Breaking News

မာမာအေး ● တကျော့ နှစ်ကျော့ တေးကိုသီ

မာမာအေး ● တကျော့ နှစ်ကျော့ တေးကိုသီ
(မိုးမခ) ဇွန် ၂၃၊ ၂၀၁၉

ကျမ စိတ်လေနေတာ နည်းနည်းကြာပြီ။ နောက်ဆုံးလို့ပြောရမယ့် သုံးလေးရက်မှာ ပိုဆိုးလာခဲ့ပါတယ်။ ကျမဟာ ကဗျာရူးဖူး တဲ့သူဖြစ်လို့ ‘မယ်ခွေရဲ့ လက်ဆောင်’ ကြောင့် စိတ်လေတာ စတယ်။ နောက်တခါ စိတ်လေဖြစ်တာက ကျမရဲ့ ဖေ့စ်ဘွတ် မက်ဆင်ဂျာထဲကို မိတ်ဆွေတစ်ဦးက ပို့လိုက်တဲ့ “The Voice Myanmar Grand Final” ပြိုင်ပွဲဆီက ‘တစ်ကျော့ နှစ်ကျော့ တေးကိုသီ’ သီချင်း မြင်ရကြားရလို့ပါပဲ။

‘မယ်ခွေ’ ကို ရေးကြ ပြောကြသူတွေရှိခဲ့လို့ ခွေထားနိုင်ပေမယ့် ဒီပြိုင်ပွဲဝင် ‘တစ်ကျော့ နှစ်ကျော့ တေးကိုသီ’ သီချင်းလေး ကျတော့ ကျမ လေးစားကြည်ညိုရတဲ့ ‘စာပေပညာရှင်ကြီး မင်းသုဝဏ်’၊ ‘ဂီတအနုပညာရှင် ဂီတလုင် မောင်ကိုကို’ နဲ့ ‘အဆို ပညာရှင် တင်တင်မြ’ .. ဘဘ၊ ဆရာ၊ မမကြီးတို့ရယ်လေ .. ရင်မှာ ထင်လာ အခါခါမို့။

ကျမလိုပဲ မြင်ရကြားရတဲ့ မိတ်ဆွေတွေရဲ့ ခံစားချက်တွေ ထင်မြင်ချက်တွေ ရေးထားကြတာ ဖေ့စ်ဘွတ်မှာ အများကြီးကိုး။ ကျမလည်း ဂီတဝါသနာရှင် အကြီးစားဘဝကနေ ရောင်းတမ်း ကြေးစားအဆိုတော်အဖြစ် ရပ်တည်နေဆဲကာလမှာ ‘လွတ် လပ်စွာ ကွဲလွဲခွင့်တွေ’ ဘယ်လိုပဲရှိစေ၊ ကျမ ရပ်သင့် ရပ်ထိုက်၊ ပြောသင့် ပြောထိုက်၊ ဝေဖန်သင့် ဝေဖန်ထိုက်တာတွေ ရေးပြချင်စိတ် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပါ။

တိုက်ရိုက်ဒဲ့ပြောကြေးဆိုရင် “ဒီသီချင်း အဆင်သစ်ကို မကြိုက်ပါဘူး”။ မကြိုက်တဲ့အကြောင်းလည်း ရေးမှာပါရှင်။ ခု မျက်မှောက်ကာလ ဂီတသမားတချို့ ‘ဂီတမှူး’ ဆိုတဲ့ ဂုဏ်ထူးယူပြီးတော့ ကျမတို့ မြန်မာသံ ဂီတလောကမှာ ဖူးပွင့်ဆဲ လူ ကြိုက်များနေဆဲ သီချင်းကောင်းတွေကို သူတို့ ပြန်ပြီးဆန်းသစ်ခွင့်ရပြီဆိုတာနဲ့ မကောင်းကောင်းကြောင်း သူ့ဉာဏ်စွမ်းရှိ သလောက် မူရင်းနဲ့ကွဲပြားအောင် အားထုတ်ကြ၊ ကြိုးစားကြ၊ သစ်သယောင်ပြုကြတာတွေ များပါတယ်။ ပြန်လည်ဆန်းသစ် တယ်ဆိုတိုင်း ကျမတို့ရင်မှာ ဒုက္ခ .. ဒုက္ခ .. မပျက်စီးပါစေနဲ့လို့ ဆုတောင်းနေရတော့တယ်။

ဒါကြောင့်မို့ တခါတခါတော့ သွားနှင့်လေသော ဂီတအစ်ကိုတော် စိန်ဗိုလ်တင့် ပြောလေ့ရှိတဲ့စကားလေးနဲ့ ကျီစယ်ချင်မိပါ တယ်။ “အကောင်း မကုန်သေးဘူး” (ဂီတသမားဆို ဘာပြောတာလဲ သိပါတယ်။)

ပြိုင်ပွဲမှာ ဆိုသွားတဲ့ မိန်းကလေး၊ သူ့မှာ အသံအားရှိပါတယ်။ နောက်ခံဂီတအဖွဲ့ကြီးက ပေးတဲ့အသံနဲ့လိုက်ဖက်အောင် ဆိုသွားတယ်။ စကား မပီတာကိုတော့ မြန်မာပြည်သူထဲက တောင်ပေါ်သွေးချင်းလေးလို့ ထင်မိတဲ့အတွက် အပြစ်ဆိုဖို့ မရှိပါ ဘူး။ သင်ပေးတဲ့ဆရာကိုက စာမကျေ၊ စာအဖတ်နည်းတဲ့အတွက် ဒီသီချင်းရဲ့အစ ဘယ်ကဆိုတာတောင် ပြောပြပုံ မပေါ်ပါ ဘူးလေ။ သူကလေးက ခုမှ ပြိုင်ပွဲဝင်ဆဲ ရှိသေးတာကိုး။ ဒါပေမယ့် သူ့ကိုယ်သူတော့ သိသွားမှာပါ။ “တကျော့ နှစ်ကျော့ တေးကိုသီ” ရုပ်သံကိုကြည့်ရတဲ့သူတွေအတွင်း ကြိုက်သူရော မကြိုက်သူရော ဝင်ပြော ဝင်ရေးနေကြလို့ပေါ့ရှင်။

ကျမ တကယ်ပြောချင်တဲ့သူက ဒီသီချင်းကို ဦးဆောင်ပြီး အသစ်ဆင်ပေးလိုက်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ကျမ ဒီလို ပြိုင်ပွဲတွေနဲ့ ကင်းအောင်နေပါတယ်။ ကြည့်ဖြစ်ရင် အလိုလိုနေရင်း အကုသိုလ်ဖြစ်နိုင်လို့ပါရှင်။ ခုဟာက ကိုယ့်ဆီ ရောက်ချလာတာ ကြည့်လိုက်ပါဆိုတဲ့သဘော။

ကျမတို့လို အဆိုတော်တွေမှာ ကိုယ်ဆိုရမယ့်သီချင်းရဲ့အဓိပ္ပာယ် သီချင်းဖြစ်လာရခြင်း ဇစ်မြစ်ရှာဖို့ အသိရှိဖို့ ဝတ္တရားရှိပါ တယ်။ ခေါင်းဆောင်ရမယ့် ဂီတဆရာက အဆိုတော်ထက်ပိုပြီး သိဖို့လိုအပ်တယ်။

သီချင်းစာသား သို့မဟုတ် ကဗျာကို သီကုံးဖွဲ့နွဲ့သူရဲ့ ဖြစ်လိုမှုဆန္ဒကို သိဖို့ရာ သူ့စာက ဘာကို အလေးအနက် အဓိက ထား သလဲ၊ အဓိပ္ပါယ် အပူလား အအေးလား၊ သဘာဝလား၊ မေတ္တာဖွဲ့လေလား၊ မေတ္တာဖွဲ့ဆိုရင်လည်း ၅၂၈ လား၊ ၁၅၀၀ လား၊ များစွာ များစွာ ..။

ကြည့်ဖြစ်လိုက်တဲ့ “တကျော့ နှစ်ကျော့ တေးကိုသီ” ရိုက်ချက်မှာ မြန်မာစည်းတီးပြတာလည်း တွေ့ပါတယ်။ သံလွင်လို့ ခေါ် တဲ့ စည်းမျိုးပါ။ မြန်မာဆိုင်းဝိုင်းတွေမှာသုံးတဲ့ စည်းသံလွင်ကို ဒီလိုကာလပေါ်သီချင်းမျိုးမှာ မသုံးလေ့ပါဘူး။ အငြိမ့်သီချင်း တော့ ခြွင်းချက်ရှိပါတယ်။

တာထွက်ကလေး ရေးရေးရှိသေး စောင်းသံပေးတော့ ပင်ကို မြန်မာ့စောင်းသံလိုမဟုတ် ဘယ်လိုစက်နဲ့ ချုပ်ထားပါလိမ့်။ စောင်းသံအတုလိုကြားမှာ ကျမရင်ထဲ ပေါ်လာတာက မူရင်း “ပန်းသည်” ကဗျာလေးပါ။

“ပန်းသည်”

မောင်လေးရေ ထပါတော့၊
ရောင်နီလာလှပေါ့။
တကျော့ နှစ်ကျော့ တေးကိုသီ၊
ငှက်ကျားနှုတ်ပလီ။
တောင်ဆီနားက ခရေပန်း
ပင်အောက်ကြိုင်လို့လန်း။
ဘန်းလေးယူခဲ့ မောင်လေးရယ်၊
သွားကောက်ချေစို့ကွယ်။
ပန်းသယ်လုပ်ဖို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး။ ။

“တကျော့ နှစ်ကျော့ တေးကိုသီ” သီချင်းမှာ

“မောင်လေးရေ ထပါတော့၊ ရောင်နီလာလှပေါ့။ တကျော့ နှစ်ကျော့ တေးကိုသီ၊ ငှက်ကျားနှုတ်ပလီ။” ဆိုတဲ့ စာပိုဒ်လေးတွေ ဟာ မြန်မာစာပေဝင် ကဗျာပညာရှင် ဆရာကြီးမင်းသုဝဏ်ရဲ့ နှလုံးသည်းပွတ်က လွတ်ကျ စီးမျော ကဗျာတောက ‘ပန်းသည်’ မှာ စပ်ဆိုထားတဲ့ ကဗျာနှစ်ပိုဒ်ပါပဲ။ ဘယ်သူ့အတွက်လဲဆိုရင် ‘မောင်ခွေးဘို့’ တဲ့ရှင်။

ကျမတို့ ကျေးလက်တွေမှာ ကလေးသားမြေးတွေကို ချစ်စနိုးနဲ့ အလွယ်ခေါ်တတ်တဲ့ နာမည်လေးမို့ “Burmese Nursery Songs” လို့ အင်္ဂလိပ်ဘာသာနဲ့ပါ ပြန်ဆိုရေးသားထားတဲ့ ကဗျာစာလေးထုတ်တော့လည်း “မောင်ခွေးဘို့” ပါပဲ။

မောင်ခွေးဘို့ကဗျာ ၁၃ ပုဒ်မှာ ဂီတသင်္ကေတ ကိုယ်စီနဲ့ပါ။ ‘K’ လို့ ကလောင်အမည်ခံထားတဲ့ ‘ဦးခင်ဇော်’ (မြန်မာ့အသံကို ထူထောင်ခဲ့သူ ညွှန်ကြားရေးမှူး) ထည့်သွင်းထားတဲ့ အသံချိုချိုလေးတွေကို ဟိုခါက မမမေရှင် ဆိုခဲ့တာပေါ့။

ပန်းချီဆရာကြီး ဦးဘဉာဏ်ရဲ့ လက်ရာကလည်း ချစ်စရာ၊ ‘ပန်းသည်’ ကဗျာလေးက မနက်မလင်းခင် မောင်နှမနှစ်ယောက် ခရေပန်းလေးတွေ သွားကောက်သီကုံး တပြုံးပြုံးပျော်ဖို့ရာ မောင်လေးကို နှိုးတာရှင်။ ရိုးလိုက်တာမှ မောင်လေးငယ် ကိုယ်တုံးလုံး ဘန်းကလေးနဲ့ ဖုံးလို့။

‘ပန်းသည်’ ဟာ သီချင်းလေး ဖြစ်သွားပြီနော်။ အဲဒီ ‘ပန်းသည်’ကဗျာသီချင်းလေးရဲ့အပေါ် စာနှစ်ပိုဒ်နဲ့ ဂီတတေးသွား လေး စည်းဝါးကို “တကျော့ နှစ်ကျော့ တေးကိုသီ” ရုပ်ရှင်သီချင်းရေးဖို့ ဂီတစာဆိုကျော် ဂီတလုင် မောင်ကိုကို တာဝန်ခံရတဲ့ အခါ တေးနိဒါန်းသဖွယ် ရွေးချယ် အစပျိုးခဲ့ပါတယ်။

ရုပ်ရှင်မှာ ရည်ညွှန်းရမှာ မင်းသားနဲ့ မင်းသမီးဖြစ်လေတော့ “ညီမလေးရေ ထပါတော့” နှစ်ကြော့ ပြန်ဆိုစေခဲ့တာပေါ့။ အင်မ တန်ချိုမြိန်တဲ့ ကရုဏာသံနဲ့ မေတ္တာဖွဲ့ “တကျော့ နှစ်ကျော့ တေးကိုသီ” ဇာတ်ဝင်သီချင်းကို သီဆိုခဲ့တာ နိုင်ငံကျော်အဆိုတော် တင်တင်မြ ဖြစ်ပါတယ်။ သူကိုယ်တိုင် ခေါင်းဆောင်မင်းသမီးအဖြစ်ပါဝင်ရင်း သီဆိုတဲ့သီချင်းပါ။
ဆရာကြီး မင်းသုဝဏ်ပေးတဲ့ မောင်နှမနှစ်ယောက် ပန်းကောက်တဲ့ အပြုံး မေတ္တာဖွဲ့လေးဟာ ဂီတဝိဇ္ဇာထိုရ် မောင်ကိုကို့ လက်မှာ အပြုံးသီကရီ မေတ္တာစစ်ဆီ နှိုးပြတဲ့အဖြစ်ရောက်၊ ပေါက်မြောက်ခဲ့တာ ခုထိပါပဲ။ အဲဒီလောက် ဂုဏ်မြောက်နေဆဲ ဂန္ထဝင်သီချင်းကိုများ တခြားစီဖြစ်အောင် အဆန်းထွင် အသစ်ဆင်ရက်ပါပေရဲ့။

စည်းသံလေးပြ၊ စောင်းသံလေးပြ၊ မထင်တာတွေကြားရ၊ ‘Key’ ခေါ်တဲ့ မူတည်သံ၊ မြန်မာ့အသိမှာ တျာသံ၊ အဲဒီကနေ တစ်သံပြီး တစ်သံ၊ မြင့်ပြီးရင်းမြင့်၊ တက်ပြီးရင်းတက်၊ ဘက်ပြန်တဲ့အသံ အက်ကိုး ရွှေနားဝင်ဆိုးလွန်းလို့ မဟာဂီတ မိနဲ့ဖရယ် “မယ်သေချင်လိုက်ပါဘိ” တမ်းမိ ဆိုမိလိုက်ပါတယ်။

ဒီမယ် ဒီမယ် .. အေးငြိမ်းပြုံးရွှင် ပန်းသည်ခင်ကို စစ်သွေးမာန်ဝင် ဖြစ်စေ့ချင်တာလား။

မောင်ညီမတွေ ထိပ်ခေါက် ကန်ကျောက်စေချင်တာလား။ ချစ်အားမှန်းမသိ၊ စစ်အားမှန်းမသိ၊ မြင်းစီးပြီး အထီးမှန်း အမမှန်း မသိ၊ ကျမတို့သိအောင် ဘာတွေပြချင်တာလဲ မသိတော့ဘူး။

“တကျော့ နှစ်ကျော့ တေးကိုသီ” ကြည့်ရတာမှာ မကြိုက်ဆုံးကတော့ “မောင်လေးရေ ထပါတော့၊ ရောင်နီလာလှပေါ့” ဆိုတဲ့စာသားကို ထပ်ကာ ထပ်ကာ သံသေး သံကြောင် မရောက်ရုံတမယ် အာဗြဲစိန် လုပ်ခိုင်းခဲ့တာကိုပဲ။ ထပ်တွန့်စရာလား။

ဂီတလုင် မောင်ကိုကိုဆိုတဲ့ ကျမတို့ရဲ့ဂီတဖခင် အနုပညာရှင်ကြီးဟာ ဘက်စုံ တော်လို့ တတ်လို့ ‘ဂီတလုင်’ အမည်တွင်ခဲ့ တာပါရှင်။ အခု ဆန်းသစ်လိုက်တယ်ဆိုတဲ့ စတိုင်မျိုးတော့ သနားနေမှာ။ ဘယ်လို ဂီတမှူးကြီးမျိုးလဲ၊ သိချင်ရင် စန္ဒရား ပညာရှင် တအုပ်တမနဲ့ ဖန်တီးပြထားတဲ့ “ဂီတနန္ဒဝန် ဂီတပွဲကြီး” ရှိပါတယ်။ ဓာတ်ပြားနှစ်ချပ်တွဲမှာ ရှာကြည့် လေ့လာစေချင်ပါ တယ်။

ပညာရှင်မင်းလို့၊ သူမလုပ်ဘဲထားခဲ့တာ ဆရာကြီးမင်းသုဝဏ်ရဲ့ စာပေဂုဏ် ပညာဂုဏ် သိက္ခာတို့ကို အလေးထားလို့ ချစ်မြတ်နိုးအပ်လို့ မကျော်တာမှတ်။ မေတ္တာဘွဲ့ သွေးရိုးသားရိုး ဂုဏ်မပျက် စာအနွဲ့လေးတွေသာ ဆက်ရေးသွားပါတယ်။

နိုင်ငံတကာ စံဝင်ချင်သပ ဆိုလည်း ကိုယ်တိုင်ရေးကြ၊ ကိုယ်တိုင်ထုတ်လုပ်ကြပါ။ ကျမတို့ ကြိုဆိုအားပေးနေမှာပါ။ စီးလာတဲ့ ရေအလျဉ်မှာ ကျူပင်နဲ့ မတားပါဘူး။ ကျမတို့ မြန်မာတတွေ အမြတ်တနိုးထားတဲ့ ဂန္ထဝင်သီချင်းတွေကို မြန်မာ့စံအနေနဲ့ ထားရစ်ခဲ့ကြပါ။

မြန်မာစိတ် မြန်မာ့အသွေး ပျောက်သွားတဲ့အချိန်တခု ရောက်ခဲ့မယ်ဆိုရင်တောင် “ဖလ်ပေါင်းချောင်” နဲ့ ကျမတို့ သိမ်းထားခဲ့ရ မှာပါ။ ကျမတို့ဟာ မြန်မာပြည်က မြန်မာတွေလေ။ ဟုတ်တယ်နော်။ ။

မာမာအေး
ခေတ္တ အမေရိကန်ပြည်ထောင်စု
ဇွန် ၂၀၊ ၂၀၁၉
နံနက် ၂ နာရီ