Breaking News

နိုင်မင်းညို (မြစ်ခြေ) - ဆေးရုံက ဆင်းတော့ ကျွန်တော်ဟာ လူနာပဲ



 နိုင်မင်းညို (မြစ်ခြေ) - ဆေးရုံက ဆင်းတော့ ကျွန်တော်ဟာ လူနာပဲ
(မိုးမခ) ဇွန် ၂၀၊ ၂၀၁၉

ဆေးရုံကဆင်းတော့ ကျွန်တော်ဟာ လူနာပဲ
အရိုး အကျောတွေ ပျော့ခွေလာတယ်
ငွေရေးကြေးရေးတွေ ယိုင်နဲ့လာတယ်
မိသားစု စားဝတ်နေရေးတွေ အတိုးပေါ်အတိုးဆင့် လဲကျနေတယ်

ဆေးရုံကဆင်းတော့ ကျွန်တော်ဟာ လူနာပဲ
ဆီချို သွေးတိုး ကျောက်ကပ်
မကြားဖူးတဲ့ အမည်နာမတွေ ကျွန်နော်နဲ့အတူပါလာတယ်
စိတ်ကလဲ အရင်လို မကျန်းမာ မလန်းဖြာတော့

ဆေးရုံကဆင်းတော့ ကျွန်တော်ဟာ လူနာပဲ
အသစ်ပြန်စ မရတဲ့ ခန္ဓာဟာ
စိတ်သွားရာ ကိုယ်မပါတော့ဘူး
ဟောင်းနွမ်းရိပြဲနေတဲ့ အသားအရေတွေဟာ
ခြောက်ကပ်ပိန်လှီလို့
လမ်းပေါ် ဘယ်ကလာမယ် မသိတဲ့ ချစ်ရသူတွေ
ထွက် မမျှော်နိုင်တော့ဘူး
ဆေးရုံကဆင်းတော့ ကျွန်တော်ဟာ လူနာပဲ

ငွေနဲ့ဆက်ခဲ့တဲ့ အသက်ပေမယ့်
နာရီစက်ရွေ့သံ
သစ်ကိုင်းဖျားက မိုးစက်လေးကျသံ
နေ့ တစ်နေ့ ကူးသွားဖြတ်လာသံကို
နှလုံးခုန်သံ အသစ်နဲ့ ကြိုဖို့မရဲတော့ဘူး
ဆေးရုံက ဆင်းတော့ ကျွန်တော်ဟာ ...
 ရောဂါပေါင်းမြောက်များစွာနဲ့ လူနာ အသစ်။။