Breaking News

မောင်ရစ် - ဘွဲ့နှင်းသဘင်ဆိုလို့ ...



မောင်ရစ် - ဘွဲ့နှင်းသဘင်ဆိုလို့ ... 

(မိုးမခ) ဇွန် ၂၁၊ ၂၀၁၉

လွန်ခဲ့တဲ့ သောကြာ၊ စနေ၊ တနင်္ဂနွေက လော့စ်အိန်ဂျလိစ်က ယူစီအယ်လ်အေ (UCLA) University of California Los Angeles ကျောင်းဘွဲ့နှင်းသဘင်ကို ရောက်ခဲ့ပါတယ်။ အဲသည်ရောက်တုန်း မြင်တာလေးတွေ ချရေးတာကို တင်ဆက်လိုက်ပါတယ်။

UCLA မှာ ကျောင်း ၁၂ ကျောင်း နဲ့ ကောလိပ် ၁ ခု ရှိပါတယ်။ စာသင်သား ၂သောင်း၆ထောင်ကျော် ရှိတယ်တဲ့။ School - ကျောင်းဆိုတာက မေဂျာ ၁ခုတည်း သင်တာမို့ ကျောင်း တဲ့။ School of Nursing စတဲ့ ကျောင်းမျိူးက ၁၂ ကျောင်း (ဆေး၊ သွား၊ အာခီ၊ ဥပဒေ၊ စသည်ဖြင့်ပေါ့)။ College - ဝိဇ္ဇာသိပ္ပံ ၂ခုလုံး ဘာသာစုံသင်ပေးတဲ့ Undergrad School ကိုတော့ ကောလိပ်လို့ ခေါ်ပါတယ်။ ဘီအေ (BA) ဘီအက်စ် (BS) အစုံကို College of Letters & Science မှာ သင်ယူကြပါတယ်။ အဲသည်မှာ ကျောင်းသားအများဆုံး၊ ဌာနတွေ အများဆုံး ဖြစ်ပါတယ်။

ယခုသဘင်ကတော့ ကောလိပ် (College of Letters and Science) က ကျောင်းသား ၆ထောင် ဘွဲ့ယူကြတာပါ။ UCLA ၏ သက်တမ်း နှစ် ၁၀၀ပြည့်။ ယူအက်စ်က public university အဆင့် တစ် အဖြစ် UCLA က ချိတ်တဲ့ နှစ်။ သည်တော့ အမှတ်တရဖြစ်တယ်လို့ ဆိုကြပါတယ်။ ဂုဏ်ယူကြပါတယ်။


ဘွဲ့ယူတာကတော့ ကျောင်းသားတွေအတွက် အပျော်ဆုံးအချိန်ဖြစ်သလို ဆရာ မိဘတွေအတွက်ကလည်း ပညာစုံတဲ့ ကလေးတွေအတွက် မုဒိတာဖြစ်ပြီး ဝင်ရောက် ဂုဏ်ပြုပျော်ရွှင်ကြတဲ့ ပွဲတော်ပါပဲ။

အခုမြင်ရတာက College Graduation ပွဲပါ။ သောကြာမှာ ၂ ချိန် ခွဲပြီး ကျင်းပပါတယ်။ ၁ပွဲမှာ ကျောင်းသား ၃ထောင်စီ ဝင်နွှဲကြတာပေါ့။

ပြီးတော့ တနင်္ဂနွေနေ့မှာတော့ ကောလိပ်အောက်က ဌာနတခုချင်းစီမှာ ဘွဲ့နှင်းသဘင် ကျင်းပပြန်ပါတယ်။ သက်ဆိုင်ရာဌာနအလိုက် ဥပမာ - Institute of Environment & Sustainability စသည်ဖြင့်က (ကျောင်းသား ၈၀ - ၁၀၀ စီ) သူတို့ပရော်ဖက်ဆာတွေနဲ့ ဘွဲ့ယူကြပြန်ပါတယ်။ မိဘတွေကလည်း ဝင်နွဲရပြန်တာပေါ့။

ဘွဲ့နှင်းသဘင်တွေမှာ ဆရာတွေက အားပေးစကားတွေ ရယ်စရာတွေ ပြောကြပါတယ်။ စံပြကျောင်းသားအဖြစ် speaker အဖြစ် ရွေးခံရသူတွေကတော့ သူတို့ကြိုးပမ်းရမှုတွေ မျော်မှန်းချက်တွေကို အတည်အတံ့ ပြောကြပါတယ်။ ကျောင်းကဖိတ်လို့ လာတဲ့ အပြင်စပိကာတွေကတော့ ဘ၀အတွက် သင်ခန်းစာတွေ ခွန်အားတွေ ပြောပါတယ်။ မိဘတွေနဲ့ ကျောင်းသားတွေကတော့ ဓာတ်ပုံတွေ ဖိရိုက်နေကြတော့တာပါပဲ။

ကယ်ဖိုးနီးယားတက္ကသိုလ်တွေက ကျောင်းသားတွေက အထူးသဖြင့် လူငယ်ဆိုင်ရာ နိုင်ငံရေးစကားတွေ ပြောပါတယ်။ Immigrant (ရွှေ့ပြောင်းအခြေချသူတွေ အခွင့်အရေး), Inequality (လူတန်းစားမညီမျှမှု), Environment (ပတ်ဝန်းကျင်ထိန်းသိမ်းဖို့အရေး), LGBT (လိင်စိတ်ကွဲသူများအရေး), Women Rights (အမျိုးသမီးအခွင့်အရေး)  တွေ ပြောကြပါတယ်။

တက္ကသိုလ်က ဆရာတွေ ဝန်ထမ်းတွေအနေနဲ့ ဂုဏ်အယူဆုံး စွမ်းဆောင်မှုအနေနဲ့ကတော့ first-generation student graduation - မိသားစုတွေထဲမှာ ပထမဆုံးတက္ကသိုလ်ဘွဲ့ရတဲ့ ကျောင်းသားတွေ ဆိုတဲ့ ကိစ္စ (ဒါက တပြည်သားတွေ ရွှေ့ပြောင်းတွေရဲ့ သားသမီးတွေ တက္ကသိုလ်ဘွဲ့ရတာမို့ အလွန်ကုသိုလ်ကောင်းတဲ့ ကိစ္စ)။ နောက်စွမ်းဆောင်နိုင်မှုကတော့ - Transfer Student Graduation - ဒေသ နယ် ကောလိပ်တွေကနေ တက္ကသိုလ်ကို ပြောင်းတက်ခါ ဘွဲ့ရတဲ့ ကျောင်းသားတွေ တိုးလာတယ် ဆိုတဲ့ ကိစ္စ (ဒါကလည်း ကောလိပ်ပြီးအောင်မတက်နိုင်တဲ့ ဦးရေကများတော့ တက္ကသိုလ်ဘွဲ့ရဖို့ဆိုတာ မလွယ်ပြန်ပါ။ ဒါကလည်း တိုင်းပြည်မှာ လူတိုင်း ပညာတတ်များလာဖို့ အရေးကြီးပါတယ်)။

ကယ်လီဖိုးနီးယားတက္ကသိုလ်တွေက သူတို့ကျောင်းတွေကနေ ဒေသခံမိသားစုတွေထဲက ပထမဆုံးဘွဲ့ရကလေးတွေ မွေးထုတ်ပေးနိုင်တာ၊ ဒေသကောလိပ်ကနေ တက္ကသိုလ်ဘွဲ့ရအထိ ကျော်ဖြတ်နိုင်တာတွေကို ရည်မှန်းချက်ထားပြီး လုံလစိုက်ကြတာ ဖြစ်ပါတယ်။ အဲသည်ကလေးတွေကို under-served student  (ပစ်ပယ်ခံကျောင်းသားတွေ) အဖြစ် အစိုးရနဲ့ ပြည်သူက ဝန်းရံခြင်း ပေါ်လစီထားရှိတာ ဖြစ်ပါတယ်။

တက္ကသိုလ်တွေက ကလေးတွေကို ဘာသင်ပေးလိုက်သလဲဆိုတော့ လူ့ဘောင်လောကထဲမှာ အထီးကျန်မဖြစ်အောင် ဝင့်ဆန့်အောင် သင်ပေးလိုက်တယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူတူ ခရီးဆက်သွားနိုင်အောင် ပတ်ဝန်းကျင်ကို ချဲ့ထွင်ပေးလိုက်တယ်လို့ ပြောချင်ပါတယ်။ ကိုယ့်လမ်းကိုယ်လျောက်အောင် အတောင်ပံတွေပါ တတ်ပေးလိုက်တယ် ထင်ပါတယ်။