Breaking News

သွေး (စစ်ကိုင်း) - LGBT တို့ရဲ့ အခွင့်အရေးကို လေးစားပါ



ကိုကျော်ဇင်ဝင်း၏ နာရေးအခမ်းအနား၌ တွေ့ရသည့် ၎င်း၏အလုပ်ရှင်ထံမှ လွမ်းသူ့ပန်းခြင်း


သွေး (စစ်ကိုင်း)  - LGBT တို့ရဲ့ အခွင့်အရေးကို လေးစားပါ

(Myanmar NOW)
မိုးမခ၊ ဇွန် ၂၈၊ ၂၀၁၉

လူသားတစ်ယောက်ဟာ ဘယ်နိုင်ငံမှာပဲ မွေးဖွားလာတာ ဖြစ်ပါစေ သူ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ မဖြစ်မနေ ရသင့်ပါတယ်။ ကျား/မ ဖြစ်တည်မှု အပေါ် မူတည်ပြီး သို့မဟုတ် လိင်စိတ် ကွဲပြားမှု အပေါ် မူတည်ပြီး သူတို့ရဲ့ အခွင့်အရေးကို အသိအမှတ် မပြုတာမျိုး မဖြစ်သင့်ပါဘူး။ ဝမ်းနည်းစရာ ကောင်းတာက ကျမတို့ မြန်မာနိုင်ငံမှာ လူတစ်ယောက်ရဲ့ လိင်စိတ် ခံယူမှု အပေါ် လက်မခံနိုင်ဘဲ နည်းမျိုးစုံနဲ့ ခွဲခြား ဆက်ဆံနေကြတာပါပဲ။

တချို့နိုင်ငံတွေမှာ လိင်စိတ်ကွဲပြားမှုကို ပြဿနာကြီး တစ်ရပ်လို့ မယူဆတော့ဘဲ သက်ဆိုင်ရာ အစိုးရတွေက လိင်တူချင်း လက်ထပ်ခွင့်ပြုတဲ့ ဥပဒေတွေကိုတောင် ပြဋ္ဌာန်းပြီးပါပြီ။ LGBT တို့ရဲ့ အရည်အချင်းကိုသာ ကြည့်ပြီး အလုပ်ခွင်တွေမှာ ခွဲခြားမှု မရှိအောင်လည်း အကာအကွယ်ပေးထား ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာတော့ ရင့်သီးနှိမ့်ချတဲ့ အသုံးအနှုန်းတွေနဲ့ ခွဲခြားတားမြစ်တာတွေ အမြစ်တွယ်နေတာ တွေ့ရပါတယ်။ “အခြောက်”၊ “မိန်းမလျာ”၊ “ယောက်ျားလျာ” စသဖြင့် နှိမ့်ချစော်ကားမှုတွေထဲမှာ… ပြည်သူကို ဖျော်ဖြေမှု ပေးနေပါတယ်၊ အသိပညာပေးနေပါတယ် ဆိုတဲ့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေထဲမှာ လှိုင်လှိုင်ကြီး သုံးနေ ပြောနေကြ ပါတယ်။ သြဇာကြီးမားတဲ့ ဒီလိုမီဒီယာကြီးတွေမှာ ချိုးနှိမ်သုံးစွဲတာနဲ့ အမျှ အများစုသော ပြည်သူတွေရဲ့ အတွေးမှာ မှန်မှန်ကန်ကန် မမြင်နိုင်တော့တာတွေ ဖြစ်လာစေနိုင်ပါတယ်။

သူတို့အပေါ် လှောင်ပြောင်တာ၊ နှိမ့်ချပြောဆိုတာတွေက လူ့အခွင့်အရေးကို ချိုးဖောက်နေတာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၄ ရက်နေ့မှာ အင်မတန် ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ Myanmar Imperial University မှာ စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်နေတဲ့၊ အသက် ၂၆ နှစ် အရွယ်ပဲ ရှိသေးတဲ့ မောင်ကျော်ဇင်ဝင်းဟာ သူ့ရဲ့ လိင်စိတ်ခံယူမှု အပေါ် မူတည်ပြီး အုပ်စုဖွဲ့ အနိုင်ကျင့် လှောင်ပြောင် သရော်တာ ခံခဲ့ရတာကြောင့် ကိုယ့်ကိုယ်ကို သတ်သေတဲ့ အထိ ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်ပါ။

ဒီသတင်းကို ကြားရသူတွေဟာ အံသားသင့် စိတ်မကောင်း ဖြစ်ကြရသလို ဘဝမှာ အများကြီး ရှင်သန်နေထိုင် လုပ်ကိုင်နေနိုင်သေးတဲ့ လူငယ်တစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေချင်လောက်အောင် ဘာတွေက ဖိစီး တွန်းပို့ အားပေးခဲ့သလဲ ဆိုတဲ့ ဝေဖန်စောကြောမှုတွေကိုပါ ထွက်ပေါ်လာစေခဲ့တာပါ။

သူ အသုံးပြုတဲ့ သူ့ရဲ့ Facebook Account မှာ လုပ်ငန်းခွင်အတွင်း လှောင်ပြောင်ခံရတာ၊ cyber bullying အလုပ်ခံရတာတွေကို သူ သေကြောင်း မကြံစည်ခင်မှာ ရေးသားခဲ့တာကို တွေ့မြင်ဖတ်ရှုရပါတယ်။ ပုဂ္ဂလိက တက္ကသိုလ်ကြီး တစ်ခု ဖြစ်ပါလျက်နဲ့…၊ လူ့ကျင့်ဝတ် သိက္ခာကို လေးစားအသိအမှတ်ပြု လိုက်နာရမယ့် တာဝန်ရှိနေပါလျက်နဲ့… တက္ကသိုလ် အကြီးအကဲ ဆိုသူက မောင်ကျော်ဇင်ဝင်းကို အစည်းအဝေး ခန်းမထဲမှာ တစ်ယောက်တည်း ကွက်ချန်ပြီး Gay (လိင်တူချင်းနှစ်သက်သည့်အမျိုးသား) ပါလို့ ဝန်ခံစေခဲ့တယ် ဆိုတဲ့ လုပ်ရပ်ဟာ အင်မတန် ရှက်စရာကောင်းပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေက သူ့အပေါ် နားလည်ပေးရမယ့် အစား၊ စာနာမှု ပေးရမယ့် အစား Viber Group Chat ပေါ်မှာ လှောင်ပြောင်တာ၊ အနိုင်ကျင့် နှိမ်ချ စော်ကားတာတွေမျိုး ဘယ်လိုမှ မဖြစ်သင့်သလို… တက္ကသိုလ် တစ်ခုအနေနဲ့ ကိုယ့်ကိုယ်ကို လေးစားလိုက်နာရမယ့် ကျင့်ဝတ်ကို အလေးမထားသလို တခြားသူ တစ်ဦးတစ်ယောက် အပေါ်မှာလည်း ချိုးဖောက်ရာ ရောက်နေပါတယ်။

အဲဒီလို မောင်ကျော်ဇင်ဝင်းကို အနိုင်ကျင့် လှောင်ပြောင်ခဲ့သူတွေ အပေါ် ဘယ်လိုဆက်လက် ဆောင်ရွက်မလဲ လို့ ပြည်သူတွေက မေးခွန်းထုတ်ခဲ့တာတွေ ရှိပါတယ်။ Myanmar Imperial University က ဇွန် ၂၅ ရက်နေ့ ညနေပိုင်းမှာ ကြေညာချက် တစ်ခု ထုတ်ပြန်ပြီး လုပ်ငန်းခွင်အတွင် ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပါဝင်ပတ်သက်သူ ၃ ဦးကို အလုပ်မှ ယာယီရပ်ဆိုင်းထားကြောင်း၊ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး အသေးစိတ် စုံစမ်းစစ်ဆေးသွားဖို့ ဆုံးဖြတ်ထားကြောင်း ပါရှိပါတယ်။

Myanmar Imperial University နဲ့ ချိတ်ဆက်ထားတဲ့ ဗြိတိန်က University of Northampton ကလည်း ဒီသတင်းအတွက် စိတ်မကောင်း ဖြစ်ရသလို စုံစမ်းစစ်ဆေးမှု၊ တာဝန်ယူ တာဝန်ခံမှုတွေပါ ပြုလုပ်ဖို့ပါ တိုက်တွန်းထားတာလည်း တွေ့ရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေ ဖြစ်ကြတဲ့ ညီမျှခြင်းမြန်မာ၊ ကာလာရိန်းဘိုး၊ ကံမြန်မာ၊ မြန်မာနိုင်ငံ ဆန့်ကျင်ဘက် လိင်ကဲ့သို့ ပြုမူနေထိုင်သူများ မဟာမိတ် (NTPAM), Kings and Queens, သပြေညို ရွှေဘိုပန်းနဲ့ Diversity For Love တို့ စုပေါင်းကြေညာချက် တစ်စောင် ဇွန် ၂၅ ရက်နေ့က ထုတ်ပြန်တာလည်း တွေ့ရပါတယ်။

အဲဒီကြေညာချက်ထဲမှာ -

“ကျွန်ုပ်တို့ လူမှုအသိုင်းအဝိုင်း အနေဖြင့် အခင်းဖြစ်ပွားအောင် အားပေးအားမြှောက် ပြုခဲ့သူများနှင့် ကျူးလွန်သူများအား အရပ်သားဖြစ်စေ၊ နှင့်/ သို့မဟုတ် ရာဇဝတ်မှုအားဖြင့် ဖြစ်စေ ချက်ချင်း အရေးယူဆောင်ရွက်ပေးရန်နှင့် မြန်မာအင်ပီးရီးယဲလ် တက္ကသိုလ် အနေဖြင့် နောက်နောင်တွင် အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားခြင်းမှ ကာကွယ်ရန်၊ လူထုရှေ့မှောက် တရားဝင်တောင်းပန်ချက်များ၊ ပွင့်လင်းမြင်သာသော အရေးယူဆောင်ရွက်ချက်များ ဆောင်ရွက်သွားရန် အထူးတောင်းဆိုအပ်ပါသည်”လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မတ် ၄ ရက်နေ့ကလည်း LGBT အရေး လှုပ်ရှားနေသူတွေက သူတို့ကို လှောင်ပြောင်မှုတွေ၊ လှောင်ပြောင်တဲ့ သရုပ်ဖော်တင်ဆက်မှုတွေကို တချို့ ရုပ်ရှင်၊ ဗီဒီယိုတွေမှာ တွေ့နေရလို့ ဒီလို လုပ်ဆောင်မှုတွေ ရပ်တန့်ပေးဖို့ တရားဝင် တောင်းဆိုခဲ့တာလည်း တွေ့ရပါတယ်။

တကယ်တော့.. LGBT တို့ဟာ အမျိုးမျိုးသော ခွဲခြားဆက်ဆံခံရမှုတွေကြား ရှင်သန်နေထိုင်နေကြရတာ ဖြစ်ပြီး မိသားစုထဲ၊ လုပ်ငန်းခွင်ထဲအထိ ကန့်သတ်မှုတွေ၊ ခွဲခြားမှုတွေပါ တွေ့ကြုံခံစားနေကြရတာပါ။ မိန်းမတစ်ယောက်လို ခံယူမယ်၊ ယောက်ျားတစ်ယောက်လို ခံယူမယ်၊ ယောက်ျားလေးလိုရော မိန်းကလေးလိုပါ ခံယူမယ်၊ လိင်ပြောင်းမယ်… ဆိုတဲ့ အရာတွေဟာ လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်သာ ဖြစ်ပါတယ်။

မြန်မာ့လူ့အဖွဲ့အစည်းမှာ LGBT တို့ အပေါ် အနိုင်ကျင့် ဗိုလ်ကျမှု ဘယ်လောက်ရှိနေသလဲ ဆိုတာကို မောင်ကျော်ဇင်ဝင်းရဲ့ ဖြစ်ရပ်က သက်သေပြလိုက်တာ ဖြစ်သလို LGBT တို့ရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဥပဒေတစ်ရပ် လိုအပ်နေပါပြီ၊ ဥပဒေတရပ် ရေးဆွဲ အကာအကွယ်ပေးဖို့ လိုနေပါပြီ ဆိုတဲ့ အကြောင်းကိုပါ မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။

ကျမတို့ လူမှု အသိုက်အဝန်း အနေနဲ့ ဒီလို အနိုင်ကျင့်မှုတွေ၊ ချိုးဖဲ့နှိမ်ချတာတွေ ထပ်မံမဖြစ်ပွားဖို့ သတိချပ်သင့် ပါတယ်။ LGBT တို့ဟာ လူသားတွေ လူသားတွေဖြစ်လို့ သူတို့ရဲ့ လူသားဂုဏ်သိက္ခာကို ကျမတို့ လေးစားရ ပါမယ်၊ အလေးထားရပါမယ်။

လူ့ဂုဏ်သိက္ခာ ရှိစွာ နေထိုင်ရှင်သန်နိုင်ဖို့… မောင်ကျော်ဇင်ဝင်း အတွက် တရားမျှတမှု ရရှိဖို့၊ နောက်ထပ် အနိုင်ကျင့်မှုတွေ မဖြစ်အောင် ကာကွယ်ပေးဖို့၊ သူတို့လည်း ရသင့်ရထိုက်တဲ့ လူ့အခွင့်အရေးတွေကို ဆောင်ကြဉ်းပေးဖို့၊ ကျမတို့ မြန်မာ့ လူ့အဖွဲ့အစည်း အတွင်း အသိအမြင်တွေ မြှင့်တင်ပေးဖို့ ကျမတို့ နိုင်ငံသား အားလုံးမှာ တာဝန်ရှိပါကြောင်း သုံးသပ်ရေးသား တင်ပြလိုက်ရပါတယ်။ ။

သွေး (စစ်ကိုင်း) သည် လူ့အခွင့်အရေး၊ နိုင်ငံရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့်အကြောင်းအရာများ ရေးသားနေသည့် ရန်ကုန်အခြေစိုက် စာရေးဆရာမတစ်ဦး ဖြစ်သည်။