Breaking News

ခွာညို ● မောင်ငယ်ရင်သွေး နာဘိသေးလော့… (၁)

ခွာညို ● မောင်ငယ်ရင်သွေး နာဘိသေးလော့… (၁)
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၉

မောင်လေး…

မင်းက ငါ့ကို အမ တယောက်လို အမြဲ ချစ်ခင်လေးစားတယ်၊ ငါတို့မိသားစုအပေါ် မင်းလောက် လေးစားတဲ့သူ မရှိဘူးဆိုလို့ မင်းကို ငါ့ရဲ့ မောင်လေးအဖြစ် သတ်မှတ်မြဲ သတ်မှတ်တယ်ဆိုတာ အရင်ဆုံး ပြောချင်တယ်။

ဟိုတညက မင်းဖုံးကို မကိုင်လိုက်တာဟာ ချက်တင်မှာပြောနေရင်း စိတ်ဆိုးသွားလို့ မင်း ထင်ကောင်း ထင်လိမ့်မယ်။ ဒါပေ မယ့် ငါ မင်းကို စိတ်မဆိုးပါဘူး။ မောင်နှမဆိုတာ စိတ်ထဲမကျေနပ်တာရှိရင် တယောက်ကို တယောက်ပဲဖြစ်ဖြစ်၊ ကိုယ့်ဖာသာ စိတ်အခန့်မသင့်တုန်းပဲဖြစ်ဖြစ် ကြုံရင် ကြုံသလို အော်မိကြတာပဲ။ ပြောမိတဲ့ထဲ အလွန်တွေ ပါကောင်းလည်းပါမှာပဲ။ ဒါကို အပြန်အလှန် ညှိုးတေး ကောက်ချိတ်နေဖို့ မလိုဘူးမို့လား။ ဒါကိုက မောင်နှမသားချင်းဆိုတဲ့ အနက်အဓိပ္ပါယ်ပဲ မဟုတ် ဘူးလား။

အဲဒီညက ဖုံးမကိုင်တဲ့အကြောင်း ၂ ခု ရှိတယ်။

တခုက ပြောရမယ့်အကြောင်းအရာက အင်း၊ ဟင့်အင်းနဲ့ပြီးမယ့် ကိစ္စတွေမဟုတ်ဘူး။ ငါလည်း သိပ်နေလို့ မကောင်းတော့ အသက်တောင် ရှူရတာခက်နေတဲ့အချိန်မှာ မင်းနဲ့ ငြင်းဖို့ အားမရှိဘူး။

နောက်တခု သိပ်ဉာဉ့်နက်နေတော့ စိတ်ပါ လက်ပါ ငြင်းကြခုန်ကြရင် တအိမ်လုံးနိုးကုန်မယ်။

နောက်တခုက ဒါဟာ တို့နှစ်ယောက် ချက်တင်ကနေ အခြေအတင် ပြောကြတာဖြစ်ပေမယ့် မင်းအတွက် ရည်ရွယ် ပြီး စာ တွေ ချရေးနေရင်းနဲ့ အတွေးပေါက်တာ မင်းလို မေးတဲ့မေးခွန်းတွေကို ငါ မကြာခန လက်ခံရနေတော့ ဒါဟာ public မှာပဲ တင်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါဟာ မောင်နှမ နှစ်ယောက်ကြားက အငြင်းအခုန်ကိစ္စတခုဖြစ်သလို ဘယ်သူ့ ဘက်မှာမှလည်း လူသိမခံဝံ့စရာ ကိစ္စမဟုတ်တဲ့အတွက် ဒီလို public ဖွင့်တင်တာကို မင်းလည်း ကန့်ကွက်မယ်မထင်ဘူး။

နောက်တခု ဒီစာကို ဒီလိုရေးတာကလည်း ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက မင်းက ကျနော့်ကို မောင်လေး တယောက်လို သဘောထားပါ၊ ဆုံးမစရာရှိရင် ဆုံးမပါလို့ မကြာခန ပြောခဲ့တာတွေ ပြန်သတိရမိလို့၊ ငါ ပြောစရာရှိတာကို ပြောတိုင်းလည်း မင်း လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဘယ်တော့မှ နင့်သီး ရိုင်းစိုင်းတဲ့ပုံစံနဲ့ မတုံ့ပြန်ခဲ့တာကို သတိရနေမိလို့ ငါ ဒီစာကို ရေးတာဆိုတာ စကားဦး သန်းချင်တယ်။

မီဒီယာနဲ့ပတ်သက်လို့၊ ဘာသာရေးနဲ့ပတ်သက်လို့ ငါတို့မပြောကြခင် အရင်ဆုံး “မောင်နှမ” ဆိုတဲ့စကားလေးကို အရင် ကောက်ကြရအောင်လား။

ငါ့မှာ အကိုအရင်းက တယောက်တည်းရှိတယ်ဆိုပေမယ့် ငါ့ရဲ့ ငယ်ဘဝအချိန်တော်တော်များများက အကိုနဲ့ ဦးလေးရဲ့ သူငယ်ချင်းတွေကြားမှာ အစအနောက်ခံရင်း၊ ငါက လိုက်ပြီး လက်သီးနဲ့ထိုးရင်း ကျောကော့ခံပြီး အော်ရယ်ကြတဲ့ ရယ်သံ တွေကြားမှာ ကြီးပြင်းလာခဲ့တာ။ နောက်ပြီး အနေဝေးပေမယ့် ငါ အရမ်းချစ်တဲ့ အကိုတဝမ်းကွဲလည်း ရှိသေးတယ်။ သူက ၁၆ နှစ်ကျော်ကျော်နဲ့ ဗိုလ်သင်တန်းပါသွားပြီး အမေက နိုင်ငံရေးလုပ်နေတဲ့အချိန် သူကတော ထောက်လှမ်းရေးရောက် နေတာပေါ့။

ဘဝဆိုတာ ငှက်ခါးပျံသလို နိမ့်တုံ မြင့်တုံဆိုတဲ့အတိုင်း ထောက်လှမ်းရေးလည်း ထောင်ကျသွားတဲ့အချိန် ရှိခဲ့တယ်။ အဲဒီ အချိန်မှာ ငါတို့ မောင်နှမတတွေ လုံးဝ အဆက်အသွယ်မရှိကြပေမယ့် အမျိုးတွေကတဆင့် သာရေး၊ နာရေးတွေကိုတော့ တဆင့် ကြားနေကြရတာပါပဲ။ သူ အဖမ်းခံရတယ်ဆိုတော့ ဘယ်သူ့ကိုမှ ငါ မပြော ဖြစ်ခဲ့ ပေမယ့် ငါ သူ့အတွက် ဘယ်လောက် စိတ်ပူခဲ့လဲ၊ စိုးရိမ်ခဲ့လဲဆိုတာ ငါပဲ သိပါတယ်။ ဘယ်လောက်ပဲ နှစ်တွေကြာအောင် မခေါ်မပြောဘဲနေနေခဲ့ကြလည်း ငါတို့က မောင်နှမ တွေလေ။ ဒီတော့ သူ့အတွက် ငါ အလိုလို စိုးရိမ် ကြောင့်ကျ ဖြစ်ရတာပဲ။ အဲဒါ မောင်နှမဆိုတဲ့ အဓိပ္ပာယ်လို့ ပြောရမယ်။

သူက သူချစ်တဲ့ တပ်မတော်ကပဲ သူ့ကို ထောင်ချခဲ့တာဖြစ်ပေမယ့် တပ်မတော် - ဆိုတဲ့ ဝေါဟာရကို မမုန်းနိုင်ရှာဘူး။

ဖြစ်ခဲ့တဲ့အဖြစ်အပျက်တခုအတွက် သူ့မှာ နာကျင်မှု၊ နာကျည်းမှု၊ ထိခိုက်ဆုံးရှုံးမှုတွေ ကြီးမားခဲ့ပေမယ့် သူဟာ တပ်မတော် ဆိုတဲ့ ဝေါဟာရကို စိတ်မနာနိုင်ရှာဘူး။ ၁၆ နှစ်သားနဲ့ စစ်ထဲဝင်သွားပြီး မနက်မိုးလင်းတိုင်း သူတို့ ရွတ်ဆိုနေရတဲ့ သစ္စာ အဓိဌာန်တွေဟာ a kind of brainwash လို့ ပြောရင် သူနဲ့ငါ နောက်ထပ် အကြီးအကျယ် ငြင်းစရာ ပေါ်လာအုံးမှာမို့လို့ ငါ ဘယ်တုန်းကမှ သူ့ကို ဒီစကား မပြောရက်ခဲ့ပါဘူး။

သူ တခါတခါမှာရေးတဲ့စာတွေကိုဖတ်ရင်း မောင်နှမနှစ်ယောက် ချက်တင်ကနေ အပြန်အလှန် မေးကြ ဖြေကြတွေ၊ ငြင်းကြ ခုန်ကြတွေ ရှိခဲ့သလို တခါတခါကျတော့လည်း ငြင်းနေမယ့်အစား ကိုယ်ပြောချင်တာလေးတွေ သူ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ဒီရှုဒေါင့်မှာတော့ ဒီလို ရှိပါလားဆိုတာလေး သိသွားပါစေဆိုပြီး အခုလို စာသီးသန့်ရှည်ရှည်ရေးပြီး ပို့လိုက်တာရှိသလို သူကလည်း အလားတူ ပို့တဲ့စာတွေ ရှိတယ်။

အခု မင်းဆီကို ရေးတဲ့စာဟာ ငါ့အကိုနဲ့ငါနဲ့ကြားက ဆက်သွယ်ရေးပုံစံမျိုးပေါ့။

ဟိုး လွန်ခဲ့တဲ့လအတော်ကြာတုန်းကတော့ ရခိုင်က ကိစ္စတွေနဲ့ပတ်သက်လို့ ဗိုလ်ချုပ်တယောက် အရေးယူခံရတာနဲ့ ပတ် သက်ပြီး သူ့ရဲ့ ဖေ့စ်ဘုတ်မှာ သူတင်ထားတဲ့ ပို့စ်မှာသွားပြီး ကွန်မဲန့် ဝင်ရေးလိုက်တယ်။ သူနဲ့ငါတင်မဟုတ်တော့ဘူး၊ သူ့သူငယ်ချင်းတွေပါ ဝင်ပါလာပြီး သူတို့ တအုပ်စုနဲ့ငါနဲ့ စကားအခြေအတင် ဖြစ်ကြတယ်ဆိုပါတော့။ သူတို့ကလည်း စစ်ဗိုလ်လူထွက်တွေ၊ တချို့လည်း တာဝန်ရှိတုံးပဲလား မသိပါဘူး။ ငါကလည်း ဆရာမလူထွက်။ တလောကလုံး ကိုယ့်တပြည့်ချည့် ထင်ချင်ချင်ဆိုတဲ့လူစားဆိုတော့ အခြေအတင်က ရက်ဆက်သွားတယ်မှတ်ပါရဲ့။ နောက်ဆုံးတော့ အများနဲ့တယောက် ဖြစ်နေတာတကြောင်း ငါလည်း ဖုံးနဲ့စာတွေ အများကြီးမရေးနိုင်တာ တကြောင်း ကြောင့် ညီမ ဆိုတဲ့ အငယ်ဂုဏ်ကို အသုံးချပြီး “ယောက်ကျား စစ်စစ် စစ်သားရင့်မာကြီးတွေ ဖြစ်နေပြီးတော့ …့” ဘာဘာ ညာညာတွေ ရေးခဲ့ပြီး စကားဝိုင်းကိုပိတ်တော့ အကို့သူငယ်ချင်းတွေလည်းဖြစ်၊ လူကြီးလူကောင်းတွေလည်း ဖြစ်ကြတဲ့အတွက် သူငယ်ချင်း ညီမလေးမို့ ညီမလေးလို သဘောထားလို့ စတာပါ-ဆို ပြန်ချော့ကြတယ်။

(အမှန်ကတော့ သူတို့က သူတို့ တပ်ကလူတွေလောက် တိုင်းပြည်ကို ဘယ်သူမှ မချစ်ဘူးဆိုတာ၊ တိုင်းပြည်ရဲ့ ပထဝီ နိုင်ငံရေးကို သူတို့လောက်မသိဘူးလို့ ထင်နေပြီး ပြောတာတွေက I’m sure, it is NO joke. ဒါပေမယ့် သူတို့ဘက်က ပြန်ပြီး ညီမလေးလို ချစ်လို့ စတာပါဆိုတော့လည်း ငါက ဆက်ပြီး စိတ်ကောက်နေစရာ၊ အညှိုးအတေးထားစရာ အကြောင်း မရှိတော့ဘူးမို့လား။ ဒါက မောင်နှမတွေလေ။

သူ့အမြင်၊ ကိုယ့်အမြင်ကို အညှိုးအတေးမပါဘဲ မောင်နှမအချင်းချင်း ကြားမှာတောင်မှ ဆွေးနွေးလို့ မရတဲ့လူမျိုး ဆိုတာ မဖြစ်သင့်ဘူးမို့လား။ သူ့ရှုဒေါင့်ကစကားကို ကိုယ်နားထောင်ပေးရင်း ငြင်းခုန်နေတဲ့ကြားကပဲ သူက ဒီလို မြင်တာလေး ငါ မမြင်လိုက်မိဘူး ဆိုတာမျိုး၊ ငါပြောတာလေး သူလက်မခံရင်တောင် နားထောင်ပေးသွားတာပဲ၊ သူ့အတွက် အတွေးလေး တစတော့ ကျန်မှာပါ ဆိုတာမျိုးလောက်ရောက်လာမယ် ဆိုရင် ဒီအငြင်းအခုန်တွေဟာ ငြင်းခုန်သင့်တဲ့အရာတွေပဲမဟုတ်လား။

ဒီလိုမှ မဟုတ်ဘဲ ငါပြောတာချည့်အမှန်၊ ငါပြောတာကိုပဲ လက်ခံရမယ်ဆိုရင် ဒီတိုင်းပြည်ဟာ ဘယ်တော့မှ ပြန်လည် ရင်ကြားစေ့ရေးဆိုတဲ့ ယဉ်ကျေးမှု ထွန်းကားလာမှာ မဟုတ်ဘူး။ ဘယ်တော့မှ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ ယဉ်ကျေးမှု ဖြစ်တည်လာမှာမဟုတ်ဘူး။ တဘက်နဲ့တဘက် ဘာပြောပြော စိတ်မနာကြေး၊ မတေးမှတ်ကြေးဆိုတဲ့ သဘောထားကို အရင်ပိုက်ထားပြီးမှ ပွင့်ပွင့်လင်းလင်း ဘာဝှက်ဖဲမှ မကိုင်ဘဲ ပြောနိုင်ကြပြီဆိုရင် ဒါဟာ မောင်နှမတွေရဲ့ စကားဝိုင်းဖြစ်လာမှာပေါ့။

နောက်တခါကျတော့မှ မင်း မကြာခနလှမ်းမေးတတ်တဲ့ မီဒီယာနဲ့ပတ်သက်လို့ပြောကြတာပေါ့။ နောက် ဘာသာရေးနဲ့ ပတ်သက်လို့လည်း ဆွေးနွေးကြတာပေါ့။

ခွာညို
(ဇွန် ၂၄၊ ၂၀၁၉)