Breaking News

ကျော်လင်း ● မြစ်ဝကျွန်းပေါ်ဒေသ လူငယ်များအတွက် အခြေခံသတင်းသင်တန်းဖွင့်

   
ကျော်လင်း ● မြစ်ဝကျွန်းပေါ်ဒေသ လူငယ်များအတွက် အခြေခံသတင်းသင်တန်းဖွင့်
(မိုးမခ) ဇွန် ၂၊ ၂၀၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ၅ ရက်ကြာမြင့်မည့် အခြေခံစာပညာသင်တန်း ပြုလုပ်လျက်ရှိရာ သင်တန်း သည်  ဒေသတွင်းလူငယ်များ အခြေခံသတင်းစာပညာနားလည်စေရန် ရည်ရွယ်သည်ဟု သင်တန်းနည်းပြဖြစ်သူ ဆလိုင်း သန့်စင်က ပြောသည်။

မီဒီယာကို တလွဲအသုံးချတချို့ကြောင့် မီဒီယာလောက ထိခိုက်နိုင်ကြောင်း၊ အခြေခံသတင်းစာပညာကို စနစ်တကျ လေ့ လာပြီး ကျင့်ဝတ်နှင့်အညီ ရေးသားတင်ဆက်သူ အများအပြား ပေါ်ပေါက်လာလျှင် ထိုအထင်မှားမှုမျိုးကို တိုက်ဖျက်နိုင်မည် ဖြစ်ကြောင်း သင်တန်းနည်းပြက ပြောသည်။


“ပန်းချီကား တချပ်ပေါ်မှာ အဖြူတွေများလာရင် အမည်းတွေက နည်းသွားမှာပါ။ အဖြူတွေနည်းနေတာ့ အမည်းတွေက များနေမှာပဲ။  အဖြူတွေများလာအောင် ကျနော်တို့ ကြိုးစားနေတာ” ဟု သင်တန်းနည်းပြဆရာ ဧရာဝတီသတင်းဌာန အကြီး တန်းသတင်းထောက် ဆလိုင်းသန့်ဇင်က ပြောသည်။

မအူပင်မြို့နယ် ရေဝတီခန်းမဆောင်တွင် ပြုလုပ်လျက်ရှိသည့် အခမဲ့သင်တန်းကို မြန်မာဂျာနယ်လစ်ကွန်ရက်၊ ဧရာဝတီ တိုင်းဒေသကြီး ဂျာနယ်လစ်ကွန်ရက်တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ဇွန် ၅ ရက်နေ့တွင် သင်တန်းပြီးဆုံးမည် ဖြစ်သည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ နေရာအနံှ့မှ  သတင်းလုပ်ငန်း စိတ်ဝင်စားသူ  ၁၅ ဦး သင်တန်းတက်ရောက်နေရာ ၎င်းတို့ထဲမှ တဦးဖြစ်သည့် ပုသိမ်သူ မခြူးသဉ္ဇာက သတင်းထောက်ကောင်းတယောက်ဖြစ်ရေးအတွက် ဤသင်တန်းက အထောက် အကူဖြစ်မည်ဟု ပြောသည်။


“သတင်းထောက်ပညာကိုလည်း ဝါသနာပါတဲ့အတွက်ကြောင့် လာတက်တာဖြစ်ပါတယ်။ သင်ခန်းစာတွေအကုန်လုံးကို ကြိုးကြိုးစားစားနဲ့ သင်ယူပြီးတော့ ကောင်းမွန်မှန်ကန်တဲ့ သတင်းသမားတယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်”  ဟု မခြူးသဉ္ဇာက ပြောသည်။

ယခုပြုလုပ်သည့် သင်တန်းသည် အမှတ်စဉ် (၄) ဖြစ်ပြီး သင်တန်း တက်ရောက်နေသူများ ဘုန်းကြီးကျောင်းတကျောင်းတွင် တည်းခိုလျက်ရှိသည်။


အမှတ်စဉ် ၁ ကို ၂၀၁၇၊ ဇန်နဝါရီတွင် ပုသိမ်မြို့၊ အမှတ်စဉ် ၂ ကို ထိုနှစ်မေလတွင် ငွေဆောင်မြို့၊ အမှတ်စဉ် ၃ ကို ပြီးခဲ့သည့်နှစ် ဇွန်လက မအူပင်မြို့တို့တွင် ပြုလုပ်ခဲ့သည်။

သင်တန်းများဖြစ်မြောက်ရေး အဓိက အကောင်အထည်ဖော်ခဲ့သည့် ဧရာဝတီတိုင်းဒေသကြီး ဂျာနယ်လစ်ကွန်ရက်ကို ၂၀၁၆ ဇွန်လတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
##

မအူပင်တွင် ပြုလုပ်နေသော အခြေခံသတင်းစာပညာသင်တန်း အမှတ်စဉ် ၄ မြင်ကွင်းတချို့ (ဓာတ်ပုံများ - ဧရာဝတီတိုင်း ဒေသကြီး ဂျာနယ်လစ်ကွန်ရက်)