Breaking News

ညိုထွန်းလူ - အကြင်အရပ်သည်

အကြင်အရပ်သည်
ညိုထွန်းလူ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၂၁

သည်ကနေ့နံနက်ခင်း။ မနေ့ညတုန်းကမိုးတွေရွာခဲ့၍အေးအေးလူလူနေလို့ထိုင်လို့ကောင်းသည်။ လေတဖြူး ဖြူးနှင့် စိတ်ကလည်းကြည်ကြည်လင်လင်။
ယင်းသမို့ကြောင့်မင်္ဂလာပါဟု အသံတိုးတိုးဖြင့်နံနက်ခင်းကိုနှုတ်ခွန်းဆက်လိုက်မိသည်။ သို့ရာတွင် ကျွန်တော့်နှုတ်ခွန်းဆက်သံက ကိုယ့်ရင်ထဲမှာပဲ ပဲ့တင်သံတွေရိုက်ခတ်နေလျက်။ တိတ်ဆိတ်ငြိမ်သက်သောမြင်ကွင်းသည် မင်္ဂလာနံနက်ခင်းနှင့်ဖီလာဆန့်ကျင်။ ရပ်ကွက်တခုလုံးကြားနေကျအသံတွေ တွေ့နေကျမြင်ကွင်းတွေ ပျောက်ကွယ်နေခဲ့တာ ရက်တစ်ပတ်တောင် ကျော်ခဲ့ပါပကော။

အိမ်ရှေ့လမ်းပေါ်မှာလည်း အသွားအလာကင်းမဲ့နေလျက်။ တအိမ်နှင့်တအိမ် မေးထူးခေါ်ပြောသံတွေဆိတ်သုဥ်းနေလျှက်။ဘာကြောင့်နည်း။ရှင်းပြစရာလိုမည်မထင်ပါ။ တရပ်ကွက်လုံးကိုဗစ်​ရောဂါကိုကြောက်လှချီရဲ့ဟုအသိဖြင့် ကိုယ့်အိမ်ဝင်းတံခါးကိုပိတ်ပြီး အကျဥ်းကျခံနေရခြင်းဖြစ်ပါသည်။သို့ဖြစ်၍နံနက်ခင်းသည်သာယာသော်လည်း ကြုံတွေ့နေရသည့်မြင်ကွင်းနှင့်လိုက်ဖက်မညီ၍ စိတ်ထဲမှာတခုခုလိုနေသလို ခံစားနေရသည်။ကျွန်တော်တွေးနေဆဲငှက်လှောင်အိမ်ကိုခေါင်းပေါ်ရွက်ပြီး အိမ်ရှေ့မှဖြတ်သန်းသွားသည့်မိန်းမနှစ်ယောက်ကိုတွေ့လိုက်ရ၍ အံ့သြသွားခဲ့ရသည်။

ခြင်းထဲမှာတော့ငှက်တွေကအမျိုးစုံ။ လမ်းပေါ်မှာအသံတိတ်ပြီးလျှောက်နေကြသော်လည်း သူတို့မျက်လုံးတွေကနဘေးဝဲယာဆီသို့ရောက်နေကြ၏။ မည်သည့်အိမ်က ငှက်တွေလွှတ်ဖို့လှမ်းခေါ်မှာလဲဆိုသည့်မျှော်လင့်ခြင်းမျက်လုံးတွေ။ သို့ရာတွင် လာပါဦးဆိုသည့်ခေါ်သံတွေမကြားရ။ ကိုယ့်အိမ်ဝင်းထဲမှ သူတို့ကိုမမြင်ဘူးသလို ငေးကြည့်နေကြသည်။ လှောင်အိမ်ထဲကငှက်လေးငါးကောင်လောက်ကိုလွှတ်ပြီး ကျွန်တော်ကုသိုလ်ပြုချင်လှ၏။ သတ္တဝါတို့၏သံသရာမှာအကျဥ်းအကျပ်တွေထဲကလွတ်အောင်ရုန်းထွက်ဖို့မလွယ်သော်လည်း မိမိပြုခဲ့သည့် ကုသိုလ်အမှုန်အမွှားကလေးက အထိုက်အလျောက်အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်သည်။

ခက်တာက ကိုဗစ်ရောဂါပိုးသည် နေရာအနှံ့မှာမင်းမူနေ၍ ကြောက်ရပါဘိသည်။ ဝင်းတံခါးပိတ်ပြီး အိမ်တွင်းအောင်းနေကြရသည်။အရေးတကြီးမဟုတ်ဘဲ တယောက်နှင့်တယောက် တွေ့ဆုံစရာအကြောင်းမရှိ။ မတတ်သာ၍အပြင်ထွက်ရလျှင်လည်း ခပ်ကွာကွာအနေအထားမှာရှိကြစေ။ mask တွေတပ်ထားကြသည့်တိုင် မျက် လုံးတွေထဲမှာတော့ တဦးကိုတဦး မယုံကြည်နိုင်သည့်သံသယတွေဖုံးလွှမ်းနေလျက်ရှိသည်။ အခြေအနေက အသက်ကိုဖက်နှင့်ထုပ်ထားရသလိုမျိုးဖြစ်နေတာကြောင့် မည်သူ့ကိုမျှအပြစ်ဆို၍လည်း မရပါ။

ဖေ့စ်ဘွတ်ဖွင့်လိုက်သည်နှင့်ဝမ်းနည်းကြေကွဲစရာနာရေးသတင်းတွေက ဆီးကြိုနေလျက်ရှိသည်။ တနေ့ထက်တနေ့ သေနှုန်းမြင့်မားလာခြင်းကြောင့် ထိတ်လန့်ခြောက်ခြားလာကြပြီး အားကိုးရာမဲ့လာခဲ့ကြရလေ၏။ အစကတည်းကအခြေမခိုင်သည့်ကျန်းမာရေးစံနစ်သည် အားရစရာမရှိ။ ဇူလိုင် ၂၀ ရက်နေ့က အိန္ဒိယနိုင်ငံမှ ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါကုသရန် Remdesivir အလုံးပေါင်းသုံးသောင်းရောက်လာသည်ဟုသိရသည်။ မနေ့တုန်းကလည်းတရုတ်sinopharm ကုမ္ပဏီထုတ်ကိုဗစ်ရောဂါကာကွယ်ဆေး ၇၃၆၀၀၀ နှင့်ဆက်စပ်ပစ္စည်းများရောက်လာခဲ့သည်တဲ့။ ဆေးတွေရောက်လာတာတော့ဟုတ်ပါပြီ။ မည်ကဲ့သို့သောအစီအစဥ်ဖြင့် ထိုးပေးမည်နည်း။ ကျွန်တော်တို့မသိရပါ။ ထိုမသိခြင်းက မယုံကြည်မှုကိုပိုပြီးခိုင်မာသွားစေသည့်အလား။ သည်တော့လည်း ကာကွယ်ဆေးထိုးရမှာက ဘယ်တော့မှဖြစ်လာမည်မှန်းမသိသည်မို့ ကိုယ့်ကိုယ်ကိုပဲ ခံနိုင်ရည်အား ကောင်းပြီးအင်အားဖြည့်ထားမှသာ စိတ်ချရတော့မည်။ ဆိုရလျှင် ကာကွယ်ဆေးဆိုတာက ဆောက်ဖြစ်မှကျောင်းဒကာပေကိုး။ ပြီးတော့ ကာကွယ်ဆေးထိုးပြီးသော်လည်း စိတ်ချလက်ချနေ၍လည်းမရပြန်ဘူးတဲ့။ တွေးရင်းဖြင့် စိတ်မောသွားရလေ၏။

နေ့လည်ခင်းရောက်လာသည့်တိုင်နေမပွင့်သေး။ မိုးကတော့ရွာမလိုလိုဖြစ်သော်လည်း မန္တလေးမိုးသည် တချီတမောင်းရွာဖို့အရေးမှာ ဆယ်ကမ္ဘာကြာလုနည်းပါး ဟန်ပြင်နေတတ်သည်။ သန္ဓေတောထွက်ဓမ္မစက် နှုတ် မြွက်သံချိုလဝါဆိုဟုဆိုသည့်အတိုင်း သည်ကနေ့က ဗုဒ္ဓဘာသာဝင်တို့၏ ဝါဆိုလပြည့်နေ့ဖြစ်သည်။ ယခင်နှစ်တွေတုန်းကတော့ သည်နေ့အချိန်ရောက်လာသည်နှင့် ကြေးစည်သံလွင်လွင်ကလေးကို ကြားရစမြဲ။ မနက်ရှစ်နာရီလောက်မှာ တူဝေဝေကြေးစည်သံနှင့်အတူ ရပ်ကွက်ကဆွမ်းခံလှည့်လာကြသည်ကို မြင်တွေ့ရစမြဲ။

ကြေးစည်သံသည် စိတ်နှလုံးကိုသာယာကြည်လင်စေသည်။ ဝါဆိုလပြည့်နေ့ရောက်သည်နှင့် မန္တလေးသည် ကြေးစည်သံတဝေဝေဖြင့် နိုးနိုးကြားကြားရွှင်ရွှင်လန်းလန်းဖြစ်သွားစေခဲ့ပြီ။ အားလုံး၏မျက်နှာမှာ သဒ္ဓါကြည် ညိုစိတ်တွေဖြင့်ပြုံးပျော်လန်းဆန်းနေလျက်။ သည်မှာပင် ဝါဆိုလပြည့်နေ့အကြောင်းတွေးရင်း ဆရာတော်အရှင်သုမင်္ဂလ(စစ်ကိုင်း)၏ ဆွမ်းခံကိုယ်တော်တပါး၏ မှတ်စုများထဲမှာစာအချို့ကို သတိရလိုက်မိသည်။

ခုတလောဆွမ်းခံအိမ်အတော်များများထံမှ ကြားရလေ့ရှိသောစကားက တပုံစံတည်းဖြစ်နေသည်။ ဒီနှစ်ဦးဇင်းတို့ကျောင်းက ဘာကျွေးမှာလဲဟူ၏။ ထိုဓလေ့သည် မန္တလေး၏သီးခြားဓလေ့တခုဖြစ်မည်ထင်ပါသည်။ ဝါဆို လပြည့်ကျော် ၁ ရက်နေ့ရောက်တိုင်း ဘုန်းကြီးကျောင်းတို့၌ အကျွေးအမွေးဖြင့် ဧည့်ခံကြရိုးရှိသည်။ ထိုဧည့်ခံပွဲကိုသိသူတွေရော မသိသူတွေပါ ကြွရောက်ချီးမြှင့်ကြသည့်ဓလေ့။

ဆွမ်းခံကိုယ်တော်များက သူတို့ဆွမ်းခံအိမ်တိုင်းကို အဲဒီနေ့ကျရင် ကျောင်းကိုလာခဲ့ကြဦးဟုဖိတ်မန္တကပြုကြစမြဲ။ ထိုနေ့ရောက်သော်ကား ရောက်လာကြသည်လည်းရှိသည်။ ရောက်မလာကြသည်လည်းရှိသည်။ လာဖြစ်သည်မလာဖြစ်သည်အပထား။ သူတို့ကလည်း မရိုးနိုင်သောစကားတခွန်းဖြင့် အမေးအမြန်း ပြုမြဲပြုကြသည်။ ဦးဇင်းတို့ကျောင်းက ဒီနှစ်ဘာကျွေးမှာလဲတဲ့။ သြော် ...ဘာလိုလိုနှင့်တစ်ဝါဆိုရတော့မှာပါလား။

ဆရာတော်၏စာကိုသတိရပြန်တော့ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့ရောက်တိုင်း ဘုန်းကြီးကျောင်းတွေကိုသွားပြီးကျွေးသမျှတွေကိုစားခဲ့သည့်ငယ်ဘဝကိုလွမ်း၍သွားခဲ့သည်။ အိမ်ကမဟာမုနိဘုရားကြီးနှင့်မဝေးလှသမို့ သူငယ်ချင်းတွေနှင့်အတူ ဘုရားကြီးအနီးရှိကျောင်းတိုက်ကြီးတွေဆီသို့ သွားခဲ့ကြသည်။ကျောင်းတိုက်ကြီးတွေကလည်းရောက်လာကြသူတိုင်းကို စေတနာအလျှံပယ်ဖြင့်ဧည့်ခံကျွေးမွေးကြသည်။ ကျောင်းတိုက်တတိုက်က မုန့်ဟင်းငါးဆိုတော့ ကျောင်းတိုက်တတိုက်က အုန်းနို့ခေါက်ဆွဲ။ တခြားကျောင်းတိုက်တတိုက်ရောက်ပြန်တော့ ရွှေရင်အေး။ ကျွေးမွေးကြသူတွေရော စားကြသူတွေရော အုန်းအုန်းကြွက်ကြွက် ပျော်တပြုံးပြုံးဖြင့်ကြည်နူးစရာကောင်းလှသည်။ လူပျိုပေါက်အရွယ်ရောက်လာတော့ ဘာသာတွဲတခုထပ်တိုးသွားခဲ့ရပြီ။ ကလေးဘဝတုန်းကလို ကျောင်းတိုက်တကာကကျွေးသမျှတွေကိုဗိုက်တင်းအောင်မနိုင်မနင်းစားပြီး အိမ်သို့ပြန်လာတာမျိုးမလုပ်တော့။ မျက်စိအကြည်ဓာတ်ကလေးတွေကိုရှာဖွေခဲ့သည်။ သင်္ကြန်မဏ္ဍပ်တွေကိုသွားခဲ့ရသလိုမျိုးပေါ့လေ။ သူကလေးနှင့်မျက်လုံးချင်းဆုံ ရင်ခုံမိသည်နှင့် ထိုကျောင်းတိုက်မှမခွာနိုင်တော့ပြီ။ အလို-အခုတော့ ဘာလိုလိုဖြင့် အသက်အရွယ်ကြီးရင့်လာသော်လည်း အတိတ်ကိုတူးဆွမိလိုက်ပြန်တော့ လွမ်းနေရတုန်းပါကလား။

ကျွန်တော့်မှာရေးဖော်ရဟန်းစာဆို ဆရာတော်အရှင်သုမင်္ဂလနှင့် ဆရာတော်အရှင်တေဇာလင်းတို့ရှိကြသည်။ သည်နှစ်ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာဆရာတော်တွေ၏ကျောင်းသို့သွားဖို့အားခဲထား၏။ ဘာရယ်မဟုတ် ပျော်တပြုံးပြုံးဖြင့်စားကြသောက်ကြသည့်မြင်ကွင်းကို ငေးမောခံစားချင်သောကြောင့်ဖြစ်သည်။

 သို့သော်လည်း ကျွန်တော့်ဆန္ဒမပြည့်ဝနိုင်တော့ပါ။ ကိုဗစ်ကြောင့် မည်သူမျှအပြင်မထွက်နိုင်ကြတော့။ ရွာကခြေတော်ရာဘုရားပွဲလည်း မကျင်းပနိုင်ခဲ့ပြန်။ ထို့အတူ ကျေးလက်ဒေသတွေမှာ ဝါဆိုလပြည့်နေမြင်ကွင်းသည် မှေးမှိန်ပျောက်ကွယ်သွားခဲ့ရပြီ။ ကိုဗစ်နှင့်လွတ်ကင်းသည့်ကျေးရွာတွေကျပြန်တော့လည်း ကိုစစ်ကြောင့် အသက်လုပြီးပြေးလွှားနေကြရ။ ဆိုရလျှင် ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ဖြစ်သော်လည်း ကြေးစည်သံကလေးတွေတိတ်ဆိတ်နေလျက်။

ချာလည်ချာလည် ရွှေကြေးစည်လည်း သာကြည်ချိုအေး နိဗ္ဗာန်တေးကို ကြော်ကြွေးရာမှာ ဆိတ်ခဲ့ပြီတဲ့။ ကြေးစည်သံတိတ်ဆိတ်သွားခဲ့ခြင်းသည် ကျွန်တော်တို့၏နှလုံးသားကိုအမှောင်ဖုံးလိုက်ခြင်းပင်ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ နေ့ထူးနေ့မြတ်သည်လိုအချိန်အခါတွင် မျက်လုံးကိုမှိတ်၍ ကြေးစည်သံကလေးကြားရလိုကြားရငြားနားစွင့်နေမိသည်။ ကြေးစည်သံကလေးကို ကျွန်တော်မကြားခဲ့ရ။​ ဤသို့မကြားခဲ့ရသော်လည်း တိုက်စိုးစာတိုနံ့နံ့ထဲကကြေးစည်သံသည် ကျွန်တော့်ရင်ထဲသို့ပူးကပ်လာခဲ့သည်။
စာအဆုံးတွင်ဆရာက ...ထို့ကြောင့်ကျွန်တော်ဆိုလိုက်တော့မည်။ အကြင်အရပ်သည် ကြေးစည်သံမှဆိတ်သုဥ်းသည်ဖြစ်အံ့။ ထိုအရပ်သည် မလျှောက်ပတ်သောအရပ်တည်း- ဟုမှတ်ချက်ပြုလိုက်သောအခါ ...။

ကိုးကား-ဆွမ်းခံကိုယ်တော်တစ်ပါး၏
                 မှတ်စုများ-အရှင်သုမင်္ဂလ
                  စစ်ကိုင်း။
                - တိုက်စိုးစာတိုနံ့နံ့(ဆရာ                         
                   တိုက်စိုး)
ညိုထွန်းလူ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar