Breaking News

မြန်မာနွေဦး ခရိုနီကယ် - မေ ၂၉ မြင်ကွင်း


မြန်မာနွေဦး ခရိုနီကယ် - မေ ၂၉ မြင်ကွင်း

(မိုးမခ) မေ ၃၀၊ ၂၀၂၂


ကမ္ဘာ့ ပြဿနာ အခက်အခဲတွေနဲ့ မြန်မာ့ပြဿနာ အခက်အခဲ 

၂၀၁၉ ခုနှစ် အကုန်မှ စတင်တွေ့ရှိခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပိုးဟာ ကမ္ဘာမြေပေါ်မှ လူ့အသက်တွေကို အချိန်မတိုင်ခင် ကြီးကြီးငယ်ငယ် မရွေး ခြွေယူသွားခဲ့ပြီး တချို့သော နိုင်ငံတွေမှာ အသက်အရွယ် ကြီးရင့်သူတွေ အချိုးအစား သိသိသာသာ လျော့ပါးသွားလောက်အောင် ရိုက်ခတ်ခဲ့ပြီး နိုင်ငံအများအစုကိုတော့ အဝင်အထွက် တံတိုင်းတွေ အတားအဆီးတွေ သတ်မှတ်ချက်တွေ ကန့်သတ်ချက်တွေ ချမှတ်စေခဲ့သလို ကုသမှုအတွက် ငွေကြေးအရင်းအမြစ်များစွာ သုံးခဲ့ကြရသလို ကာကွယ်ဆေးအတွက်လည်း ငွေကြေးများစွာ သုံးစွဲကြရတာ ဖြစ်ပါတယ်။  

ခရီးသွားလုပ်ငန်းတွေ၊ အလည်အပတ် လုပ်ငန်းတွေက နိုင်ငံနဲ့ တနိုင်ငံအကြားတင်မကဘဲ နိုင်ငံတွင်းထဲမှာတင် အသွားအလာ တည်းခိုမှု ကန့်သတ်ချက်တွေ ချမှတ်ကြရပြီး ကုန်ကျမှုတွေ ရှိလာချိန်မှာ ဝင်ငွေက ကပ်ဘေးမတိုင်ခင်ကထက် ထိုးကျလာတာ ဖြစ်ပါတယ်။  

အဲဒီအချိန်ကာလက ရေနံဝယ်လိုအား သိသိသာသာကျဆင်းသွားရာက ကမ္ဘာ့ရေနံစျေးက မကြုံဖူးလောက်အောင် လအနည်းငယ် ထိုးကျခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ရေနံထုတ်လုပ်တဲ့နိုင်ငံတွေက ပြန်လည်ချိန်ညှိကြတာ စီးပွားရေးမှာ မထုတ်လုပ်လို့မဖြစ်တဲ့ ထုတ်လုပ်ကုန်တွေ ထုတ်လုပ်ကြရတာ၊ ကိုဗစ်ကာကွယ် ဆေးပေါ်လာပြီး စီးပွားရေးထိခိုက်မှု လျော့နည်းအောင် အကန့်အသတ်နဲ့ ပြန်ဖွင့်လာကြရာက ရေနံစျေးက ပြန်မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။  

ကုန်းလမ်း ခရီးသွားလုပ်ငန်း ရေလမ်း ခရီးသွားလုပ်ငန်း၊ လေကြောင်းလမ်း ခရီးသွားလုပ်ငန်း အားလုံး ထိခိုက်ပျက်စီးကြရတာ ကမ္ဘာနဲ့ ချီခံစားကြရသလို နိုင်ငံတိုင်းလည်း အနည်းနဲ့အများ ထိခိုက်ခံစားကြရတာ ဖြစ်ပါတယ်။  

ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် အတော်များများမှီခိုရတဲ့ သီရိလင်္ကာနိုင်ငံအဖို့ ကူးစက်ကပ်ဘေးရဲ့ရိုက်ခတ်မှုနဲ့ စီမံခန့်ခွဲမှု အလွဲ၊ အဂတိလိုက်စားမှုတို့ကို ပေါင်းစပ်လိုက်တဲ့အခါ စီးပွားရေးပြိုလဲမှုနဲ့ နိုင်ငံရေး ပေါက်ကွဲမှုတို့ ဖြစ်ပွားလာတာ အထင်ရှားဆုံး သာဓက တခုဖြစ်ပါတယ်။  

အခုလို ကူးစက်ကပ်ဘေး၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှေးကွေးမယ့်အလားအလာ၊ ကျဆင်းမယ့်အလားအလာတွေအဲဒီလိုအခြေအနေ အောက်မှာ မြန်မာ့နိုင်ငံရေးအကြပ်အတည်း ကာလကို ရင်ဆိုင်ကြရတာဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်မှာ ကူးစက်ကပ်ဘေးကန့်သတ်ချက်တွေ မရုပ်သိမ်းရသေးသလို ကိုဗစ်ကူးစက်မှုကလည်း တတိယလှိုင်းမတိုင်ခင် တန့်နေဆဲ အခြေအနေဖြစ်ပါတယ်။  

စစ်အာဏာသိမ်းမှုက နိုင်ငံတကာရဲ့ အကူအညီတွေကို ရပ်တန့်သွားစေသလို လူသားချင်းစာနာမှုအကူအညီကလွဲလို့ ဖွံ့ဖြိုးမှုအကူအညီ ဘာတခုမှ ဝင်မလာနိုင်တော့တဲ့ အနေအထား မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု လုပ် ကိုင်နေတဲ့ နိုင်ငံကတာကုမ္ပဏီကြီးတွေအနေနဲ့ သိက္ခာအရ၊ ကျင့်ဝတ်အရ နိုင်ငံရေးအရ စွန့်ခွာကြရမယ့် အနေအထားတွေ ဖြစ်လာတာပါတော့တယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမယ့်အလားအလာတွေ မြင့်တက်လာပြီး ရင်းနှီးမြှုပ်နှံမှု ပြန်ရုပ်သိမ်းတာတွေလည်း ပြီးခဲ့တဲ့နှစ်မှာရော အခုနှစ်မှာပါ တခုပြီးတခု တွေ့လာရပါတယ်။   

ကူးစက်ရောဂါဘေး အနည်းငယ် လျော့ပါးလာချိန်မှာ ကူးစက်ရောဂါထက်ဆိုးတဲ့ အရှေ့ဥရောပနိုင်ငံတနိုင်ငံကို ရုရှားက ကျူးကျော်တဲ့ စစ်ပွဲက ကမ္ဘာ့စီးပွားရေး အပေါ် ကြီးကြီးမားမား ဂယက်ရိုက်ခတ်မှု ဖြစ်စေပါတော့တယ်။ ကမ္ဘာကို ဂျူံနဲ့ နေကြာဆီ အများဆုံးတင်ပို့တဲ့နိုင်ငံ ၂ နိုင်ငံ စစ်မက်ဖြစ်ပွားတာ၊ ကျူးကျော်သူ ရုရှားကို စီးပွားရေးပိတ်ဆို့တာတွေက ရိက္ခာ စျေးနှုန်းလောင်စာစျေးနှုန်းကို မြင့်တက်စေပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ စစ်မက်ဘေး စာနပ်ရိက္ခာ မလုံလောက်တဲ့ အရှေ့အလယ်ပိုင်း ဒေသတချို့နဲ့ အာဖရိက ဒေသတချို့တို့မှာ ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှု ခံစားရပါတယ်။  

မြန်မာနိုင်ငံဟာလည်း ယူကရိန်း ရုရှားစစ်ပွဲရဲ့ ဂယက်ကနေ မလွတ်ကင်းနိုင်ပါဘူး။ ရေနံစျေးမြင့်တက်မှု၊ စားသုံးဆီစျေးမြင့်တက်မှု ၊ ဓာတ်မြေသြဇာ စျေးနှုန်းမြင့်တက်မှုတွေကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေး သယ်ယူပို့ဆောင်ရေးတို့ကို ရိုက်ခတ်နေပြီဖြစ်ပါတယ်။  

ကိုဗစ်ကြောင့် ထိခိုက်ပြီးသား ချည့်နဲ့နေနှင့်ပြီးသား စီးပွားရေးက အထက်က နေ့စဥ်ဘဝရဲ့ ကုန်စည်တွေ စျေးနှုန်းသိသိသာသာမြင့်တက်တာ၊ စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ မြေသြဇာစျေးမြင့်တက်မှုတွေဒဏ်နဲ့ ခက်ခက်ခဲခဲ ရုန်းထွက်ကြရမယ့်အ နေအထားကို ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။  

ယူကရိန်း-ရုရှားစစ်ပွဲက မြန်မာ့နိင်ငံရေး အကျပ်အတည်းကို ကမ္ဘာ့အာရုံစိုက်မှုလည်း လျော့ကျစေခဲ့ပါတယ်။ မြန်မာနိုင်ငံရေး အကျပ်အတည်း လက်နက်ကိုင် ပဋိပက္ခကြောင့် ဒုက္ခရောက်နေကြတဲ့ စီးပွားရေး ထိခိုက်မှုကြောင့် အခက်ကြုံကြရတဲ့ သန်းနဲ့ချီတဲ့မြန်မာနိုင်ငံသားတွေကို လူသားချင်းစာနာမှုအကူအညီတွက် တောင်းခံမှုတွေက ယူကရိန်း-ရုရှားအရေးအတွက် ယူကရိန်းကို စစ်ရေးအကူအညီ ၊ နိုင်ငံအလိုက် တိုးမြှင့်ရတဲ့ စစ်ရေးအသုံးစရိတ်တွေအကြား နစ်မြှုပ်သွားရတဲ့ သဘောတွေ့ရပါတယ်။  

ကုလသမဂ္ဂက နှိုးဆော်ထားတဲ့ မြန်မာနိုင်ငံအတွက် လိုအပ်မယ့် လူသားချင်းစာနာမှု အကူအညီတောင်းခံမှုတွေကို တုံ့ပြန်ထည့်ဝင်ကြတဲ့ ငွေပမာဏက အားရစရာမကောင်းတာတွေ့နေရပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ၊ ပဋိပက္ခတွေ၊ နိုင်ငံရေး စစ်ရေး မတည်ငြိမ်မှုတွေကြောင့်  စိုက်ပျိုးရေးလုပ်ငန်းမလုပ်ကိုင် နိုင်ကြတဲ့ ဒေသတွေမှာလည်း ရိက္ခာအခက်အခဲ ငတ်မွတ်မှုဘေးကြုံရနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။  

ဒီလို အခြေအနေအောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိုက်ပွဲ၊ စစ်ရေးတိုက်ပွဲအကြားက မြန်မာလူထုအနေနဲ့ နိုင်ငံတကာအကူအညီထက်ကို အချင်းချင်း ကူညီဖေးမမှုကို ပိုအားပြုရမယ့် အလားအလာမျိုးလည်း ဖြစ်လို့နေတာဖြစ်ပါတယ်။  

ချုံ့ပြောရရင်တော့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ဖို့တွက် ရုန်းကန်ရတဲ့ အချိန်အခါ ကာလဟာ ကမ္ဘာမှာလည်း စစ်မက်ဘေး၊ ရိက္ခာအခက်အခဲ ၊ လက်နက်အားပြိုင်မှု ၊ စက်မက်ယှဥ်ပြိုင်မှုတွေနဲ့ မြန်မာ့အခက်အခဲ အကျပ်အတည်းကို ကမ္ဘာက ကူညီဖေးမကြဖို့ အားနည်းနေချိန်နဲ့ တိုက်ဆိုင်နေခြင်းကို သတိပြုမိကြဖို့ အရေး ကြီးတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar