Breaking News

ဇင်လင်း ● စစ်ပွဲများ ချက်ချင်းရပ်၍ ငြိမ်းချမ်းလိုသောဆန္ဒရှိကြောင်း ပြသကြရမည့်အချိန်ဖြစ်သည်

ဇင်လင်း ● စစ်ပွဲများ ချက်ချင်းရပ်၍ ငြိမ်းချမ်းလိုသောဆန္ဒရှိကြောင်း ပြသကြရမည့်အချိန်ဖြစ်သည်
(မိုးမခ) ဇွန် ၂၃၊ ၂၀၁၉

မြန်မာ့ငြိမ်းချမ်းရေး ပြဿနာသည် မုန့်လုံးကို စက္ကူကပ်ဆိုသည့် သံသရာမှ ယခုထက်တိုင် ရုန်းမထွက်နိုင်ဘဲ ရှိနေသည်။ အမှန်ဆိုလျှင် စိတ်ရင်းစေတနာ ဖြောင့်မတ်စွာဖြင့် ဖြေရှင်းကြမည်ဆိုပါက နေ့ချင်းညချင်း ငြိမ်းချမ်းရေး မရရှိသည့်တိုင် အပစ်အခတ်ရပ်စဲရေးအဆင့်လောက်ကိုမူ ရနိုင်ဖွယ် အခြေအနေရှိပေသည်။ ပြဿနာအရင်းခံမှာ အပြန်အလှန် ယုံကြည်မှု ပျက်ပြားနေခြင်းကြောင့် ဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ ငြိမ်းချမ်းရေးကိစ္စ၏ နောက်ကွယ်တွင် အကျိုးစီးပွားများ ရယူလိုမှု အစီအစဉ်များ ကိုယ်စီကိုယ်ငှ ရှိနေကြ၍လည်း ဖြစ်သည်။ မိမိတို့ဒေသ၊ မိမိတို့လူမှုအသိုင်းအဝိုင်း အများစု၏ ဘုံအကျိုး စီးပွားအတွက် အကျိုးအမြတ်ရရှိလိုသည့် သဘောဆန္ဒမျိုးဆိုလျှင် လက်ခံနိုင်ဖွယ်ဖြစ်သော်လည်း လူနည်းစု တစုတဖွဲ့ အတွက် အမြတ်ထုတ်လိုခြင်းဖြစ်ပါက မည်သူကမျှ လက်ခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်၍ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေး နွေးပွဲများတွင် အဓိက ဇာတ်ဆောင်နေရာမှ ပါဝင်လျှက်ရှိကြသော ခေါင်းဆောင်များသည် ကိုယ်ကျိုးရှာလိုစိတ်ကို ဦးစွာ ပယ်သတ်ကြဖို့လိုသည်။ ကိုယ့်တသင်းတဖွဲ့ တအုပ်စု လူနည်းစုအကျိုးမျှလောက်ကိုသာ ရှေးရှု စဉ်းစားဆောင်ရွက် လိုသော စိတ်မျိုး မထားဖို့လည်း လိုသည်။ အနည်းစုအကျိုးမျှကိုသာ ရှေးရှုခြင်းထက် တနိုင်ငံလုံး၊ တမျိုးသားလုံး အကျိုး စီးပွားကို ရှေးရှု ဆောင်ရွက်လိုသော သဘောရှိမှသာ အပြန်အလှန် ယုံကြည်ရိုင်းပင်းလိုစိတ်များ တိုးတက်ဖြစ်ပေါ် နိုင်မည် ဖြစ်သည်။

လက်ရှိအခြေအနေကို လေ့လာပါက၊ အပစ်အခတ်ရပ်စဲရေး တည်ဆောက်၍ မရနိုင်သေးသည်ကို တွေ့ရ၏။ ယခု ဇွန် လကုန်လျှင် တပ်မတော်၏ တစ်ဖက် သတ်အပစ်ရပ်ကြေညာမှု သက်တမ်းကုန်ဆုံးတော့မည်ဖြစ်၏။ အစိုးရနှင့်မြောက်ပိုင်း လက်နက်ကိုင် ၄ ဖွဲ့၏ဆွေးနွေးပွဲကို ဇွန်လအတွင်း ကျင်းပသင့်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်ညှိနှိုင်းလျှက်ရှိ သည့်  ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားထားကြောင်း ၇ ရက်နေ့စဉ်သတင်း၌ ဖေါ်ပြ သည်။  တိုင်းရင်းသားအဖွဲ့အစည်းများက ဖက်ဒရယ်မူကို အမြင့်ဆုံးတင်၍ ရပ်တည်ဆွေးနွေးခဲ့ကြသည်။ တပ်မတော်က  တစ်ခု တည်းသောတပ်မတော်နှင့် ပြည်ထောင်စုမှ ခွဲမထွက်ရေးဆိုသည့် မူဝါဒကို အသေဆုပ်ကိုင် ဆွေးနွေးခဲ့သောကြောင့် ဘုံသဘောဆောင်သည့် ဆုံချက် ပျောက်ဆုံးနေခဲ့သည်။

ဤသို့ ဘုံမျှခြေတစ်ခု ရှာမရသဖြင့် တစ်ဦးကိုတစ်ဦး အပြစ် တင်ရင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် တဝဲလည်လည်ဖြစ်နေ သည်ဟု ဇွန်လ ၁၃ ရက်နေ့က ရန်ကုန်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး့နှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည့် UPDJC အတွင်းရေးမှူးများ အလွတ်သဘောအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင် အစု အဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောကြားခဲ့သည်။ တစ်နှစ်နီးပါး ရပ်တန့်နေခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးများ အစည်းအဝေးကို (NRPC) အစည်းအဝေးခန်းမ၌ အလွတ်သဘော စတင်ဆွေးနွေးရာတွင် EAO အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက ထိုသို့အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)  နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ (NRPC) တို့က စီစဉ်သော အစည်းအဝေးများတွင် EAOs ခေါင်းဆောင်များအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရင်းနှီးစွာ တွေ့ဆုံ၍ “အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ ငြိမ်းချမ်းရေးနှင့် ပတ်သက်သော ချဉ်းကပ်ပုံ” ကို ‘လမ်းပြမြေပုံ (၇)ချက်’ ဖြင့် ရှင်းပြခဲ့ဖူးသည်။ ယင်း လမ်းပြမြေပုံ၌ (၁) နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည် သုံးသပ်ခြင်း၊ (၂)  နိုင်ငံရေးဆွေးနွေးမှုမူဘောင် ပြန်လည်ပြင်ဆင်ခြင်း၊ (၃) ပြင်ဆင်အတည်ပြုပြီးသော  နိုင်ငံရေးဆွေးနွေးမှုမူဘောင်နှင့်အညီ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ညီလာခံကျင်းပခြင်း၊ (၄)၂၁ ရာစု ပင်လုံ ညီလာခံ ရလဒ်များကို စုစည်း၍ ပြည်ထောင်စု သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း၊ (၅) ပြည်ထောင်စု သဘောတူညီချက်နှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲခြင်း၊ (၆) ပြင်ဆင်ရေးသား အတည်ပြုပြီးသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပခြင်း၊ (၇) ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများနှင့်အညီ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်း၊ စသည်ဖြင့် ဖြစ်သည်။

ယင်းဖြစ်စဉ်ကို လေ့လာကြည့်လျှင် လက်ရှိအစိုးရသည် မြန်မာနိုင်ငံ၏ နှစ်ပေါင်း ၇၀ ကြာ ပြည်တွင်းစစ်ရပ်စဲရေးအတွက်  တိုင်းရင်းသား လက်နက်ကိုင် အင်အားစုအားလုံး“တစ်နိုင်ငံ လုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်(NCA)” ကို လက်ခံကာ ၂၁ ရာစုပင်လုံ နိုင်ငံရေး ဆွေးနွေးပွဲများတွင် ပါဝင်လာရေးကို ဦးတည် ကြိုးပမ်းနေသည်ကို တွေ့ရသည်။ ငြိမ်းချမ်းရေးဖြစ်စဉ်၌ အဖုအထစ်ဖြစ်လျှက်ရှိသော အရေးကိစ္စများကို တွေ့ဆုံ ဖြေရှင်းနိုင်ရန် NCA လက်မှတ်ရေးထိုး ၁ဝ ဖွဲ့ အပြင်၊  လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားအဖွဲ့များကိုလည်း ‘စတုတ္ထပင်လုံ ငြိမ်းချမ်းရေးညီလာခံ’ ၌  ပူးပေါင်းပါဝင် လာစေရန် ကြိုးပမ်းနေသည်ကို မြင်ရသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်သော သက်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဆက်လက်ဖေါ်ဆောင်ရာ၌ “မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ဘုံသဘောထားများ၊ ဖက်ဒရယ် အခြေခံမူ ဆိုင်ရာ ဘုံသဘောထားများ နှင့် NCA ဆိုင်ရာ ဘုံသဘောထားများ” ရရှိရေးကိုလည်း  ကြိုးပမ်းဖို့လိုပေသည်။

ဤအတောအတွင်း အမျိုးသားနိုင်ငံရေးဆောင်ရွက်ရာ၌ အစွန်းရောက်၍ မရကြောင်း၊ ဒီမိုကရေစီကျင့် စဉ်အတိုင်းသာ မှန်ကန်စွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၁၄ ရက်တွင် ပြောကြောင်း ၇ ရက်နေ့စဉ်သတင်းအရ သိရသည်။ ကလောတပ်နယ်ရှိ စစ်ဦးစီးတက္ကသိုလ်မှ နည်းပြအရာရှိ ကြီးများ၊ သင်တန်းသားအရာရှိကြီးများ၊ အရာရှိ၊ စစ်သည်မိသားစုများနှင့် တွေ့ဆုံစဉ်  ထိုသို့ပြောဆိုကြောင်း တပ်မတော် က သတင်းထုတ်ပြန်ခဲ့သည်။  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က တပ်မတော်သည် တိုင်းပြည်ကို ကာကွယ်ပေးသည့် ခြံစည်းရိုးသဖွယ်ဖြစ်ကြောင်း တင်စားပြောဆိုခဲ့ပြီး ထိုခြံစည်းရိုးကို ယိမ်းယိုင်အောင် ပြည်တွင်း၊ ပြည်ပမှ နည်းလမ်းပေါင်းစုံ ဖြင့် လုပ်ဆောင်နေသည်ဟု ၎င်းကဆိုသည်။ ထို့ကြောင့် ခြံစည်းရိုးကို အမြဲခိုင်ခံ့ကောင်းမွန်စေရန် ဆောင်ရွက်ရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စကားအရ လက်ရှိမြန်မာနိုင်ငံတွင် ခြံစည်းရိုး မကျိုးမပေါက်ရေးအတွက် အထူး သတိဝိရီယ စိုက်ထုတ်နေချိန်ဖြစ်သည်ကို သတိပြုမိ သည်။ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒက်ရှ် နယ်စပ်ပြဿနာ၊ အိန္ဒိယ-မြန်မာ နယ်စပ်ပြဿနာနှင့် တရုတ်-မြန်မာနယ်စပ် ပြဿနာစသည်တို့ကို အလေးဂရုပြုရမည့် အချိန် ဖြစ်နေသည်။ ထို့ကြောင့်ပင် ပြည်တွင်း၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တည်တန့်ခိုင်မြဲဖို့ အလွန်အရေးကြီးသည်။ ပြည်တွင်း၌ တိုင်းရင်းသားအချင်းချင်း ရန်ဖြစ်နေကြသည့် အခြေအနေအပေါ် ပြည်ပနိုင်ငံများက အမြတ်ထုတ်သွားနိုင်သည်ကို ခေါင်းဆောင်ခပ်သိမ်း သတိမူကြရန် လိုသည်။

မကြာသေးမီက အမေရိကန်ပြည်ထောင်စုမှ နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က မြန်မာပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၁၄ သန်းကျော် တန်ဖိုးရှိသည့် စားနပ်ရိက္ခာများ လှူဒါန်းခဲ့ကြောင်း USAID ၏ နောက်ဆုံး သတင်း  ထုတ်ပြန်ချက် အရ သိရသည်။ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေသော အရပ်ဒေသများအပါအဝင် မြန်မာနိုင်ငံ အနှံ့မှ ပြည်သူများအတွက် ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း  လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ USAID သည် ငြိမ်းချမ်းရေးအတွက် စားနပ်ရိက္ခာရုံးကို ဖွဲ့စည်း၍ ယခုနှစ်အတွင်း ကချင်၊ ရှမ်းနှင့် ရခိုင်ပြည်နယ်များတွင် စားနပ်ရိက္ခာရှားပါးမှုကို ရင်ဆိုင်နေရ သော ပြည်သူ(၂၇,၀၀၀) ကျော်အတွက် အစားအစာနှင့် ငွေကြေးထောက်ပံ့ကူညီခဲ့သည်ဟု RFA သတင်းက ဖေါ်ပြသည်။ ငြိမ်းချမ်းရေးမရှိမှုကြောင့် ပြည်သူလူထု ဆင်းရဲဒုက္ခရောက်နေရချိန်တွင် အစိုးရက ထိရောက်စွာ မကူညီနိုင်သဖြင့် ယခုကဲ့သို့ နိုင်ငံရပ်ခြားအကူအညီကို ယူရခြင်းဖြစ်ပြီး၊ တိုင်းပြည်၏ ပုံရိပ်ကို ထိခိုက်နစ်နာစေသည်ကို မြင်ရသည်။

လက်ရှိတိုက်ပွဲများအတွင်း ရခိုင်ပြည်နယ်မြို့နယ်(၆) မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် စစ်ရှောင် ဦးရေ (၄၀,၀၀၀) ကျော်ရှိနေသည်ဟု ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းများ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။  ပေါ်ထွက်လာသော သတင်းအချက်အလက်များအရ အများဆုံး ထိခိုက်နစ်နာသူများမှာ အပြစ်မဲ့ သာမန်ပြည်သူများ ဖြစ် သည်ကို တွေ့ရသည်။ စစ်ရှောင်ပြည်သူများအနက် အများစုမှာ တောင်သူလယ်သမားများဖြစ်သဖြင့် လယ်ယာစိုက်ခင်း များကို စွန်ခွာ ထွက်ပြေးခဲ့ကြရသောကြောင့် လူမှုစီးပွားရေးဘဝများအပေါ် များစွာ ဆိုးကျိုးသက်ရောက်ပေသည်။ စစ်ပြိုင် တိုက်ခိုက်နေကြသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအနေဖြင့် စစ်ဒဏ်သင့်ပြည်သူများအား စားနပ်ရိက္ခာ ဆေးဝါး စသည်ဖြင့် မကူညီနိုင်သည့်တိုင်၊ ပြည်သူအများနေထိုင်ရာ လူနေရပ်ဝန်းများအား ပစ်ခတ်တိုက်ခိုက်မှု မလုပ်ခြင်းဖြင့် ပြည်သူတို့အား ကူညီသင့်ပေသည်။

ဇွန်လ ၁၃ ရက်နေ့က ရန်ကုန်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေး့နှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC အစည်းအဝေး ခန်းမ၌ UPDJC အတွင်းရေးမှူးများ အလွတ်သဘောအစည်းအဝေးကျင်းပခဲ့သည်။ တစ်နှစ်နီးပါး ရပ်တန့်နေခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးများအစည်းအဝေးကို NRPC အစည်းအဝေး ခန်းမ၌ အလွတ်သဘော စတင်ဆွေးနွေးရာတွင် EAO အစုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီးစိုင်းငင်းက - အစုအဖွဲ့များ အကြား အခြေအနေချင်း မတူသဖြင့် ဆွေးနွေးညှိနှိုင်းကြရာတွင် သူ့ဖက်ကိုယ့်ဖက် မျှမျှတတကြည့်တတ်ရန် လိုကြောင်း၊ ကိုယ်ချင်းစာတတ်ရန်လည်း လိုကြောင်း၊ ဆွေးနွေးဖက်အချင်းချင်း အကြား တန်းတူညီမျှမှု၊ လေးစားအသိအမှတ်ပြုမှု စသည်တို့သည် အလွန်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်ရာ၌ ၂၀၂၀ မတိုင်မီ အဓိကကျသည့် ဖက်ဒရယ်အခြေခံမူများနှင့် ဒီမိုကရေစီအခြေခံမူများ ရရှိစေရန် အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်နေသည်ကို  EAO အဖွဲ့ အားလုံးက ဝိုင်းဝန်းပံ့ပိုးပေးသင့်ကြောင်း၊ စသည်ဖြင့် အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားသည်။

UPDJC အတွင်းရေးမှူးများ၏ လုပ်ငန်းလမ်းညွှန်အရ စုံညီအစည်းအဝေးကို တစ်လတစ်ကြိမ်ကျင်းပရမည်ဟု ဆိုသည်။ သို့သော်လည်း ယမန်နှစ် ဇူလိုင်လတွင် နောက်ဆုံး အစည်းအဝေးကျင်းပခဲ့ပြီးနောက်၊ အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ် နီးပါးကြာသည်အထိ၊ ဆက်လက်ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အလွတ်သဘော ဆွေးနွေးမှုများ သာ ရှိခဲ့သည်။ အစိုးရငြိမ်းချမ်းရေး အကြံပေးပုဂ္ဂိုလ် ဦးလှမောင်ရွှေက အလွတ်သဘော ဆွေးနွေးးပွဲများ ကျင်းပ၍ ပုံမှန် ဖြစ်လာစေရန် ကြိုးစားခဲ့ကြသည်ဟု ဆိုသည်။ သို့ဖြင့် ယခု ဇွန်လ ၁၃ ရက်နေ့တွင် UPDJC အတွင်းရေးမှူးများ၏ စုံညီ အစည်းအဝေး၌ ပြန်ဆုံနိုင်ခဲ့သည်ဟု ဆိုသည်။  အလွတ်သဘော ဆွေးနွေးပွဲများမှတဆင့် တရားဝင် ဆွေးနွေးပွဲများသို့  အမြန်ဆုံးရောက်အောင်သွားရန် လိုသည်ဟုလည်း ဆိုသည်။  ဆက်လက်၍ UPDJC ဆွေးနွေးပွဲများမှတဆင့် ၂၁ ရာစု ပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတုတ္ထအစည်းအဝေးသို့ သွားရမည်ဟု ဆိုသည်။ ယုံကြည်မှု တည်ဆောက်ပြီး ပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ယခုထက်ပို၍ အားအင်စိုက်ထုတ်ဆောင်ရွက်နိုင်ရန် မျှော်လင့်သည်ဟုလည်း ဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ပါ လိုက်နာရမည့်တာဝန်များ၊ စည်းကမ်းချက်များနှင့် စပ်လျဉ်း၍ မပြေလည်မှုပေါ်ပေါက်ခဲ့လျှင် သက်ဆိုင်ရာအဖွဲ့အစည်းများသည် ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်းဖြေရှင်းသည့် နည်းလမ်းကို အခြေခံ၍ ဖြေရှင်းကြရမည်ဖြစ်သည်။ ဖြေရှင်းရာတွင် ပြေလည်မှုမရှိပါက “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး” (JICM) သို့တင်ပြ၍  ညှိနှိုင်း ဖြေရှင်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ဦးလှမောင်ရွှေက ဆိုသည်။

ဤပုံ အတိုင်းဆိုလျှင် တနိုင်ငံလုံးအပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) အကောင်အထည်ဖေါ်ရေး လုပ်ငန်းစဉ်နှင့်တကွ စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံ ဖြစ်ပေါ်ရေး အလားအလာ မှေးမှိန်နေဆဲရှိသည်။ ၂၀၂၀ မတိုင်မီ EAOs အားလုံး NCA စာချုပ် လက်မှတ်ထိုးမည့် အလားအလာသည်လည်း မှေးမှိန်နေဆဲ ရှိသည်။ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်စဉ်များ၏ နောက်ဆုံးအခြေအနေကို လေ့လာလျှင် ‘ဝ’ အဖွဲ့(UWSA)၊ မိုင်းလား အဖွဲ့ (NDAA)၊ ရှမ်းအဖွဲ့ (SSPP)၊ ကချင်အဖွဲ့(KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA) တို့ပါဝင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) သည် NCA စာချုပ်တွင် ပါဝင်လက်မှတ်ထိုးရန် ယခုအခိျန်အထိ သဘောမတူသေးပေ။ ‘ဝ ဒေသ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့်အခမ်းအနား’ ၌ ဝလက်နက်ကိုင်အဖွဲ့ (UWSA) အနေဖြင့်  ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ် ဟု ကတိပြုသော်လည်း NCA စာချုပ်တွင် လက်မှတ်ထိုးရန် ယခုအထိ ငြင်းပယ်နေသည်။

FPNCC အနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ထိုးရန် ငြင်းဆိုနေရသည့် အကြောင်းရင်းကို အစိုးရနှင့် တပ်မတော်တို့ ဘက်က သိအောင်လုပ်ဖို့လိုသည်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ယခုကဲ့သို့သော မပြေလည်မှုများ ထပ်မံ မပေါ်ပေါက် စေရန် အစိုးရနှင့် တပ်မတော်တို့ဘက်က အမြော်အမြင်ရှိဖို့လိုသည်။ အတိတ်က အဆင်မပြေခဲ့မှုများကို ပြန်လည် သုံး သပ်ဖို့လိုသည်။ သေနတ်သံများ တိတ်ဆိတ်သွားစေရန် ဦးစွာပထမ လုပ်ဆောင်နိုင်မှသာ ပြည်သူလူထု၏ နေ့စဉ်ဘ၀ အေးချမ်းသာယာမှု အတွက် အကျိုးပြုနိုင်မည် ဖြစ်သည်။ အစိုးရနှင့် တပ်မတော်တို့ဘက်က တိုင်းရင်းသား လက်နက်ကိုင် အားလုံး ပါဝင်နိုင်မည့်  စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး ကို အမြန်ဆုံး ဖေါ်ဆောင် ပေးနိုင်ရန် ကြိုးပမ်းရမည်။ ပဏာအခင်းအကျင်းကို ပြင်ဆင်သည့်အနေဖြင့် စစ်မျက်နှာအသီးသီးရှိ တိုက်ပွဲများကို အချိန် မဆွဲဘဲ အမြန် ရပ်ဖို့လိုပါသည်။ လက်ရှိငြိမ်းချမ်းရေးခရီးလမ်းသည် ဖြောင့်ဖြူးမှုမရှိသေးဘဲ၊ အခက်အခဲများ ရှိနေသေး သည်။ ငြိမ်းချမ်းရေး ခရီး နှောင့်နှေးရသည့် အခြေခံအကြောင်းများကို အစိုးရနှင့် တပ်မတော်တို့က ပြန်လည် သုံးသပ်ပြီး နောက် မတူညီသည့် အမြင်များကို ညှိနှိုင်းပေးရန် တာဝန်ရှိသည်။ ငြိမ်းချမ်းရေးခရီးတွင် အရေးအကြီးဆုံးကိစ္စမှာ အပြန် အလှန် ယုံကြည်မှုဖြစ်သည်။ အပြန်အလှန်ယုံကြည်မှု ရရှိရန် ကြိုးပမ်း၍ မတူသည့် အမြင်များကို တာဝန်အရ ညှိနှိုင်း ကြရ ပါမည်။ ပြည်သူကို မျက်နှာမူလျှက် အမြန်ဆုံး စစ်ပွဲများရပ်ခြင်းအားဖြင့် ငြိမ်းချမ်းလိုသော ဆန္ဒရှိကြောင်း ပြသကြရမည့် အချိန်ဖြစ်ပါသည်။

 22 June 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ် ၌ ဖေါ်ပြသည့် ဆောင်းပါး