြောင့်မို့ ကျွန်တော်တို့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ စိတ်ရှည်လက်ရှည်ထားဖို့ လိုတယ်၊ အချိန်ယူဖို့လိုတယ်။ ကိုယ့်ရပ်တည်ချက်ကို အသေကိုင်မထားဖို့လိုတယ်”  ဟု RCSS ဥက္ကဋ္ဌက ပြောသည်။

ဤအတောအတွင်း သတင်းကောင်းတခုမှာ အစိုးရနှင့် မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIO/KIA)၊ တအာင်း အဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA) တို့နှင့်၏ အပစ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲကို မေလ အလယ်လောက်တွင်ပြုလုပ်ရန်  ညှိနှိုင်းထားသည်ဟု ဆွေးနွေးပွဲ ဖြစ်မြောက်ရေးဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေး ရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြောင်း 7Day Daily က ဖေါ်ပြသည်။ 

သတင်းအရ အစိုးရနှင့် မြောက်ပိုင်း ၄ ဖွဲ့သည် ၂ဝ၁၉ ဧပြီ ၃ဝ ရက်နေ့က မူဆယ်မြို့၌ တရားဝင်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ Bilateral Agreement နှစ်ဦးနှစ်ဖက် အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆောင်ရွက်ရန် သ ဘောတူညီခဲ့သည်။ မြောက်ပိုင်းလက်နက်ကိုင် ၄ ဖွဲ့ကလည်း တဖွဲ့ချင်းစီ၏ Bilateral အပစ်ရပ်စာချုပ်မူကြမ်းကို အစိုးရ ထံပေးအပ်ခဲ့သည်။ စာချုပ်မူကြမ်းပါအချက်များနှင့်ပတ်သက်၍ အလျှော့အတင်းပြုလုပ်ရန် လာမည့်ဆွေးနွေးပွဲမတိုင်မီ စာ ဖြင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ထားသည်ဟု ဦးလမိုင်ဂွန်ဂျာက ဆိုသည်။

‘‘စာနဲ့စာပေးစာယူသဘောနဲ့ အရင်ပို့မယ်။ တကြိမ်နှစ်ကြိမ် လောက်ပို့ပြီးမှ မေလအလယ်လောက်မှာတွေ့တဲ့အခါ ပိုပြီး မြန်မြန်ဆန်ဆန်လေး လက်မှတ်ထိုးနိုင်အောင်လုပ်မယ်ဆိုပြီး  ညှိနှိုင်းထားတာဖြစ်တယ်’’ ဟု ဦးလမိုင်ဂွန်ဂျာက ဆိုသည်။

လာမည့် ဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့က မူဆယ်တွင်ပြုလုပ်လိုကြောင်း အဆိုပြုထားပြီး အစိုးရ ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ကမူ မန္တလေး၊ ရန်ကုန်၊ နေပြည်တော်နှင့် မြစ်ကြီးနားစသည့်မြို့များတွင် ပြုလုပ်လိုကြောင်း အဆိုပြု ထားသည်ဟု ၎င်းကရှင်းပြသည်။

တနိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များအနက် မြောက်ပိုင်းလက်နက်ကိုင် ၃ ဖွဲ့မှအပ ကျန်အဖွဲ့များသည် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးဆောင်ရွက်ထားသည်။ KIO သည် ၁၉၉၄ တွင် Bilateral  ရေးထိုးခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် ဇွန်လတွင် ကျိုး ပျက်ခဲ့သည်။ မြောက်ပိုင်း ၄ ဖွဲ့တွင် ပါဝင်သည့် KIO အနေဖြင့် Bilateral အပစ်ရပ်စဲရေးလက်မှတ်ထိုးပြီးပါက NCA ကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် အဆင့်ရောက်အောင် ဆွေးနွေးညှိနှိုင်းရန် ရည်မှန်းထားသည်ဟု အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားထားကြောင်း သိရသည်။

တပ်မတော်နှင့် KIA တို့ ၂ဝ၁၁ ခုနှစ် ဇွန်လက စ၍ တကျော့ပြန်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ၂ဝ၁၈ ခုနှစ် အလယ်အထိ တိုက်ပွဲ များ မကြာခဏ ပြင်းထန်စွာဖြစ်ပွားခဲ့။ ၂ဝ၁၈ ဇွန်လ နောက်ပိုင်း တိုက်ပွဲဖြစ်ပွားမှု သိသာစွာလျော့နည်းပြီး တပ်မတော်က တဖက်သတ် အပစ်ရပ်ကြေညာသည့် ၂ဝ၁၈ ဒီဇင်ဘာ ၂၁ နောက်ပိုင်း ကချင်ပြည်နယ်၌ တိုက်ပွဲဖြစ်ပွားမှုမရှိဟု နှစ်ဖက် စလုံးက ပြောသည်။သို့သော် ဧပြီလ တတိယပတ်အတွင်း တပ်မတော်နှင့် KIA အကြား ရှမ်းပြည်နယ် မြောက်ပိုင်း၌ တိုက်ပွဲ ဖြစ်ပွားမှုအချို့ရှိသည်ဟု နှစ်ဖက်စလုံးကအတည်ပြုခဲ့သည်။

ဧပြီ ၃ဝ ရက်က မူဆယ်မြို့၌ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ (PC) နှင့် ကချင်အဖွဲ့ (KIO/KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ရခိုင်အဖွဲ့ (AA)၊ ကိုးကန့်အဖွဲ့ (MNDAA) တို့ တွေ့ဆုံစဉ် “ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရာ၌ NCA သဘောတူစာချုပ်ကို ရှောင်လွှဲ၍ မရနိုင်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်ဟု အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က သတင်းထုတ်ပြန်ခဲ့သည်။

ဦးသိန်းဇော်က ‘‘ဒီနေရာမှာ ကျွန်တော်တို့ နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ လွှတ်တော်အနေနဲ့ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် NCA ကို ရှောင်လွှဲ၍မရနိုင်ပါ။ ဒါဟာလည်း သမိုင်း၏ လက်ဆင့်ကမ်းအမွေဖြစ်ပြီး မိမိတို့အားလုံးအတွက် ပေး ထားချက်လည်းဖြစ်ပါတယ်။ ဒါကြောင့် ယနေ့တွေ့ဆုံဆွေးနွေးပွဲသို့ လက်နက်ကိုင်ဆောင်ပြီး တောင်းဆိုနေမယ့်အစား၊ လက်နက်ကိုင်ဆောင်ပြီး ပယ်ချကြမယ့်အစား စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံညှိနှိုင်းအဖြေရှာကြဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက်အကောင်အထည်ဖော်သွားကြစို့လို့ တိုက်တွန်းလိုပါတယ်’’ ဟု ၎င်းကဆိုသည်။

သို့သော် ထို ဧပြီလ ၁၇ ရက်နေ့က မြန်မာ့နိုင်ငံရေးတွင် အလွန်အရေးကြီးသော အခင်းအကျင်းတခု ပေါ်ပေါက်ခဲ့သည်။   UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်းရေးရရှိခြင်း နှစ် ၃ဝ ပြည့် အခမ်းအနားကို  ပန်ဆန်းမြို့၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ခြင်း ဖြစ်သည်။ ထောင်နှင့်ချီ၍ တက်ရောက်လာသော အထူးဧည့်သည်များကို လိုလေသေး မရှိ ကျွေးမွေးဧည့်ခံ၍ တည်းခိုနေထိုင်ရေးအတွက်လည်း အဆင်ပြေအောင် UWSA က စီစဉ်ပေးခဲ့သည်။ လွန်ခဲ့သော နှစ် ပေါင်း ၃ဝ က ဆင်းရဲချို့တဲ့လှသောဒေသတွင် မြို့ပြအင်္ဂါပြည်စုံစွာဖြင့် အံ့မခန်းတိုးတက်နေသည့်ပန်ဆန်းသို့ရောက် ရှိခဲ့ကြ သူများ တအံ့တသြဖြစ်ကြရသည်ဟု ဆိုသည်။ ထိုသို့ တိုးတက်ဖွံ့ဖြိုးမှုကိုပြသချင်သောကြောင့် မြန်မာအစိုးရအဖွဲ့ ဝင်များနှင့် တကွ တပ်မတော်ခေါင်းဆောင်များ၊ သံတမန်များကို ဖိတ်ကြားခဲ့ခြင်းဖြစ်သည်ဟု တက်ရောက်ခဲ့သူများက သုံးသပ်သည်။ နိုင်ငံရေးအခင်းအကျင်းအရ ထူးခြားသည့်ကိစ္စမှာ UWSA ဥက္ကဋ္ဌ ပေါက်ယူချန်း၏ မိန့်ခွန်းနှင့် စစ်ရေးပြပွဲ အခမ်းအနားဖြစ်သည်။ စစ်သည်အင်အား ၂ သောင်းခွဲခန့်ရှိသည့် UWSA တပ်သည် တိုင်းရင်းသားတပ်ဖွဲ့များအနက် စစ်အင်အားတောင့်တင်းမှု အရှိဆုံးဖြစ်သည်။ စစ်သည်အင်အား ၈ဝဝဝ ခန့် စစ်ရေးပြအခမ်းအနားတွင် ပါဝင်စစ်ရေးပြခဲ့သည်ဟု သိရသည်။ ထို့ပြင် လေယာဉ်ပစ် ဒုံးကျည်များ၊ ဒုံးကျည်တပ် မောင်းသူမဲ့လေယာဉ် Drone များကိုလည်း စစ်ရေး ပြပွဲတွင် ထုတ်ဖေါ်ပြသခဲ့သည်မှာ ထူးခြားသည်။ နိုင်ငံရေးရည်ရွယ်ချက်ပါသည့် စစ်ရေးပြပွဲဟု သုံးသပ်ကြသည်။

UWSA ဥက္ကဋ္ဌ ပေါက်ယူချန်းက ‘ဝ ဒေသ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့်အခမ်းအနား’ ၌ ဝပြည်နယ် သွေးစည်ညီညွတ်ရေးပါတီ UWSA အနေဖြင့်  ပြည်ထောင်စုမှခွဲထွက်မည်မဟုတ်ဟု ကတိပြုခဲ့သည်။ သို့သော် ဝ ကိုယ်ပိုင်ခွင့်ရ ပြည်နယ်အဆင့်အထိ သတ်မှတ်ပေးရန်လည်း တရားဝင်တောင်းဆိုခဲ့သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရမချင်း UWSA အနေဖြင့်  လက်ရှိ အနေအထား အတိုင်း လက်နက်စွဲကိုင်ထားမည်ဟုလည်း UWSA ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ ပေါက်ယူချန်းက သူ့မိန့်ခွန်းတွင် တောင်းဆို ထားမှုများ အကောင်အထည်မပေါ်သေးမီအထိ  UWSA အနေဖြင့်  လက်တဖက်က  ငြိမ်းချမ်းရေးအလံကိုလွှင့်ထူ၍ အခြား လက်တဖက်က လက်နက်ဖြင့် မိမိကိုယ်ကို ကာကွယ်ရေးအလံလွှင့်ထူကာ လက်ရှိအနေအထားကို ဆက်လက်စောင့်ထိန်း သွားမည်ဟု ပြောခဲ့သည်။  

သတိပြုမိသည့် အချက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က “ဝ အထူးဒေသ၂” ဟု “ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃ဝ ပြည့်အခမ်းအနား” သဝဏ်လွှာ၌ ဖေါ်ပြထားခြင်းဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံ၏ သဝဏ်လွှာ၌ “ရရှိထားသော တည်ငြိမ် အေးချမ်းမှုကို ရေရှည်ခိုင်မာစွာထိန်းသိမ်းစေမည့် ပဋိပက္ခလျော့ချရေး၊ စောင့်ကြည့်ရေးနှင့် အငြင်းပွားမှုများ လျှော့ချရေး လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားအခွင့်အရေး၊ တန်းတူညီမျှရေးနှင့် ညီညွတ်ရေးုတို့ကို ဆောင်ကြဉ်းပေးနိုင်မည့် နိုင်ငံရေး ဆွေးနွေးပွဲများမှာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement (NCA) လက်မှတ်ထိုးပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။” ဟု ဖေါ်ပြထားသည်။ အစိုးရအနေဖြင့် ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံအစည်းအဝေးများတွင် ပါဝင်သင့် ပါဝင်ထိုက်သော တိုင်းရင်းသားအဖွဲ့များ ပါဝင်ရေးကို စိတ်ရင်းအမှန်ဖြင့် ဆောင်ရွက်နေကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိရေးအဆင့်သို့ ဆက်လက်တက်လှမ်းသင့်ကြောင်း တိုက် တွန်းထားသည်။

UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက နိုင်ငံတနိုင်ငံတွင် တပ်မတော်တခုတည်းရှိရေးမူဝါဒကို နားလည်သဘော ပေါက်သည်ဟု ဆိုသည်။ သို့သော်လည်း လက်ရှိအခြေအနေ၌ ဝ ပြည်သူများ၏ နိုင်ငံရေးအာမခံချက်ရရှိရန် ဝတပ်ဖွဲ့အင် အားကို တည်ဆောက်ရခြင်းဖြစ်ကြောင်း ပန်ဆန်းမြို့သတင်းစာရှင်းလင်းပွဲ၌ ဦးကျောက်ကော်အန်းက ပြောသည်။  ဝ တပ် ဖွဲ့ကို တည်ဆောက်နေခြင်းသည် ကိုယ့်လူထုကိုကာကွယ်ရန်ပြင်ဆင်ခြင်းဖြစ်ပြီး အစိုးရကို တိုက်ခိုက်ရန်မဟုတ်ဟု သူက ဆိုသည်။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ထိုးရေးကိစ္စနှင့်ပတ်သက်၍ပြောရာ၌ ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်က UWSA သည် ပြည်နယ်အဆင့်အပါအဝင် ပြည်ထောင်စုအဆင့်အထိ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။ လက်မှတ်ထိုးပြီးလျှင် UWSA အနေဖြင့် နိုင်ငံရေးဆွေးနွေးပွဲများ တက်ရောက်နိုင် မည်ဟု ကတိပေးခဲ့ပြီးဖြစ်၍၊ ယခုအစိုးရလက်ထက် NCA လက်မှတ်ထိုးရန်ပြောနေခြင်းသည် ရှေ့နောက်မညီဟု ၎င်းက ဆိုသည်။

လက်ငင်း နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်များကိုလေ့လာသုံးသပ်ပါက ‘ဝ’ အဖွဲ့ (UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ ကချင်အဖွဲ့ (KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA) တို့ မှ ခေါင်းဆောင်များ ပါသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) သည် NCA စာချုပ် လက်မှတ်ထိုးရေးကိစ္စ ယခုအထိ သဘောတူခြင်း မရှိသေး။ ‘ဝ ဒေသ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့်အခမ်းအနား’ ၌ ဝပြည်နယ်သွေးစည်ညီညွတ်ရေးပါတီ UWSA အနေဖြင့်  ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်ဟု ကတိပြုသော်လည်း NCA လက်မှတ်ထိုးရန် ယခုထက်တိုင် ငြင်းပယ်နေ သည်။ ထို့ပြင် UWSA ၏ စစ်ရေးပြပွဲက ကျန် EAOs များအပေါ် အတွေးအခေါ်အရ လွှမ်းမိုးသွားနိုင်၍လည်း စိုရိမ်စရာ ကောင်းသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းရေးထက် စစ်အင်အားပြတောင်းဆိုနည်းကို အားကျသွားပါက ငြိမ်းချမ်းရေးခရီးစဉ် တန့်ရပ်သွားဖွယ် ရှိနေသည်။ ဧပြီ ၃ဝ တွင် ယာယီအပစ်ရပ် သက်တမ်းကုန်ပြီ ဖြစ်သဖြင့် တပ်မတော်က နောက်ထပ် ၂ လ အပစ်ရပ်သက်တမ်းတိုးပေးထားသည်။ သို့သော်လည်း ရခိုင်ပြည်နယ် စစ်မျက်နှာအကြုံးမဝင်သောကြောင့် ရလဒ်ကောင်း မရနိုင်ဟု ဝေဖန်သုံးသပ်မှုများ ရှိသည်။ လက်ရှိ အနေအထား အတိုင်း ဆိုလျှင် အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေး အလားအလာက မှေးမှိန်လျှက်ရှိသည်။ တပ်မတော်က  ရခိုင်စစ်မျက်နှာ၌ အပစ်ရပ်ကြေညာမှု မလုပ်လျှင် နိုင်ငံရေး လေပြင်း မုန်တိုင်းများ ဆက်လက်ပြင်းထန်လာမည်ဖြစ်သည်။ သို့ဆိုလျှင် တနိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အ ကောင်အထည်ဖေါ်ရေးလုပ်ငန်းစဉ်တွင် EAOs အားလုံးပါဝင်ရေးဆိုသည်မှာ လေထဲတွင် တိုက်အိမ်ဆောက်သလိုသာ ဖြစ် နေလိမ့်ဦးမည်ဟု ထင်မြင်မိပါသည်။