Breaking News

တင်အေး(၈၈ မျိုးဆက်၊ ဗကသ) - ဗကသများအဖွဲ့ချုပ်ပခုံးပေါ်က သမိုင်းတာဝန်


တင်အေး(၈၈ မျိုးဆက်၊ ဗကသ) - ဗကသများအဖွဲ့ချုပ်ပခုံးပေါ်က သမိုင်းတာဝန်

(မိုုုုုုးမခ) ဇွန် ၂၀၊ ၂၀၁၉

အဲဒီ့နေ့က ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်၊ စနေနေ့။

မဆလ စစ်အစိုးရက ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန် ငွေစက္ကူတွေ မတရားဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်တဲ့အခါ… စာမေးပွဲဖြေနေဆဲ ကျောင်းသားတွေလက်ထဲက ငွေတွေလည်း သုညဖြစ်ကုန်၊ အပြင်ဆောင်နေ ကျောင်းသားတွေဆိုရင် ညနေစာ ထမင်းဝယ်စားစရာ ပိုက်ဆံကို မရှိတော့။ အဲဒီ့နေ့ညနေမှာပဲ ရန်ကုန်စက်မှုတက္ကသိုလ်ကနေ ကျောင်းသားတွေရဲ့ဘဝတိုက်ပွဲလို့ ပြောရမယ့် စက်တင်ဘာငွေစက္ကူ ကျောင်းသားလှုပ်ရှားမှု စတင်ခဲ့ပါတော့တယ်။

“သပိတ်…သပိတ်… မှောက် မှောက်

……………… ……….. ……….

……………… ……….. ……….

နေဝင်း စန်းယု စစ်အစိုးရ… အလိုမရှိ အလိုမရှိ”


မတရားတဲ့အမိန့်အာဏာ ဆန့်ကျင်သူများ

စက်တင်ဘာငွေစက္ကူ ကျောင်းသားလှုပ်ရှားမှုဟာ (၅) ရက်နေ့ တစ်ညနေတည်း ဖြစ်ခဲ့တာပါ။ မဆလ စစ်အစိုးရက ဖိုင်နယ်စာမေးပွဲတွေ စစ်နေရာကနေ ချက်ချင်း ကျောင်းတွေပိတ်၊ (၆) ရက်နေ့မှာ အဆောင်နေ ကျောင်းသူ၊ ကျောင်းသားတွေ အားလုံးကို ချက်ချင်း နေရပ်ဋ္ဌာနေ ပြန်ပို့ပစ်လိုက်ပါတယ်။

စက်တင်ဘာငွေစက္ကူ ကျောင်းသားလှုပ်ရှားမှုဟာ တစ်ညနေသာ ကြာပေမယ့်၊ ကျောင်းသားထုကြားမှာ အသိတရား အလှည့်အပြောင်းတခုကို ပေးလိုက်ပါတယ်။ အဲဒီ့အသိတရားကတော့ ကျောင်းသားဆိုတာ မတရားမှုကို ခုခံဆန့်ကျင်ဖို့ သပိတ်မှောက်ရတယ်ဆိုတဲ့အသိပါ။

၁၉၇၆ ကနေ ၁၉၈၇-၈၈ အထိ ဆယ်စုနှစ်တစ်ခုကျော်ကာလဆိုတာ ၇၄-၇၅-၇၆ အလုပ်သမားလှုပ်ရှားမှုနဲ့ ကျောင်းသားလှုပ်ရှားမှုတွေကို အပြင်းအထန်နှိမ်နင်းခဲ့တဲ့ကာလ၊ တက္ကသိုလ်ကျောင်းတွေကို အကွဲကွဲအပြားပြားဖြစ်အောင် ခွဲ ဖွင့်ပြီး၊ ကျောင်းသားတွေရဲ့ စုစည်းမှုကို ခွဲပစ်ဖို့ ကြိုးစားခဲ့တဲ့အပြင်၊ ကျောင်းသားတွေ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ မရှိအောင် လောင်းကစားနဲ့ မူးယစ်ဆေးဝါးကို လမ်းဖွင့်ပေးထားခဲ့တဲ့ကာလပါ။

အဲသလိုကာလမှာ စက်တင်ဘာငွေစက္ကူကျောင်းသားလှုပ်ရှားမှုဟာ ကျောင်းသားထုရဲ့နိုင်ငံရေးအသိကို အလှည့် အပြောင်း ပြန်ဖြစ်စေခဲ့ပါတယ်။ အသိတရားအလှည့်အပြောင်းနဲ့အချိန်ကိုက်၊ ၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက်နေ့မှာ “ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ နဲ့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ပူးတွဲကြေညာချက်”ဆိုတဲ့ ကျောင်း သားသမဂ္ဂကြေညာချက်တစ်စောင်ဟာ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မော်လမြိုင်၊ တောင်ကြီး အစရှိတဲ့ ကျောင်းသားထုကြားမှာ ပျံ့နှံ့လာခဲ့ပါတယ်။ သမဂ္ဂနှစ်ခုရဲ့ပူးတွဲကြေညာချက်မှာ လက်ရှိ ကျောင်းသူ ကျောင်းသားတွေရဲ့ နေထိုင်မှုဘဝ ဆိုးရွားမှုကို အစ ချီ ဖော်ပြထားပြီး၊ ဒီအခြေအနေဆိုးတွေက လွတ်မြောက်ဖို့ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းဆောင်ရွက်သွားဖို့ လှုံ့ဆော်ဖော်ပြ ထားပါတယ်။

ကျောင်းသားသမဂ္ဂအသံ

၁၉၈၈ ခုနှစ် အစပိုင်းမှာပဲ ကျောင်းသားသမဂ္ဂဆိုတာ ရှိနေတယ်၊ ကျောင်းသားသမဂ္ဂဆိုတာ လျှို့ဝှက် ဖွဲ့စည်းထားပြီ၊ ကျောင်းသားသမဂ္ဂနဲ့ အဆက်အသွယ်ရချင်တယ်၊ ကျောင်းသားသမဂ္ဂ ဝင်ချင်တယ်.....ဆိုတဲ့ တီးတိုးတီးတိုး အသံတွေဟာ ကျောင်းသားတွေကြားမှာ တစတစ ပျံ့နှံ့လာပါတယ်။ နိုင်ငံရေးနိုးကြားစုစည်းလာတဲ့ ကျောင်းသား အစု အစုတွေလည်း တစ တစ စုဖွဲ့လာကြပါပြီ။

အဲဒီ့နောက် စက်တင်ဘာငွေစက္ကူကျောင်းသားလှုပ်ရှားမှုကို အစပြုခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်မှာ၊ ကျောင်းသား တွေနဲ့ အနီးနားရပ်ကွက်က အရပ်သားတွေရဲ့ သာမန်ခိုက်ရန်ဖြစ်ပွားမှုအပေါ်၊ မဆလ စစ်အစိုးရက စက်တင်ဘာ ငွေစက္ကူ ကျောင်းသားလှုပ်ရှားမှု အညှိုးအတေးနဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေကို ရက်ရက်စက်စက် နှိမ်နှင်းခဲ့ပါတယ်။ အဲဒီ့ နှိမ်နင်းမှုကြောင့် ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်ဆိုတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားနှစ်ယောက် သေနတ်ကျည် ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်။

အဲဒီ့နောက် ၁၉၈၈၊ မတ်လ ကိုဖုန်းမော် ကျောင်းသားလှုပ်ရှားမှု၊ ဇွန်လ ကိုဖုန်းမော် (၃) ပြည့်ကျောင်းသား လှုပ်ရှား မှုတွေကနေ နောက်ဆုံး သြဂုတ်လ ၈ ရက်နေ့မှာ စခဲ့တဲ့ လူထုအရေးတော်ပုံကြီးအထိ ဖြစ်ပေါ်လာခဲ့တာ အားလုံးအသိ။

ကျောင်းသားလှုပ်ရှားမှု၊ လူထုအရေးတော်ပုံနဲ့အတူ ပျံ့နှံလာတဲ့ ကျောင်းသားသမဂ္ဂ ပြန်လည်ဖေါ်ထုတ်ရေး နိုင်ငံရေး အသိရေချိန်ဟာလည်း အရှိန်မြင့်လာခဲ့ပြီး ၁၉၈၈ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသား သမဂ္ဂအဆောက်အဦမြက်ခင်းပြင်မှာ“ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(တရားဝင်)ဖြစ်မြောက်ရေး ဗဟိုကော် မတီ”ဆိုပြီး လူထုတိုက်ပွဲထဲကနေ ဗကသများအဖွဲ့ချုပ်နဲ့ ကျောင်းသားသမဂ္ဂများ ပြန်လည်ဖော်ထုတ်ရေးဟာ ပေါ်ပေါ်ထင်ထင် ပေါ်ထွက်လာခဲ့ပါတော့တယ်။ သမဂ္ဂမြက်ခင်းပြင် ကျောင်းသားထုအစည်းအဝေးကြီးဟာ ကျောင်းသားထု ထောင်သောင်းချီ တက်ရောက်ခဲ့ကြတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားထုညီလာခံတစ်ရပ်အဖြစ် သမိုင်းမှတ်တမ်း ရေးထိုးနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ … အဲဒီ့အချိန်က ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဆိုတဲ့ အဖွဲ့အစည်းပုံစံကို အပီအပြင် ပြန် လည်မဖော်ထုတ်ရသေးတဲ့အတွက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့နိုင်ငံလုံးဆိုင်ရာညီလာခံ(ကွန်ဂရက်) အဖြစ် မသုံးနှုန်းခဲ့ကြပါဘူး။

တကယ်တော့ ရှစ်ဆယ့်ရှစ်ကာလ ကျောင်းသားသမဂ္ဂ ဦးဆောင်ကျောင်းသားတွေဟာ ၁၉၃၆ ခုနှစ်ကတည်းက ဒုတိယကျောင်းသားသပိတ်နဲ့အတူ ကိုအောင်ဆန်းတို့ စတင်တည်ထောင်ခဲ့တဲ့ ဗကသကို ဆက်ခံသယ်ဆောင်ကြတာပါ။ အဲဒါ ကြောင့် သူတို့ တာဝန်ယူခဲ့တဲ့ကာလတလျှောက်လုံးမှာ ဗကသများအဖွဲ့ချုပ်ရဲ့ ၁၉၆၀ ခုနှစ်က နောက်ဆုံး ကျင်းပခဲ့တဲ့ (၆)ကြိမ် မြောက်ညီလာခံကို ဆက်ခံပြီး ဗကသများအဖွဲ့ချုပ်ရဲ့(၇) ကြိမ်မြောက်ညီလာခံကို ကျင်းပချင်ခဲ့ကြပါတယ်။

၁၉၈၈ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့မှာ တပြည်လုံး လူထုတိုက်ပွဲနဲ့အတူ ပြန်လည်ပေါ်ထွက်လာခဲ့တဲ့ ဗကသများ အဖွဲ့ချုပ်ရဲ့ ၈၈ မျိုးဆက် ဗကသကျောင်းသားတွေဟာ ဗကသများအဖွဲ့ချုပ်ရဲ့(၇)ကြိမ်မြောက်ညီလာခံ ကျင်းပဖို့ ကြိုးစားခဲ့ကြ ဖူးပါတယ်။








(၇) ကြိမ်မြောက်ညီလာခံ ကျင်းပရေး

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်ကိုဆက်ခံတယ်ဆိုရင် ဗကသများအဖွဲ့ချုပ်ရဲ့နာမည်၊ ရပ်တည်မှု၊ သမိုင်းအစဉ်အလာ၊ မူဝါဒတွေကို ဆက်ခံသယ်ဆောင်ကြပါတယ်။ အဲသလိုဆက်ခံသယ်ဆောင်တယ်ဆိုရင် အဖွဲ့အစည်းရဲ့ ညီလာခံကိုလည်း အစဉ်အတိုင်း ကျင်းပရမှာဖြစ်လို့ ၁၉၆၀ ခုနှစ် (၆)ကြိမ်မြောက် ညီလာခံပြီးနောက်ပိုင်း ထပ်ကျင်းပရမယ့် ဗကသများအဖွဲ့ချုပ်ရဲ့ ညီလာခံဟာ (၇)ကြိမ်မြောက် ညီလာခံဖြစ်တယ်ဆိုတာ အထူးရှင်းပြနေစရာ မလိုပါဘူး။

အဲဒါကြောင့် ၁၉၈၈-၈၉ ခုနှစ်မှာ ဗကသများအဖွဲ့ချုပ်ကို တာဝန်ယူခဲ့တဲ့ ကျောင်းသားတွေဟာ ဗကသများအဖွဲ့ချုပ်ရဲ့ (၇)ကြိမ်မြောက်ညီလာခံကို ၁၉၈၉ ခုနှစ် မေလအတွင်း၊ မန္တလေးမှာ ကျင်းပဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ အဲဒီ့ညီလာခံမှာ တင်သွင်းဖို့ လတ်တလောနိုင်ငံရေးအခြေအနေသုံးသပ်ချက်စာတမ်း၊ တပ်ပေါင်းစုစာတမ်း… စတဲ့ စာတမ်းတချို့ကိုလည်း ပြင်ဆင်ခဲ့ ကြပါတယ်။ မေလ မန္တလေး ညီလာခံကို သွားဖို့ မေလ ၁၆ ရက်နေ့မှာ အောက်ဗမာပြည်ညီလာခံကို ရန်ကုန်မြို့၊ စမ်းချောင်း၊ ဦးဂွယ်လမ်းမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ့ အောက်ဗမာပြည်ညီလာခံကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီတိုင်းက ကျောင်းသား သမဂ္ဂတွေ တက်ခဲ့၊ ဆွေးနွေးခဲ့ကြပါတယ်။

အောက်ဗမာပြည်ညီလာခံမှာ ညီလာခံတက်ရောက်လာကြတဲ့သူတွေထဲက မေးခွန်းတစ်ခု မေးခဲ့တာ၊ ဖြေခဲ့ရတာ မှတ် မိနေပါသေးတယ်။ မေးတဲ့မေးခွန်းက လက်ရှိကျောင်းတက်နေတဲ့ ကျောင်းသားတယောက်မဟုတ်ဘဲနဲ့ ဗကသထဲကို ဝင်လို့ ရလား…တဲ့။ မေးတဲ့သူက သူဟာ ၉ တန်းနဲ့ ကျောင်းထွက်ထားတယ်၊ အခု အလုပ် ဝင်လုပ်နေပြီလို့လည်း ပြောပြပါတယ်။

အဲဒီ့အတွက် ပေးခဲ့တဲ့အဖြေက… ဒီနေ့ကာလဟာ တိုက်ပွဲကာလဖြစ်တယ်၊ တိုက်ပွဲကာလဖြစ်တဲ့အတွက် တိုက်ပွဲဝင် နေတဲ့အဖွဲ့အစည်းမှာ အင်အားများရင် ကောင်းတာပဲ၊ ဒီနေ့ ဒီမိုကရေစီရေးတိုက်ပွဲကို ယုံကြည်တယ်၊ ဗကသများအဖွဲ့ချုပ်ရဲ့ အစဉ်အလာနဲ့ မူဝါဒတွေကို လက်ခံတယ်ဆိုရင် ဘယ်သူမဆို ဝင်လို့ရပါတယ်၊ ဒါပေမဲ့… ပွင့်လင်းသွားတဲ့ အခြေအနေတခု ရောက် သွားရင်တော့ ကိုယ့်သက်ဆိုင်ရာ သမဂ္ဂအသီးသီးမှာ ပြန်လှုပ်ရှားဖို့ လိုပါတယ်၊ အလုပ်သမားဆိုရင်လည်း အလုပ်သမားသမဂ္ဂမှာ ပြန်ဝင်လှုပ်ရှားရမှာ ဖြစ်တယ်လို့ အဖြေပေးခဲ့ပါတယ်။

တကယ်တော့ ဗကသများအဖွဲ့ချုပ်ဆိုတာ ကျောင်းသားသမဂ္ဂတွေ ပေါင်းစုထားတဲ့ အဖွဲ့ချုပ်(Federation)တခုဖြစ်လို့ ကျောင်းသား ကျောင်းသူ တစ်ဦးချင်းစီဟာ သူတို့ သက်ဆိုင်ရာသမဂ္ဂတွေမှာ ပါဝင်ကြပြီး အဲဒီ့သမဂ္ဂတွေက ဗကသများအဖွဲ့ချုပ် မှာ သမဂ္ဂလိုက် ပါဝင်ရတာပါ။

ဖိနှိပ်မှုပြင်းထန်နေတဲ့ တိုက်ပွဲကာလမှာတော့ ဗကသများအဖွဲ့ချုပ်ကို အဖွဲ့အစည်းပုံစံ ပီပီပြင်ပြင် လုပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ အခြေအနေ မပေးလို့ ပန်းတိုင်တူရင် ငါတို့လူ ဆိုပြီး လက်တွဲကြရပါတယ်။

အဲသလို ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေကြရင်းနဲ့ ဗကသများအဖွဲ့ချုပ်မှာ ဦးဆောင် တာဝန်ယူထားတဲ့သူတွေဟာ ဗကသများအဖွဲ့ချုပ်ရဲ့(၇)ကြိမ်မြောက် ညီလာခံကျင်းပရေးနဲ့ပတ်သက်ပြီး ဒီလို ပြန်စဉ်းစားခဲ့ကြပါတယ်။

ဗကသများအဖွဲ့ချုပ်ရဲ့ ညီလာခံ(ကွန်ဂရက်)ဆိုတာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး၊ မူဝါဒဆိုင်ရာ အပြောင်းအလဲတွေပါ ပြုလုပ်နိုင်တဲ့ညီလာခံ ဖြစ်လို့ အစဉ်အဆက် ဗကသများအဖွဲ့ချုပ်ရဲ့ညီလာခံတွေ ကျင်းပ သလို ကျင်းပဖို့လိုတယ်၊

အဲသလို ကျင်းပဖို့ဆိုရင် တနိုင်ငံလုံးကျောင်းသူ ကျောင်းသားတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်နိုင်ဖို့ လိုတယ်၊

လက်တွေ့အခြေအနေဟာ ဗကသများအဖွဲ့ချုပ် ခေါင်းဆောင် တော်တော်များများတောင် အဖမ်းခံထားရပြီး တနိုင်ငံလုံးကို လွှမ်းခြုံတဲ့ သက်ဆိုင်ရာသမဂ္ဂတွေက ရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်တွေ တက်ရောက်ဖို့ အခြေ အနေ မပေး၊

အဲဒီ့အကြောင်းတွေကြောင့် (၇)ကြိမ်မြောက် ညီလာခံကို သင့်တော်တဲ့အချိန်ကျမှ ကျင်းပဖို့ စိတ်လျှော့လိုက်ကြပြီး၊ အခြေအနေ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများညီလာခံအဖြစ် မန္တလေးတက္ကသိုလ်၊ အင်းဝ-၉ ခန်းမမှာ မေလ ၂၀ ရက်ကနေ မေလ ၂၂ ရက်အထိ ကျင်းပခဲ့ကြပါတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများညီလာခံကနေ တောင်းဆိုချက် (၁၉) ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ့ကြေညာချက်နဲ့ပတ်သက်လို့ ရေကြည်အိုင်ဆိုတဲ့ နာမည်လှလှလေးနဲ့ ရက်စက်မှုအပေါင်း သရဖူဆောင်းထားတဲ့ စစ်ထောက်လှမ်းရေးဗဟို စစ်ကြောရေးစခန်းမှာ ဘယ်အ ဆင့်မှန်း မသိရတဲ့ ထောက်လှမ်းရေးတစ်ယောက်က စစ်ကြောရေးအခန်းထဲ ဝင်လာပြီး မင်းတို့တောင်းထားတဲ့ အချက် (၁၉)ချက် ငါတို့ တွေ့သားပဲကွ၊ အေး ငါတို့က တချက်မှ မပေးနိုင်ဘူး…ဆိုပြီး အသားလွတ် ရင့်သီးသွားတာ ကြုံခဲ့ရပါ သေးတယ်။

နိုင်ငံလုံးဆိုင်ရာညီလာခံ(ကွန်ဂရက်) နဲ့ နိုင်ငံလုံးဆိုင်ရာကွန်ဖရင့်

ဗမာပြည်ကျောင်းသားလှုပ်ရှားမှုနဲ့ ဗကသများအဖွဲ့ချုပ်သမိုင်းတွေကို လေ့လာကြည့်တဲ့အခါ ဗကသများအဖွဲ့ချုပ်ရဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံ(ကွန်ဂရက်) ကျင်းပခဲ့တဲ့ အကြိမ်၊ နေရာ နဲ့ ကျင်းပခဲ့တဲ့ရက်စွဲတွေကို စုစည်းရရှိခဲ့ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ(ကွန်ဂရက်)ကျင်းပခဲ့သည့် အကြိမ်၊ နေရာနှင့် နေ့ရက်များ

၁။ ပထမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ နိုင်ငံလုံးဆိုင်ရာညီလာခံ

၁၉၃၆ မေလ (၈)ရက်၊ ဂျူဗလီဟော။

၂။ ဒုတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ နိုင်ငံလုံးဆိုင်ရာညီလာခံ

၁၉၃၇ ခုနှစ် မေလ(၉)ရက် ဗဟိုအမျိုးသားကျောင်းဝင်းကြီး၊

၃။ တတိယအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ နိုင်ငံလုံးဆိုင်ရာညီလာခံ

၁၉၃၈ ခုနှစ် ဧပြီလ(၂၄)ရက် မှ (၂၅)ရက်အထိ၊ ပုသိမ်မြို့။

၄။ စတုတ္ထအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ

၁၉၅၅ ခုနှစ် ဇန်နဝါရီလ (၁၃) ရက်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ(တကသ)ရွှေရတုနှင့်အတူ ပူးတွဲ ကျင်းပခဲ့။

၅။ ပဉ္စမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ၊

၁၉၅၆ ခုနှစ် အောက်တိုဘာလ။

၆။ ဆဋ္ဌမအကြိမ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာညီလာခံ၊

၁၉၆၀ ခုနှစ် အောက်တိုဘာလ (၂၀)ရက်မှ (၂၂)ရက်နေ့အထိ၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦ။

ဗကသများအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေ အခန်း(၇)၊ နိုင်ငံလုံးဆိုင်ရာကွန်ဖရင့်၊ အပိုဒ်(၂၈) မှာ နိုင်ငံလုံးဆိုင်ရာ ညီလာခံ(ကွန်ဂရက်) တစ်ခုနဲ့ တစ်ခုကြားမှာ နိုင်ငံလုံးဆိုင်ရာကွန်ဖရင့် ကျင်းပနိုင်ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။

လေ့လာမိတဲ့ သမိုင်းအထောက်အထားတွေအရ ၁၉၆၀ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ (၆)ကြိမ်မြောက် ညီလာခံ(ကွန်ဂရက်) ပြီးနောက်ပိုင်းမှာ နိုင်ငံလုံးဆိုင်ရာကွန်ဖရင့်(၁)ကြိမ် နဲ့ တနိုင်ငံလုံးက ကျောင်းသား ကျောင်းသူ ထောင်ချီ တက်ရောက်ခဲ့ကြတဲ့၊ အရေးကြီးနိုင်ငံလုံးဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တဲ့၊ ဗကသများအဖွဲ့ချုပ်ရဲ့ (ကွန်ဂရက်မဟုတ်တဲ့) ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများညီလာခံ (၂) ကြိမ်ကျင်းပခဲ့တာကို တွေ့ရပါတယ်။

(၁) နိုင်ငံလုံးဆိုင်ရာကွန်ဖရင့်၊ စက်တင်ဘာလ (၃၀)-အောက်တိုဘာလ(၄) ၁၉၆၁ ခုနှစ်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဆောက်အဦ။

(၂) ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (တရားဝင်) ဖြစ်မြောက်ရေးဗဟိုကော်မတီ၏ ပထမ အကြိမ်ညီလာခံ၊ သြဂုတ်လ (၂၈) ရက်၊ ၁၉၈၈ ခုနှစ်၊ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ မြက် ခင်းပြင်။(အဲဒီ့ညီလာခံဟာ တကယ်တော့ ဗကသများအဖွဲ့ချုပ်အလံတော်ကို ပြန်လည်လွှင့်ထူခဲ့တဲ့ ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားထုအစည်းအဝေး ဒါမှမဟုတ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားထုညီလာခံ ပါ၊ ဗကသများအဖွဲ့ချုပ်ရဲ့ ၇-ကြိမ်မြောက်ကွန်ဂရက် မဟုတ်ပါ။)

(၃) ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများညီလာခံ၊ မေလ ၂၀-၂၂ ရက် ၁၉၈၉၊ အင်းဝ-၉ ခန်းမ၊ မန္တလေးတက္ကသိုလ်။

သမိုင်းတာဝန်

အခုဆိုရင် (၆)ကြိမ်မြောက် ညီလာခံကျင်းပခဲ့တာ နှစ်ပေါင်း (၅၉) နှစ်ရှိခဲ့ပါပြီ။

ဒီနေ့အထိ ဗကသများအဖွဲ့ချုပ်ရဲ့ (၇) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာညီလာခံ(ကွန်ဂရက်)ကျင်းပခဲ့တယ်ဆိုတဲ့ သမိုင်း အထောက်အထား၊ အချက်အလက် မရှိပါဘူး။

တကယ်တော့၊ စစ်အာဏာရှင်စနစ်ကြီးစိုးနေခဲ့တဲ့နိုင်ငံမှာ ဗကသများအဖွဲ့ချုပ်ရဲ့ ညီလာခံတစ်ခုနဲ့တစ်ခုကြား ဆယ်စု နှစ်ပေါင်းများစွာ ကွာခြားနေရတယ်ဆိုတာဟာ စစ်အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုအတိုင်းအဆနဲ့ စစ်အာဏာရှင်စနစ်ရဲ့သက်တမ်း ရှည်ကြာမှုကို ဖော်ပြနေတဲ့ ညွှန်တံ(indicator)တွေထဲက ညွှန်တံတစ်ခုပါပဲ။

နိုင်ငံလုံးဆိုင်ရာညီလာခံ(ကွန်ဂရက်) ဆိုတာ ဗကသများအဖွဲ့ချုပ်ရဲ့ဖွဲ့စည်းပုံစည်းမျဉ်းဥပဒေအရ အမြင့်ဆုံးအာဏာပိုင် အဖွဲ့အစည်းလည်းဖြစ်၊ အရေးကြီးတဲ့ မူဝါဒသဘောထားတွေကို ချမှတ်ရတာလည်းဖြစ်လို့ ရှိသင့်ရှိထိုက်တဲ့ ညီလာခံအင်္ဂါရပ် တွေနဲ့ မညီဘဲ လုံးဝ မကျင်းပသင့်ပါဘူး။

တချိန်တည်းမှာပဲ ဗကသများအဖွဲ့ချုပ် အစဉ်အလာကို ဆက်ခံတယ်ဆိုရင် ညီလာခံအစဉ်အဆက်ကိုလည်း ဆက်ခံ ရမှာ ဖြစ်ပါတယ်။ နောက်ဆုံး (၆)ကြိမ်မြောက် ညီလာခံ ကျင်းပပြီးတာကြောင့်၊ သင့်တော်တဲ့တချိန်ချိန်မှာ (၇)ကြိမ်မြောက် ညီလာခံကို ကျင်းပရမှာပါ။ ကိုယ်တာဝန်ယူနေကြတဲ့အချိန်မှာ (၇)ကြိမ်မြောက် ညီလာခံ မကျင်းပနိုင်သေးရင်၊ ညီတော်မျိုးဆက်တွေကို ဗကသများအဖွဲ့ချုပ်ရဲ့ (၇)ကြိမ်မြောက်ညီလာခံကျင်းပရေးနဲ့ ဗကသများအဖွဲ့ချုပ်ရဲ့အစဉ်အလာကို လက်ဆင့်ကမ်းပေးဖို့ တာဝန်ရှိပါတယ်။

ဒါကြောင့် ဒီနေ့ရှိနေတဲ့ဗကသများအဖွဲ့ချုပ်ရဲ့ပခုံးပေါ်ကျရောက်နေတဲ့ သမိုင်းတာဝန်ဆိုတာဟာ လတ်တလောနိုင်ငံ ရေးလိုအပ်ချက်ကို ဖြည့်ဆည်းဖို့၊ ကျောင်းသားထုအကျိုးကို စွမ်းစွမ်းတမံထမ်းဆောင်ဖို့နဲ့ ဗကသများအဖွဲ့ချုပ်ရဲ့(၇)ကြိမ်မြောက် ညီလာခံကို သင့်တော်တဲ့တစ်နေ့မှာ ကျင်းပနိုင်ဖို့ ဒါမှမဟုတ် နောင်ကျောင်းသားမျိုးဆက်တစ်ဆက်ဆက်မှာ ကျင်းပနိုင်ဖို့ အတွက် ဗကသများအဖွဲ့ချုပ်ရဲ့ ရပ်တည်မှု နဲ့ သမိုင်းအစဉ်အလာကို အဆင့်ဆင့်လက်ဆင့်ကမ်းကြဖို့ပဲဖြစ်ပါတယ်။ ။

တင်အေး(၈၈ မျိုးဆက်၊ ဗကသ)