Breaking News

မြတ်စံ - " ငြိမ်းအေးမိုးစက်များ ဖြန်းပက်ရွာသွန်းနိုင်ပါစေ "


မြတ်စံ - " ငြိမ်းအေးမိုးစက်များ ဖြန်းပက်ရွာသွန်းနိုင်ပါစေ "

(မိိုးမခ) ဇွန်် ၇၊ ၂၀၁၉ 

စိန့်ပေါလ်ကျောင်း( ထ-၆ ဗိုလ်တထောင်) သူငယ်ချင်းတစ်ဦးဖြစ်တဲ့ အောင်ဇေယျအိမ်မှာ Eid နေ့အထိမ်းအမှတ်အဖြစ် ကြက်သားအုန်းနို့ခေါက်ဆွဲနဲ့ စမိုင်လ်စားစရာလာရောက်သုံးဆောင်ဖို့ ဖိတ်ကြားထားတဲ့အတွက် လမ်း၄၀ နဲ့ဗိုလ်ချုပ်လမ်းအိမ်သို့ရောက်ရှိခဲ့။ မိုးလေတွေကြားထဲကပဲ ငယ်သူငယ်ချင်းများဖြစ်ကြတဲ့ ပေါင်မုန့်ဝင်းနိုင်၊ ကိုကိုဇံ Ko Zanတို့လည်းရောက်လာခဲ့ကြ။ မရှေးမနှောင်းမှာပင် မိုးသဲသဲကြားထဲမှပဲ ခြောက်တန်းအတန်းပိုင်ဆရာမဖြစ်ခဲ့ဖူးတဲ့ ဆရာမဒေါ်မြမြ။ ၉ တန်း အတန်းပိုင်ဆရာမဖြစ်ခဲ့သူ ဆရာမ ဒေါ်မေမေသင်း Daw May May Thynn တို့ရောက်လာလို့ အပေါ်လေးထပ်မှ လှေခါးခြေရင်းထိ ဆင်းကာ ဆရာမများကို တွဲခေါ်ယူခဲ့။ ဆရာမကြီးဒေါ်စောကြည်မှာ လာခြင်ပေမဲ့ ၈၀ကျော်အသက်အရွယ်နဲ့ ကျန်းမာရေးအရ လေးထပ်တိုက်ပေါ်မတက်နိုင်လို့မလာဖြစ်ခဲ့။ ဆရာမဒေါ်ခင်တင့်(ရွှေဘ)မှ ာခရီးလွန်နေဟုသိရ။ ဆရာမဒေါ်လှကြည်မှ ရွှေတိဂုံဘရားဝတ်အသင်းတွင်တာဝန်ကျနေလို့မလာနိုင်။ ဖုန်းဆက်ပြီးဆရာမတွေအားလုံးကိုလှမ်းပြီနှုတ်ဆက်။

ကျနော်တို့အသက်အရွယ်သည်ပင်လျှင် ၅၀ ကျော် ၆၀ ပတ်လည်ရှိနေပြီဖြစ်ရာ ကျနော်တို့ရဲ့ဆရာမများဖြစ်ကြတဲ့ အသက် ၈၀ နားနီးနေသော ဆရာမ ဒေါ်မြမြ။ အသက် ၇၀ ကျော် ဆရာမဒေါ်မေမေသင်းတို့ကို ကြည့်ရင်း အလယ်တန်း အထက်တန်းကျောင်းသားဘဝပုံရိပ်များ တခုခြင်းစီပြန်မြင်ယောင်နေမိ…  တပည့်ဖြစ်သူများရဲ့ အလှုအခမ်းအနားဖိတ်ကြားမှုရှိခဲ့လျှင် ဆရာ ဆရာမများမှ ာလာကြတယ်။ လာရတဲ့အကြောင်းအရင်းကလည်း တပည့်များနဲ့ရင်းရင်းနှီးနှီး ပြန်ဆုံခြင်လိုဖြစ်။ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောပြခြင်တာတွေကြောင့်ဆိုတာ နားလည်မိ။ ကိုယ်တိုင်လည်း ငယ်သူငယ်ချင်းများနဲ့ပြန်တွေ ပြန်ဆုံဖို့ဆို သီးသန့်ချိန်းဆိုဖို့မဖြစ်နိုင်သလို တခါတရံချိန်းထားရင်တောင် အားလုံးဟာ ကိုယ့်မိသားစုအရေးအရာကိစ္စတွေနဲ့ဆိုတော့ မအားမလပ်ဖြစ်လို့မဆုံနိုင်ခဲ့ကြ။ အခုလို ဘာသာရေးအလှုတခုမှာ ဆုံတွေ့ရချိန်မှာ အလယ်တန်း အထက်တန်းကျောင်းသားအရွယ်ဘဝကိုပြန်ရောက်သွားပြီး ယခင်တုန်းကလို မင်းနဲ့ငါနဲ့ ပြောမနာဆိုမနာပြောဆိုကြရင်း စားသောက်ကြရင်း ပျော်နေခဲ့ကြ။

ဧည့်ခံကျွေးမွေးတဲ့ ကြက်သားအုန်းနို့ခေါက်ဆွဲစားပြီး စမိုင်လ်စားပြီးချိန် လဘက်ရည်နဲ့ အချိုတည်းနေရင်း အခြားတပည့်များဖြစ်သူတွေရဲ့သတင်းစကား တွေပြောဆိုရင်း ဆရာမ ဒေါ်မြမြ မှ ကျနော့်ကိုစတင်မေးခွန်းမေးလာခဲ့။

ကျနော့်ရဲ့လက်ရှိကျန်းမာရေးအခြေအနေကိုမေးတဲ့အခါ Dofomaty Chronic Lumber Spondylosis" ခါးရိုးဆစ်ပုံပျက်ပြီး နာတာရှည်ခါးရိုးအက်ကွဲနေတဲ့ အခြေအနေ " ကို ဆရာမတို့နဲ့သူငယ်ချင်းများကိုရှင်းပြ။နားထောင်နေကြတဲ့ ငယ်ဆရာမနှစ်ယောက်နဲ့ သူငယ်ချင်းများကလည်း စိတ်မကောင်းကြ။ 

ဒါပေမဲ့ ပြောပြနေသူကျနော်မှာ နာကျင်ခံပြင်းမှုမရှိပဲ အပြုံးမပျက်ပြောနေတာကိုကြည့်ပြီး ဆရာမဒေါ်မြမြ မှ " အေးကွယ်…သား မောင်မြတ်စံ ရယ်…ဒီလိုစိတ်ဓါတ်ပြင်းထန်လို့လဲ ၁၉ နှစ်နီးပါးဆိုတဲ့ အချိန်ကာလအရှည်ကြီးမှာ နှိပ်စက်မှုမျိုးစုံ ဒဏ်ရာဒဏ်ချက်များစွာကို ဂရုမထားပဲ စိတ်ဆန္ဒရဲ့ဦးဆောင်မှုနဲ့ ယုံကြည်ချက်လည်းမပျောက် အသက်ရှင်သန်အောင်လည်း မွေးမြူနေထိုင်ခဲ့တဲ့သတ္တိကိုလေးစားတဲ့အကြောင်း " မှတ်ချက်ပြုစကားပြောလာပါတယ်။ တဆက်တည်းမှာပဲ အဲ့ဒီလို ဒုက္ခတွေနဲ့ အချိန်ကာလတစ်ခုအကြာကြီးကို ဘယ်လိုရှင်သန်နေထိုင်ခဲ့သလဲလို့ ထပ်မေးတဲ့အခါမှာတော့

" ဆရာမရေ…တကယ်တော့ ကျနော့်ကိုဖမ်းတဲ့သူ။စစ်ကြောမေးမြန်းစဉ်နှိပ်စက်ညှင်းပန်းခဲ့တဲ့သူတွေကို ကျနော်စိတ်ထဲမှာ ဘာမှမထားဘူး။ ထောင်ချဖို့အတွက် မဟုတ်မမှန် စွဲချက်တွေတင်ပြီး မမှန်သက်သေထွက်ဆိုခဲ့တွေ စတာတွေကို သူတို့အလုပ် သူတို့လုပ်တယ်။ ကိုယ်လည်း ကိုယ့်အလုပ်အရ ကိုယ့်ယုံကြည်ချက်အတွက်အလျှော့မပေးပဲ ကြံ့ကြံ့ခိုင်ရင်ဆိုင်နိုင်ရမယ်။ ထောင်ကျခြင်း။ ထောင်ချခံရခြင်း။ ဖမ်းခြင်း လွှတ်ခြင်းဆိုတဲ့ကိစ္စဟာ သူတို့ကိစ္စ ။ ကိုယ့်အလုပ်က ဖြစ်ခဲ့ပြီးသားမနေ့ကနဲ့ အခုပြောနေစဉ် အချိန်ကာလမတိုင်မှီကိစ္စတွေကိုလည်း မစဉ်းစားနဲ့။ မနက်ဖြန်နဲ့နောင်ကာလ ဘာဖြစ်လာနိုင်မလဲဆိုတာလည်းမစဉ်းစားပဲ အခုပြောနေတဲ့ လက်ရှိအချိန်ကာလကိုသာ အကောင်းဆုံးအသက်ရှင်နေထိုင်ဖို့ကြိုးစားမယ်ဆိုတဲ့ စိတ်မျိုးကိုမွေးယူနေထိုင်ရပါတယ်။ ကမ္ဘာ  ကျော်စာရေးဆရာကြီး လီယိုတော်စတွိုင်း ရေးတဲ့" Three Question "(မေးခွန်းသုံးခု) ထဲကလို နောက်ဆုံးမှာ ဘုရင်ကြီးကို ရသေ့ကြီးဖြေလိုက်တဲ့ အဖြေလိုပါပဲ "The Most important time is NOW " လောကကြီးမှာ အရေးကြီးဆုံးအချိန်ဟာ အခုအချိန်ပဲ ဆိုတဲ့သဘောမျိုးပေါ့။ဗုဒ္ဓ ရဲ့တရားသဘောမှာလည်း ဒီသဘောတရားအတိုင်းပါပဲ။ "ပစ္စုပ္ပုန်မျက်မှောက်ကာလသာ အရေးတကြီး ရှု့မှတ်ဆင်ခြင်တွေးဆသင့်တဲ့အရာ " ဆိုပြီးဟောကြားထားတာနဲ့ကိုက်ညီပါတယ်။ ဒါကြောင့် ကျနော်ဟာ အခုအချိန်အပြင်လောကပြန်ရောက်နေချိန်မှာတောင် နာကျင်ခံပြင်းစရာကောင်းတဲ့အရာတွေ။စိတ်ပျက်ငြီးငွေ့စရာကောင်းတဲ့ကိစ္စရပ်တွေ။ ရောဂါဝေဒနာပြင်းထန်လာချိန်မှာ နောက်ဆုံးမခံရပ်တော့လို့မျက်စိထဲမှာ နှိပ်စက်ခံခဲ့ရတဲ့ပုံရိပ်တွေပြန်ပေါ်လာခဲ့ရင်တောင် ချက်ချင်းဆိုသလို စိတ်ထဲကနေ Drop Out လွှတ်ချလိုက်ပါတယ်။ ဒီလိုမှမဟုတ်ရင် ကိုယ်တိုင်ပဲ ဒီဝန်ထုပ်ဝန်ပိုးအလေးကြီးကို ဆက်ထမ်းနေရမှာပါ။တကယ်လည်း အရမ်းလေးလံလှတဲ့ ဝန်ထုပ်ဝန်ပိုးကြီးပါ။ ဒါဟာ ကျနော့်အတွက် တသက်တာမှာဆင်ခြင်နေထိုင်ဖို့ သင်ခန်းစာရခဲ့တဲ့ ဘဝနေနည်းပါ ဆရာမ " လို့ပြန်ရှင်းပြလိုက်ပါတယ်။

နောက်ထပ်ပြီးပြောဖြစ်တာက ဆရာမတွေရဲ့ တပည့်အကျော်အမော်တွေအကြောင်းပေါ့…တချိန်က ဆရာ ဆရာမတွေရဲ့ချစ်တပည့်လိမ္မာတွေကို ကျနော် သီးသန့်တိုက်ခန်းထဲနေထိုင်ချိန်မှာဆုံဖြစ်ခဲ့ကြောင်း။ ကျနော်က နိုင်ငံရေးအမှုနဲ့ဆိုတော့ သီးသန့်အကျဉ်းသားတွေကိုထားတဲ့ တိုက်ခန်းများမှာရှိနေစဉ် တိုက်သန့်ရှင်းရေးအလုပ်သမားအဖြစ်ရောက်လာတဲ့ အချုပ်သား၊ ထောင်ကျအကျဉ်းသားတွေကို တိုက်ခန်းထဲကနေ နေ့စဉ်လိုလိုတွေ့နေရတယ်။ အဲ့ဒီလိုရောက်လာတဲ့ အချုပ်သား အကျဉ်းသားတွေထဲမှာ တပည့်လိမ္မာ အကျော်အမော်တွေ ရောက်လာတာတွေ့ရ။ ဘာအမှုဖြစ်တာလဲလို့မေးလိုက်တော့ မူးယစ်ဆေးဝါးသုံးစွဲမှု။လက်ဝယ်တွေ့ရှိမှုစတာတွေနဲ့ဖြစ်နေ.… သိပ်မကြာခင်အချိန်ကာလမှာပဲ ထောင်ထဲမှာပင် အခြားရောဂါများနဲ့အသက်ဆုံးရှုံးခဲ့ရတာကြားသိရ.… … ။

ကျောင်းတုန်းက အတန်းထဲမှာ ရိုးသာကြိုးစားပါတယ်ဆိုတဲ့ ဆရာမတွေရဲ့ အသည်းစွဲအကျော်အမော်တွေအကြောင်းပေါ့။ ကျောင်းကိုလာရင် မိဘကိုယ်တိုင်ကျောင်းလိုက်ပို့။ ကျောင်းရောက်တော့လည်း ဆရာ ဆရာမတွေလာရင် ခြင်းတောင်းပြေးကိုင်…အတန်းပိုင်ဆရာမအတွက် ပန်းပေး။ ကြိမ်လုံးကိုင်ပေး အတန်းထဲ Top 10 စာတော်တဲ့အထဲမှာလည်းပါတဲ့သူ။ အတန်းကျောင်းခွဲအလိုက်ရှိတဲ့ အိမ်သာထဲမှာ ကျနော်တို့တွေဟာ ဒူးယားစီကရက်။ ကျားမသန်းဌေး။ ငွေတောင်ဆေးပေါ့လိပ် စတာတွေနဲ့ ဆေးလိပ်ခိုးသောက်နေချိန်မှာ လူဆိုးလေးတွေဆိုတဲ့အမြင်မျိုးနဲ့ ကျနော်တို့ကို ကြည့်ပြီး ဆရာ ဆရာမတွေရဲ့ ပဏာစားတာကိုယူနေတဲ့သူငယ်ချင်းတွေနဲ့ ကာလတစ်ခုမှာ ရပ်ဝန်းတခုထဲဆုံဖြစ်ခဲ့တဲ့အကြောင်း။ အထက်တန်းကျောင်းသားဘဝမှာ သူငယ်ချင်းအပေါင်းအသင်းကိုခုံမင်ပြီး ကျောင်းပြေး။ ရုပ်ရှင်ကြည့် ။ မိန်းကလေးကျောင်းဖက် သွားပြီး ရည်းစားစကားလိုက်ပြော စတဲ့အရာတွေကိုလုပ်လို့ အတန်းပိုင်ဆရာဆရာမတွေရဲ့ ကြိမ်လုံးစာ ဗြောတင်ခံစရာဖြစ်ခဲ့ပေမဲ့ ဆယ်တန်းအောင်ပြီးတက္ကသိုလ်ကောလိပ်ရောက်ချိန်မှာ အေးဆေးတည်ငြိမ်သွားခဲ့။

ခုနတုန်းက ရိုးသားကြိုးစာ အမောင်ကျောင်းသာတွေဟာ အဲ့ဒီအချိန်မှာ မြင်းစောင်းကလွှတ်လိုက်တဲ့ မြင်းများလိုပဲ တချိန်ကချုပ်တည်းထားရတဲ့ အငုံ့စိတ်တွေနဲ့ အဲ့ဒီခေတ်ကလကြီးရဲ့ ပေါများလာတဲ့ မူးယစ်ဆေးတွေရဲ့ လွှမ်းမိုးမှုကြောင့် ဆေးစွဲ ထောင်ကျပြီးနောက်ဆုံး ထောင်ထဲမှာပဲ အသက်ဆုံးရှုံးခဲ့ရတဲ့အကြောင်း ပြန်လည်ပြောပြမိခဲ့တယ်။ 

ထောင်ထဲမှာရှိနေတဲ့ လူဆိုး လူမိုက်တွေအကြောင်းမေးတော့ ကျနော်အနေနဲ့ လူးဆိုးလူမိုက်တွေနဲ့ခင်မင်ရင်းနှီးခဲ့ကြောင်း။ ထောင်ထဲမှာရော အပြင်မှာဆိုးသွမ်းနေထိုင်ခဲ့တဲ့သူတို့တွေကိုယ်တိုင်က ကျနော်တို့လိုလူမျိုးများကို လေးစားကြောင်း။ " သူတိုတွေက မိုက်ရဲတယ်။ ဆိုးသွမ်းရဲတယ်။ လူသတ်ရဲတယ်။ လူရိုက်ရဲတယ်။ ဒါပေမဲ့ အကိုတို့လိုမျိုး အစိုးရကိုတော့ဆန့်ကျင်ပြီး အံမတုရဲဘူး။ မိုက်ပဲမိုက်ရဲတာ။ သတ္တိမရှိဘူး။ ခင်ဗျားတို့ကသာ သတ္တိရှိတာ လေးစားပါတယ် "ဆိုပြီး လူဆိုးလူမိုက်တွေနဲ့ နေထိုင်ပြောဆိုဆက်ဆံခဲ့ပုံတွေကို ဆရာမတွေနဲ့ သူငယ်ချင်းများကို ပြောပြလိုက်တယ်််။

အပြင်ဖက်မှာလည်း မိုးကသည်းကြီးမည်းကြီးရွာနေရာကနေ နည်းနည်းပါးချိန်မှာ ဆရာမဒေါ်မြမြအနေနဲ့နောက်ထပ်သွားစရာကိစ္စရှိလာလို့ ဆရာမငှားလားတဲ့ Taxi ကားပေါ်လိုက်ပို့ပေး။ ပြီးတဲ့အခါ သူငယ်ချင်း ကိုကိုဇံ ကားနဲ့ဆရာမဒေါ်မေမေသင်းနေထိုင်တဲ့ ဘုန်းကြီးလမ်းနေအိမ်ကိုလိုက်ပို့ပေးပြီး ကျနော့်ရုံးရှိရာ လှည်းတန်းသို့ပြန်လာစဉ် လမ်းမှာ ဟံသာဝတီအနားရှိ ရွှေပလ္လင်မှာ သူငယ်ချင်းနှစ်ယောက် လဘက်ရည်သောက်ခဲ့ကြ။ ဘာပဲဖြစ်ဖြစ် ငယ်ဆရာမများ ငယ်သူငယ်ချင်းများနဲ့ဆုံတွေချိန်မှာ အားလုံးရဲ့ချစ်ခင်လေးစာမှုကိုရခဲ့အတွက် အဓိပ္ပါယ်ရှိတဲ့နေ့ကလေးတနေ့အဖြစ် မှတ်ယူထားလိုက်ပါတယ်။ အနန္တဂိုဏ်းဝင် ဆရာ ဆရာမများကိုရိုသေစွာဦးခိုက်ရှစ်ခိုးရင်း သာယာချမ်းမြေ့ငြိမ်းချမ်းတဲ့ အနာဂတ်ငြိမ်းချမ်းရေးခရီးကိုမျှော်လင့်ရင်း ...

အစဉ်အမြဲမေတ္တာဖြင့်
မြတ်စံ
(6/6/2019)7:45 pm