Breaking News

ဇင်လင်း ● စစ်ဒဏ်ခံပြည်သူများအား စာနာပါ၊ စစ်ပွဲများရပ်စဲပါ၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပြန်လည် တည်ဆောက်ပါ

ဇင်လင်း ● စစ်ဒဏ်ခံပြည်သူများအား စာနာပါ၊ စစ်ပွဲများရပ်စဲပါ၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပြန်လည် တည်ဆောက်ပါ
(မိုးမခ) ဇွန် ၂၊ ၂၀၁၉

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ရပ်စဲရေး ကြိုးပမ်းရာ၌ မျှော်လင့်ချက် အလင်းရောင်ကို ခေတ္တမျှသာ မြင်ခွင့်ရ၍ ရုတ်ခြည်း ဆိုသလို အမှောင်ရိပ်တို့က ပြန်လည်ဖုံးလွှမ်းသွားတတ်သည်ကို မကြာ မကြာ တွေ့မြင်နေရသည်။ မူဆယ်မြို့တွင် ဧပြီလ ၃ဝ ရက်နေ့က မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ တွေ့ဆုံဆွေးနွေးနိုင်ခဲ့သည့် အ တွက် တိုးတက်မှုရှိသည်ဟု ဆိုနိုင်သည်။ ထို့ပြင် တပ်မတော်က ၂၀၁၈ ဒီဇင်ဘာ ၂၁ မှစတင်ပြီး ၂၀၁၉ ဧပြီ ၃ဝ ရက်နေ့ တွင်ကုန်ဆုံးသော  ယာယီအပစ်အခတ်ရပ်စဲရေးကာလကို နောက်ထပ် ၂ လ တိုးမြှင့်သတ်မှတ်ခဲ့ခြင်းကိုလည်း တိုးတက်မှုဟု ဆိုနိုင်သည်။ ထိုအချက်တို့ကိုအကြောင်းပြု၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးအတွက် လမ်းကြောင်းမှန် တိုးတက်မှုဖြစ်သည်ဟု မေလ ၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ကြိုဆိုခဲ့သည်။

ဆက်လက်၍ တပ်မတော်က အပစ်အခတ်ရပ်စဲထားသည့်ကာလအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မြန်မာ နိုင်ငံမြောက်ပိုင်း၌ ဖြစ်ပွားလျှက်ရှိသော ဆူပူမှုများ၊ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် စိတ်ရှည်သည်းခံပြီး ထင်သာမြင်သာရှိသည့် တိုးတက်မှုများရရှိအောင် ဖြေရှင်းကြရန် တိုက်တွန်းကြောင်းလည်း တရုတ်သံရုံး၏ ကြေညာချက်၌  ဖေါ်ပြထားသည်။ ထို့ပြင် တရုတ်-မြန်မာ နယ်ခြားဒေသ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်  ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံသံရုံး၏ကြေညာချက်၌ ဖော်ပြထားသည်။

ထို့ကြောင့် မြန်မာ့ငြိမ်းချမ်းရေးကိစ္စ စဉ်းစားသည့်အခါ တရုတ်နိုင်ငံ၏အခန်းကဏ္ဍကို ချန်လှပ်ထား၍မရဟု ဆိုရခြင်းဖြစ် သည်။ တရုတ်နိုင်ငံကလည်း မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်ကာ၊ နှစ်နိုင်ငံ ထိတွေ့ဆက်ဆံရေး ပြေပြစ်စေ ရန် ကူညီနေကြောင်း NCA စာချုပ် ၂  နှစ်ပြည့်အခမ်းအနားသို့ တက်ရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှ ရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော့ရှန်  (Mr. Sun Guoxiang) က အခမ်းအနားအပြီးတွင် ၇ ရက်နေ့စဉ် သတင်း ထောက်၏မေးမြန်းမှုကို ဖြေကြားခဲ့ဖူးသည်။

‘ဝ’ အဖွဲ့ (UWSA) ဦးဆောင်သည့် မြန်မာ-တရုတ်နယ်စပ်အခြေပြု တိုင်းရင်းသားလက်နက်ကိုင် ခုနှစ်ဖွဲ့(FPNCC) နှင့် မြန်မာအစိုးရ၊ တပ်မတော်တို့အကြား တွေ့ဆုံ ဆွေးနွေးမှုများဖြစ်ပေါ်စေရန် တရုတ်နိုင်ငံက ကူညီလျှက်ရှိကြောင်း ‘ဆွန် ကော့ရှန်’ က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအစိုးရ၏ရပ်တည်ချက်အရ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ခိုင်ခိုင်မာမာ ထောက် ခံကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်သည် အလားအလာကောင်းသည်ဟုလည်း ယုံကြည်ကြောင်း၊ မစ္စတာ ဆွန်ကော့ရှန်က ပြောခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အနီးကပ်ဆက်ဆံ၍ ငြိမ်းချမ်းရေးရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း၊ ၎င်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အရေးကိစ္စ၌လည်း မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်တို့က နိုင်ငံ့လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ထိန်းသိမ်းလုပ်ဆောင်နေသည်ကို သိရှိထောက်ခံကြောင်း၊ အိမ်နီးချင်းမိတ်ဆွေကောင်း ပီသစွာဖြင့် ဆက် လက်ရပ်တည် ကူညီသွားမည် ဖြစ်ကြောင်း ဆွန်ကော့ရှန်က ဆွေးနွေးပြောဆိုခဲ့သည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမ စီမံကိန်း Belt & Road Initiative (BRI) အောင်မြင်ရေးအတွက်  မြန်မာနိုင်ငံကို အမှန်တကယ် ငြိမ်းချမ်းစေလိုသော သဘောရှိသည်ဟု ယူဆနိုင်သည်။ မြန်မာနိုင်ငံ မငြိမ်းချမ်းဘဲ၊ ပိုးလမ်းမစီမံကိန်းအကောင်အထည် ဖေါ်နိုင်မည်မဟုတ်၍ ဖြစ်သည်။ ခေတ်သစ် ပိုးလမ်းမစီမံကိန်းသည် တရုတ်၏ နိုင်ငံရေး စီးပွားရေး သြဇာနယ်ပယ် ချဲ့ထွင်မှုနှင့်လည်း တိုက်ရိုက် ဆက်စပ်နေသည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်ကြသည်။

လတ်တလောတွင် တရုတ်မြန်မာ နယ်စပ်အခြေအနေထက် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများ ကိစ္စက ပို၍အရေးကြီးနေသည်။ စစ်ပွဲများရပ်စဲရေး၊ စစ်ဘေးရှောင်ဒုက္ခသည်များကို ပြန်လည်နေရာချထားရေး ကူညီပေးရန် တောင်းဆိုဆန္ဒထုတ်ဖော်ပွဲတရပ်ကို စစ်တွေမြို့၌ ရဟန်းသံဃာများအပါအဝင် အင်အားသုံးထောင်ခန့်ဖြင့် မေလ ၁၉ ရက် နေ့က ပြုလုပ်ခဲ့သည်။ တိုက်ပွဲရှောင်နေရသော ပြဿနာ၊ ဒုက္ခရောက်နေသော စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေး ပြဿ နာ၊ စစ်ဘေးရှောင်များ ကိုယ့်စီးပွားရေးကို ကိုယ်ပြန်လုပ်နိုင်ရေး စသည်တို့ကို အစိုးရက ဖော်ဆောင်ပေးရန် တောင်းဆို လျှက်ရှိကြောင်း သိရသည်။ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးကိစ္စ၌ အပစ်အခတ်ရပ်စဲရေး သဘောတူရန် လိုအပ်လျှက်ရှိ သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့်ပတ်သက်၍ ဂိုဏ်းပေါင်းစုံ သံဃာတော်များ၊ ရခိုင်အရပ်ဘက် အဖွဲ့အစည်းများနှင့် ဒေသခံပြည်သူများက မေလ ၆ ရက်နေ့က စစ်တွေမြို့ မဏိရတနာ ကျောင်း၌ အစည်းအဝေးပြုလုပ် ကာ အချက်လေးချက် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ ထိုအချက်များမှာ တိုင်းစစ်ဌာန ၅ ခု၏ စစ်ဆင်ရေးနယ်မြေများတွင် အပစ်အခတ်ရပ်စဲထားသကဲ့သို့ ရခိုင်ပြည်နယ်၌လည်း အပစ်အခတ်ရပ်စဲရန်၊ စစ်ဘေးရှောင် ပြည်သူများ နေရပ်ပြန်၍ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ စစ်ဘေးရှောင်များ၏ စားဝတ်နေရေးကို အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးရေး၊ တပ်မတော်ကပစ်ခတ်၍ အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရ သည့်ဖြစ်စဉ်များ ထပ်မဖြစ်စေရေးတို့ဖြစ် သည်။ တပ်မတော် နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့၍ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့ တောင်၊ ဘူးသီးတောင် စသည့် မြို့နယ်များမှ ဒေသခံများစွာ စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး၊ လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခ သည် စုစုပေါင်း ၃၅,၀၀၀ ကျော်ရှိသည်ဟု ကူညီရေးအဖွဲ့ တာဝန် ရှိသူများက ပြောကြားသည်။ လတ်တလော အရေးပေါ် ကိစ္စမှာ ရခိုင် ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများကို မိုးမကျမီ လုံခြုံသောနေရာများတွင် ယာယီနေရာချထားပေး နိုင်ရေးအတွက် လူကယ်ပြန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် ဝန်ကြီးချုပ် ဦးညီပု ဦးဆောင် သည့် ရခိုင်ပြည် နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများသည် မေလ ၁၉ ရက်က စစ်တွေ၌ တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။ ရခိုင်ဒေသ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူများအား စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ခဲ့ရာ ကျပ် သိန်း ၉,၂၈၀ ခန့်ရှိခဲ့ကြောင်း လူ/ကယ်/ပြန်ဝန်ကြီးက ပြောကြားခဲ့သည်။

ဤအတောအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် NCA လက်မှတ်ထိုးထိပ်သီးခေါင်းဆောင်များအစည်းအဝေး၌ PPCM စုဖွဲ့မှုအသစ်ပြု လုပ်လိုကြောင်း KNU က အဆိုပြုခဲ့သည်။ ယင်းသို့ PPCM ဖွဲ့စည်းရန် အဆိုပြုခြင်းနှင့် ပတ်သက်၍ KNU အဖွဲ့အတွင်း သဘောထားကွဲလွဲသည့် ဝေဖန်သုံးသပ်ချက်များအပေါ် KNU အထွေထွေအတွင်းရေးမှူး၏  ပြန်လည် ရှင်းလင်းပြောကြားချက်ကို KNU က မေလ ၂၂ ရက် ညတွင် ထုတ်ပြန်ခဲ့ကြောင်း 7Day Daily သတင်းအရ သိရသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် NCA မထိုးရသေးသည့်အဖွဲ့များပါဝင်နိုင်မည့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတိုင်ပင်ခံအစည်းအဝေး (PPCM) စုဖွဲ့မှု အသစ် ကြောင့် ငြိမ်းချမ်းရေးမပျက်နိုင်ကြောင်း ကရင် အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ‘ပဒို စော တာဒိုမူး’ က ပြောကြားသည်။ NCA လက်မှတ်ထိုးအဖွဲ့များနှင့် NCA လက်မှတ် မထိုးရသေးသည့်အဖွဲ့များ အကြား  ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရန် ရည်မှန်းချက်တူညီသဖြင့် ညှိနှိုင်းဆောင်ရွက်မှု မှတစ်ဆင့် ‘ဘုံရည်မှန်းချက်’ ဆီသို့ ချီတက်ရန်လိုအပ်ကြောင်း၊ PPCM ဖွဲ့ခြင်းအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုပွင့်လင်း မြင်သာလာမည်ဖြစ်သည်ဟု  ‘ပဒိုစောတာဒိုမူး’ ကပြောသည်။

PPCM ဖွဲ့စည်းရာတွင် ကြုံရမည့် စိန်ခေါ်မှုမှာရှေးဟောင်း အတွေးအခေါ် အယူအဆရှိသည့်  ခေါင်းဆောင်များကို အချိန် ပေးနားချရမည်ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။ PPCM စုဖွဲ့မှုသည် ညှိနှိုင်းဆွေးနွေးသည့်  အစည်းအဝေး နေရာ သာဖြစ်ကြောင်း၊ PPCM ကိုအစိုးရသို့ ချပြရန်မလိုကြောင်း၊ တိုင်းရင်းသားအဖွဲ့များအကြား လက်မှတ်ထိုးခြင်း၊ မထိုးခြင်းဟူသည့် စည်းမခြားဘဲ အတူတကွညှိနှိုင်းတိုင်ပင်ရန်ဖြစ်ကြောင်း၊ PPCM Meeting Space တွင် ညှိနှိုင်းဆွေးနွေး ခြင်းအားဖြင့် အကျိုးစီးပွားချင်းတူသည့် ကိစ္စများ၌ EAOs များအကြား ပူးပေါင်း ဆောင်ရွက်မှုများ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

‘‘ငြိမ်းချမ်းရေးပျက်နိုင်တာက နှစ်ဖက်သဘောတူတဲ့ NCA  စာချုပ်ကို အကောင်အထည် မဖော်ခြင်း၊ ပစ်ပယ်ထားခြင်းကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ချိုးဖောက်ခြင်း စတာတွေပဲဖြစ်လိမ့်မယ်။’’ ဟု ‘ပဒို စော တာဒိုမူး’ က ပြောသည်။

KNU အနေဖြင့် NCA  အကောင်အထည်ဖော်ရေးကိုသာ အဓိက အားစိုက်သည်ဟု ဆိုသည်။ NCA စာချုပ်တွင် ပါရှိသည့် အကောင်အထည် မဖော်ရသေးသောအချက်များ၊ အားနည်းနေသည့်အချက်များနှင့် အဓိပ္ပာယ် ကွဲလွဲစွာ ဖွင့်ဆိုနေခြင်းများ ကို ထောက်ပြခဲ့သည်ဟု KNU အထွေထွေအတွင်းရေးမှူးက ဆိုသည်။ NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ ဖြင့် ဖွဲ့စည်းထားသည့် PPST သည် အချိန်ကာလ တခုတွင် အလုပ်ဖြစ်ခဲ့သော်လည်း တပ်မတော်က ဆွေးနွေးရေး လုပ်ငန်း စဉ်တွင် တစ်ဆို့မှု ဖြစ်စေမည့်အချက်များတင်သွင်းလာ၍ ကြုံတွေ့ရသည့်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ခြင်းမရှိခဲ့ဟု ဆိုသည်။ ငြိမ်းချမ်းရေးလမ်းကြောင်း တိမ်းစောင်းနေသည်ကို ပြန်လည်တည့်မတ်ရန် မကြိုးစားဘဲ PPST အစည်းအဝေးကို အသုံးချပြီးလိုချင်သည့် ဆုံးဖြတ်ချက်များ ချမှတ်ရန် ကြိုးစားမှုကြောင့် NCA လက်မှတ်ထိုးအဖွဲ့ အတွင်း အုပ်စုဖွဲ့သကဲ့သို့ ဖြစ်လာခဲ့ရသည်ဟု KNU အထွေထွေအတွင်းရေးမှူးက ပြောကြားသည်။ PPCM သည် တိုင်းရင်းသား အဖွဲ့များအကြား တိုင်ပင်ဆွေးနွေးရန်နေရာသာဖြစ်၍၊  KNU အနေဖြင့် NCA လမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး ကြိုးစားသွားမည်ဖြစ်သည်ဟု ဆိုသည်။

အခြားတဖက်တွင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် NRPC အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန တာဝန်ရှိသူများ တွေ့ဆုံပြီး တစ်ဖွဲ့ချင်းစီအလိုက် NCA သဘောတူစာချုပ် လက်မှတ်ရေးထိုးရေး ဆွေးနွေးမည့် ‘ဒုတိယ အကြိမ် တွေ့ဆုံမှု’ တွင် တပ်မတော် ပါဝင်မည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က RFA သတင်းသို့ ပြောကြားခဲ့သည်။ လက်ရှိအခြေအနေတွင် တွေ့ဆုံမည့် နေရာနှင့် ရက်ကိစ္စ ညှိနှိုင်းနေသည်ဟု ဆိုသည်။ NRPC  ဘက်က ရန်ကုန်၊ နေပြည်တော်၊ လားရှိုး၊ မြစ်ကြီးနားမြို့များတွင် တွေ့လိုသည့် သဘောထားရှိ၍၊  EAOs အဖွဲ့များ ဘက်က တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် တွေ့ဆုံဆွေးနွေးပွဲ လုပ်လိုသော သဘောဆန္ဒရှိနေသောကြောင့် ညှိနှိုင်း နေဆဲရှိသည်။ လွန်ခဲ့သော ဧပြီ ၃၀ ရက်နေ့ မူဆယ်မြို့၌ ‘ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲ’ တွင် မြောက်ပိုင်း အဖွဲ့ ၄ ဖွဲ့က ပဏာမ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးအတွက် တစ်ဖွဲ့ချင်းစီ၏ အဆိုပြုချက်များကို NRPC သို့ ပေးခဲ့သည်ဟု ဆိုသည်။ မူဆယ် တွေ့ဆုံဆွေးနွေးပွဲတွင်  တပ်မတော်ဘက်မှ တက်လာရောက်ခဲ့ခြင်း မရှိဟု ဆိုသည်။

ယခုတစ်ကြိမ် တွေ့ဆုံမှုတွင် နှစ်ဦးနှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် (Bilateral Agreement) လက်မှတ်ရေးထိုးနိုင်မည့် အခြေအနေ ရှိ/မရှိဆိုသည်မှာ ဆွေးနွေးပွဲအပေါ် မူတည်သည်ဟု ရခိုင်တပ်မတော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက RFA သတင်းဌာနသို့ ပြောသည်။ တစ်ဖွဲ့ချင်းစီအလိုက် Bilateral Agreement အပစ်ရပ်စာချုပ်ကို မြောက်ပိုင်းအဖွဲ့အားလုံး တချိန်တည်း လက်မှတ်ရေးထိုးလိုကြောင်း ‘တအာင်းလွတ်မြောက်ရေးတပ်မတော်’ (TNLA) မှ ဗိုလ်မှုး မိုင်းအိုက်ကျော် က RFA သို့ ပြောသည်။

အမှန်ဆိုရလျှင် အပစ်အခတ်ရပ်ရေးကိစ္စမှာ လွယ်မယောင်နှင့် ခက်နေခြင်းဖြစ်သည်။ ယခု စီစဉ်လျှက်ရှိသည့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် NRPC တို့ တွေ့ဆုံပွဲတွင် တပ်မတော်က အမှန်တကယ် ပါဝင်ရန် ဆုံးဖြတ်ထားပါက၊ လက်ရှိ ဖြစ်ပွား နေသော တိုက်ပွဲများကို ချက်ချင်း ရပ်ဖို့လိုသည်။ အဘယ်ကြောင့်ဆိုသော်  ရခိုင်ဒေသခံပြည်သူများ၏ မေလ ၆ ရက်နေ့  စစ်တွေမြို့ဆန္ဒထုတ်ဖေါ်ပွဲကို အလေးထားရန်လိုသောကြောင့် ဖြစ်သည်။ တိုင်းစစ်ဌာနချုပ် ၅ ခု၏ စစ်ဆင်ရေးနယ်မြေများ တွင် အပစ်အခတ်ရပ်စဲထားသကဲ့သို့ ရခိုင်ပြည်နယ်၌လည်း အပစ်အခတ်ရပ်စဲပေးရန် ပြည်သူများက တောင်းဆိုထား သည်။ ထို့ပြင် AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကလည်း  နှစ်ဦးနှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် ထိုးမည် ဆိုလျှင် ၄ ဖွဲ့စလုံး တရက်တည်း တပြိုင်တည်းထိုးမည်ဟု ဆိုနေသည့်အချက်ကိုလည်း တပ်မတော်အနေဖြင့် အလေးထား သင့်သည်။  မြောက်ပိုင်း ၄ ဖွဲ့က အပစ်အခတ် ရပ်စဲရေးအတွက် ဘုံသဘောတူညီမှုကို ပြသနေသည်မှာ ထင်ရှားသည်။

တိုင်းရင်းသား EAO အဖွဲ့များဘက်မှ အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲသို့ ဆုံးဖြတ် ချက်ချနိုင်မည့် ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ရန် ရှိသည်ဟုလည်း ဆိုထားသည်။ ဖေါ်ပြပါ အခင်းအကျင်းအရ တိုင်းရင်းသား EAO အဖွဲ့များဘက်မှ ငြိမ်းချမ်းလိုသော သဘောထားကို ပြသလျှက်ရှိသည်။ အထူးသဖြင့် စစ်ဒဏ်ခံ ပြည်သူတို့၏ ဆင်းရဲဒုက္ခအ၀၀ကို အစိုးရနှင့် တပ်မတော်တို့က စာနာဖို့လိုသည်။ ငြိမ်းချမ်းရေးစကားပြောနေစဉ် စစ်ပွဲများ ရပ်ထားသင့်ပါလျှက် မရပ်ခဲ့သဖြင့် EAO အဖွဲ့များသာမက သာမန်တိုင်းရင်းသားပြည်သူများကပါ ယုံကြည်မှုပျက်ပြားနေ သည်ကို အလေးဂရုပြုသင့်သည်။ ယုံကြည်မှုဆိုသည်မှာ ပျက်သွားလျှင် ပြန်တည်ဆောက်၍ မရနိုင်သည်ကို အစိုးရနှင့် တပ်မတော်တို့သတိပြုသင့်သည်။ စစ်ပွဲများရပ်စဲပေးခြင်းဖြင့် စစ်ဒဏ်ခံပြည်သူတို့အား ဆင်းရဲဒုက္ခမှ ကယ်တင်ကာ ယုံကြည်မှုပြန်လည် တည်ဆောက်ပါဟု တိုက်တွန်းအပ်ပါသည်။    ။

V0l.1, No.250- 1st June 2019, Saturday နေ့ထုတ် သူရိယနေဝန်းဂျာနယ်၌ဖေါ်ပြသည့် ဆောင်းပါး။