Breaking News

စံပယ်ဖြူ ● မေတ္တာဖြင့် ယုံကြည်မှုကို တည်ဆောက်ခြင်း

စံပယ်ဖြူ ● မေတ္တာဖြင့် ယုံကြည်မှုကို တည်ဆောက်ခြင်း
(မိုးမခ) ဇွန် ၂၊ ၂၀၁၉

ယုံကြည်မှုကို တည်ဆောက်ရာမှာ မေတ္တာမပါဘဲနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ကျွန်မတို့ရဲ့ လူထုမိခင် အမေစုပြောခဲ့တာကို စဉ်းစားမိပြီးစာတစ်ပုဒ် ရေးချင်ပါတယ်။ ကျွန်မတို့တတွေ သူငယ်ချင်း အပါင်းအသင်းများနဲ့ မိတ်ဖွဲ့ဆက်ဆံရာမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက် အကြီးအကဲများနဲ့ ဆက်ဆံရာမှာပဲဖြစ်ဖြစ် အပြန်အလှန် ယုံကြည်လေးစာမှု ရှိကြမှာသာ ရေရှည်အဆင်ပြေမှာ ဖြစ်ပါတယ်။ ယုံကြည်မှုကို တည်ဆောက်ရာမှာ ရိုးသားဖြောင့်မတ်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ကတိတည်ခြင်း တွေအပြင် မေတ္တာတရားက အခြေခံကျဆုံး လိုအပ်ချက်ဖြစ်တယ်ဆိုတာကို အမေစု ပြောမှ သေချာသဘောပေါက် ခဲ့ပါတယ်။

ဗုဒ္ဓတရားတော်မှာ မေတ္တာရဲ့သဘောက သူ့အကျိုးကို လိုလားခြင်း သို့မဟုတ် မိတ်ဆွေစိတ်ထားလို့ ဆိုပါတယ်။ မိတ်ဆွေစိတ်ထားသူ၊သူ့အကျိုးလိုလားသူကို လူတွေက ယုံကြည်လေးစားကြတာ လောကဓမ္မတာပါ။ လောကလူသားတွေအတွက် အယုံကြည်ရဆုံးလူသားဟာ ကျွန်မတို့ရဲ့ မွေးမိခင်ဖြစ်ပါတယ်။ ဘာကြောင့်မိခင်ကို ယုံကြည်အားကိုးဆုံးဖြစ်သလဲ။ အမိဝမ်းမှာ သန္ဓေတည် မွေးဖွားလာပြီး၊ မွေးကင်းစအရွယ်ကစလို့ မိခင်ရင်ငွေ့ကိုလှုံ၊ နို့ချို့သောက်စို့ရင်း အနွေးထွေးဆုံးနဲ့ ယုံကြည်စိတ်ချရဆုံး မေတ္တာဓာတ်ကို ရကြတယ်။မိခင်က သားသမီးတွေရဲ့ ကောင်းကျိုးကို အမြဲလိုလားသူ။ သားသမီးတွေကို အသက်နဲ့ထပ်တူ ချစ်မြတ်နိုးပြီး၊ ဘေးအန္တရာယ်ကြုံရင် အသက်ပေးပြီး ကာကွယ်မယ့်သူ။  မိခင်ပြီးရင် သားသမီးတွေကို ဘဝတစ်ခုလုံးပေးပြီး ကာကွယ်စောင့်ရှောက်တဲ့ ဖခင်ကို အယုံကြည်ဆုံး။ မိဘနှစ်ပါးပြီးရင် ညီအကိုမောင်ညီမများက ချစ်ခင်ယုံကြည်ရသော မိသားစုဝင်တွေ ဖြစ်ပါတယ်။ မောင်နှမတွေကြားမှာ မေတ္တာထုထည်ကြီးမားလေ ယုံကြည်မှု ခိုင်မာလေ၊ မေတ္တာတရားနဲ့ ယုံကြည်မှုဟာ တိုက်ရိုက် အချိုးကျပါတယ်။

ငယ်စဉ်က မိဘမေတ္တာကို ခံယူလျှက် မိဘများအပေါ် ယုံကြည်အားကိုးရင်း ကြီးပြင်းလာတဲ့အခါ၊ မေတ္တာကို အခြေခံပြီး ဆရာသမားများ သူငယ်ချင်းများနဲ့ ယုံကြည်မှုကို တည်ဆောက်ကြရပါတယ်။ ဆရာကောင်းပီသသော ဆရာများရဲ့ နက်ရှိုင်းတဲ့ မေတ္တာစေတနာတွေကြောင့်၊ တပည့်တွေဟာ ဆရာ့အပေါ် ယုံကြည်လေးစား ချစ်ခင်ကြပါတယ်။ ထိုနည်းတူ သူငယ်ချင်းမိတ်ဆွေတွေကြားမှာ မေတ္တာဖြင့်နှောင့်ဖွဲ့သော ခင်မင်မှုသံယောဇဉ်က တသက်တာခိုင်မြဲပါတယ်။ မေတ္တာကို အခြေခံတဲ့ ဆက်ဆံရေး မှန်သမျှဟာ ကြာရှည်တည်မြဲလေ့ ရှိပါတယ်။ တချို့သော ဆရာတပည့် ဆက်ဆံရေးက မိဘနဲ့ သားသမီးသဖွယ် ဖြစ်သွားတတ်သလို၊ သူငယ်ချင်းတွေ ခင်မင်ရင်းနှီးတာ ကြာလာတော့ ညီကိုမောင်နှမအရင်းလို ချစ်ခင်သွားကြတာ မေတ္တာရဲ့ စွမ်းအားကြောင့် ဖြစ်ပါတယ်။

လူမှုဆက်ဆံရေးမှာ မေတ္တာကို အခြေခံမှသာ မိမိကို ချစ်ခင်ယုံကြည်သော မိတ်ဆွေကောင်းများ ရနိုင်ပါလိမ့်မယ်။ လုပ်ငန်းခွင်မှာလည်း မေတ္တာစေတနာထားမှသာလျှင် အများယုံကြည်မှုကိုရပြီး၊ တိုးတက်အောင်မြင်နိုင်ပါတယ်။ ဘဝမှာ အောင်မြင်တဲ့လူအများစုဟာ စိတ်ရင်းစေတနာ ကောင်းကြတယ်၊ ရိုးသားကြိုးစားပြီး ချစ်ခြင်းမေတ္တာကို တန်ဖိုးထားကြပါ တယ်။ အောင်မြင်သော ဘဝတခုကို တည်ဆောက်ဖို့ မေတ္တာဆိုတဲ့ အခြေခံအုတ်မြစ် လိုအပ်တယ်။ ဘာပဲလုပ်လုပ် စေတနာမေတ္တာကို အရင်းခံပြီးလုပ်မှသာ အောင်မြင်မှုပန်းတိုင်နဲ့ နီးစပ်ပါလိမ့်မယ်။ အရိုးရှင်းဆုံး ဥပမာ ပေးရရင် ဈေးရောင်း တဲ့အခါ ဈေးဝယ်သူအပေါ် မေတ္တာထားပြီး ပစ္စည်းမှန် ဈေးနှုန်းမှန် ရောင်းပေးမယ်ဆိုရင် ဝယ်ယူစားသုံးသူများရဲ့ ယုံကြည်မှု ကိုရလို့ ဈေးရောင်းကောင်းမှာ သေချာပါတယ်။ ပစ္စည်းရောင်းရရေး တခုတည်းကိုသာ အာရုံမစိုက်ဘဲ၊ ဈေးဝယ်သူလည်း စိတ်ချမ်းသာ ကိုယ်လည်းအမြတ်ရ၊ နှစ်ဦးနှစ်ဘက် အကျိုးရှိဖို့အရေးကို အာရုံစိုက်တဲ့အခါ ကြီးပွားချမ်းသာဖို့ ဖြစ်နိုင်ခြေပိုများ ပါတယ်။

မေတ္တာဟာ တည်ဆောက်ခြင်းသဘောရှိတာမို့ လူ့ပတ်ဝန်းကျင်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ မေတ္တာနဲ့ နှောင်ဖွဲ့ထား သော မိသားစုဟာ အေးအေးချမ်းချမ်း နေနိုင်ကြသလို၊ လူ့အဖွဲ့ အစည်းတိုင်းမှာ မေတ္တာစိတ်ကြီးစိုးနေရင် အေးချမ်းသာယာပါ လိမ့်မယ်။ ဒါကြောင့်မို့ မြို့ရွာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်တွေဟာ မေတ္တာစိတ်ထားပြီး စီမံအုပ်ချုပ်ဖို့ လိုပါတယ်။ မေတ္တာရှေ့ထားတဲ့အခါ အများပြည်သူတွေရဲ့ ယုံကြည်လေးစားမှုကိုရပြီး၊ ညီညွတ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်ကြလို့ တိုင်းပြည် သာယာဝပြောနိုင်ပါတယ်။ မေတ္တာရဲ့ ကောင်းကျိုးအာနိသင်ကို ကောင်းစွာနားလည်တဲ့ ကျွန်မတို့ရဲ့ လူထုခေါင်း ဆောင်က လူတိုင်းအပေါ် မေတ္တာထားပြီး ယုံကြည်မှုကို တည်ဆောက်ပါတယ်။ ပြည်သူများရဲ့ တုန့်ုပြန်မေတ္တာကို ခံယူပြီး၊ ပြည်သူ့အင်းအားကို အပြည့်အဝ ယုံကြည်သူလည်း ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ မေတ္တာကို ဆုံးရှုံးသွားရင် ဘာနဲ့မှ အစားပြန်ထိုးလို့ မရနိုင်ဘူးလို့ ပြောခဲ့တာကို မှတ်သားမိတဲ့ လူတွေရှိပါလိမ့် မယ်။ ပြည်သူ့မေတ္တာကို ဆုံးရှုံးသွားရင်၊ ပြည်သူတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးမှာမို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင်လုပ်ဖို့ မဖြစ်နိုင်ပါ။ ဒီသဘောတွေကို နားလည်တဲ့ လူထုမိခင်က ပြည်သူတွေရဲ့ တုန့်ပြန်မေတ္တာကို အလေးအနက် တန်ဖိုးထား ပါတယ်။ အများပြည်သူဆီက တုန့်ပြန်မေတ္တာနဲ့ ယုံကြည်မှုကိုရဖို့ အရင်းအနှီးပြုခဲ့တဲ့အရာက  အမုန်းတရား ကင်းစင်သော မေတ္တာ။ လောကလူသားအားလုံးရဲ့ ကောင်းကျိုးချမ်းသာကို လိုလားသော ပါရမီမြောက်တဲ့ မေတ္တာ။ ခိုင်မာသော မေတ္တာနဲ့ တည်ဆောက်ထားသော ပြည်သူအများရဲ့ ယုံကြည်မှု၊ လေးစားကြည်ညိုမှုကို ပျက်စီးအောင် ကြံစည်အားထုတ်သူတွေ အချိန်ကုန် လူပင်ပန်းရုံသာ ရှိပါလိမ့်မယ်။

သက်ရောက်မှုတိုင်းအပေါ် တန်ပြန်သက်ရောက်တဲ့ နိယာမအတိုင်း၊ မေတ္တာပေးရင် မေတ္တာပြန်ရပါတယ်။ ယုံကြည်လေး စားစရာကောင်းတဲ့ စိတ်ရင်းစေတနာရှိရင်၊ ယုံကြည်လေးစားမှုကို ပြန်ရပါလိမ့်မယ်။ အများကောင်းကျိုးကို လိုလားသော မေတ္တာစိတ်နဲ့ စွန့်လွှတ်အနစ်နာခံရင် ပြည်သူအများရဲ့ ဝန်းရံထောက်ခံမှုကို ရပါမယ်။ တရားမျှတမှုကို မြတ်နိုးပြီး အမှန်တရား ဘက်က ရပ်တည်တဲ့အခါ၊ မတရားမှုကို ဆန့်ကျင်လိုသော ရဲဘော်ရဲဘက်များက အတူလက်တွဲ ပါဝင်လာကြပါလိမ့်မယ်။ ဒီသဘောတွေကို နားလည်တဲ့ အမေစုက ခက်ခဲကြမ်းတမ်းတဲ့ ခရီးကို ယုံကြည်ချက်အပြည့်နဲ့ ဖြောင့်ဖြောင့်ကြီး ဆက် လျှောက်ပါတယ်။ ဒီလမ်းခရီး တလျှောက်မှာ ဆုံးရှုံးခဲ့ရတဲ့၊ လူတချို့ရဲ့ အသက်တွေ မိသားစုဘဝတွေကို မေ့မထားသူလည်း ဖြစ်ပါတယ်။ တန်ဖိုးကြီးမားတဲ့ အရာတွေကို ပေးဆပ်ခဲ့ရတာမို့၊ ထိုက်တန်သော ရလဒ်တခုကို အရယူနိုင်အောင် သံမဏိလို မာကျောတဲ့ စိတ်ဓာတ်ရှိတာ အင်မတန် လေးစားအားကျစရာ ကောင်းပါတယ်။ အမေစုရဲ့ ဉာဏ်ပညာ အမြှော်အမြင်ကြီး မားခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ မေတ္တာတရားကြီးမားခြင်းနဲ့ လောကဓံကို ကြံ့ကြံ့ခံနိုင်ခြင်း စတဲ့ ဂုဏ်အရည်အချင်းတွေက ကျွန်မတို့အတွက် အတုယူစရာတွေ ဖြစ်ပါတယ်။

မြန်မာပြည်မှာ သူလိုအမျိုးသမီးမျိုး ရှိရက်နဲ့ ကျွန်မတို့နိုင်ငံသားတွေ နိုင်ငံတကာမှာ အောက်ကျနောက်ကျ ဖြစ်နေရတာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ ကျွန်မတို့တွေ အမေစုရဲ့ ခြေရာကို လိုက်မနင်းနိုင်ကြဘူး။ ဒီခရီးကရောက်ဖို့ မနီးသေးဘူး၊ ရှေ့ကသွားနေတဲ့ အမေအိုက ပင်ပန်းလွန်းနေပြီ။ သူ့နောက်က လိုက်တဲ့သူတွေကို အားဖြည့်ကူညီကြဖို့လိုအပ် ပါတယ်။ ကျွန်မတို့ အသိဉာဏ် အမြာ်အမြင်တွေ တိုးပွါးအောင်လုပ်ရမယ်။ လောကကောင်းကျိုးကို လိုလားတဲ့ မေတ္တာစိတ်တွေ ပိုတိုးပွါးအောင်လုပ်ရမယ်။ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ သတ္တိတွေ မွေးမြူရပါမယ်။ အမှန်တရား ဘက်တော်သားများကို အားပေးဝန်ရံရမယ်။ အမေစုကို ချစ်တဲ့ အမာခံပြည်သူများ၊ မေတ္တာနှလုံးသားနဲ့ ဆက်လက်ဝန်းရံအားဖြည့် နိုင်ကြပါစေလို ဆန္ဒပြုပါတယ်။

ချစ်ခြင်းများစွာဖြင့်
စံပယ်ဖြူ