Breaking News

အောင်သဇင် ● လမ်းဆုံးကိုရောက်နေတဲ့ မင်းအောင်လှိုင်

အောင်သဇင် ● လမ်းဆုံးကိုရောက်နေတဲ့ မင်းအောင်လှိုင်
(မိုးမခ) ဇွန် ၁၁၊ ၂၀၁၉

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ကသည်းသူပုန် အာသံသူပုန်တွေနဲ့ အိန္ဒိယစစ်တပ် တိုက်ပွဲဖြစ်တော့ သူပုန်တွေဆီက သိမ်းရတဲ့ သေနတ်တွေထဲမှာ ဗမာစစ်တပ်သုံး MA သေနတ်အသစ်တွေ ရခဲ့တယ်။

ဒါနဲ့ အိန္ဒိယထောက်လှမ်းရေးက စုံစမ်းထောက်လှမ်းတော့ ဒီသေနတ်တွေကို အိန္ဒိယသူပုန်တွေဟာ ဗမာပြည် ကပစ (ကာ ကွယ်ရေးပစ္စည်းစက်ရုံ) တွေဆီက တိုက်ရိုက်ပါကင်ပိတ်ဝယ်တာလို့ တွေ့ရှိခဲ့တယ်။ ဒါကြောင့် ဧပြီလဆန်းနဲ့ မေလထဲမှာ အိန္ဒိယစစ်သံမှူးနဲ့ ကာကွယ်ရေးအတွင်းဝန်တို့ မင်းအောင်လှိုင်ကို အရေးတကြီးလာတွေ့ပြီး သတင်းပေးခဲ့တယ်။

ဒီလိုနဲ့ ဗမာစစ်တပ်တွင်း၊ အထူးသဖြင့် ကပစတွေနဲ့ စစ်လက်နက်တပ်တွေအတွင်း စုံစမ်းစစ်ဆေးမှုတွေလုပ်လိုက်တော့ အိန္ဒိ ယသူပုန်ကိုတင်ရောင်းတာမဟုတ်ဘဲ AA နဲ့ RCSS ကိုပါရောင်းတာ ပေါ်လာတယ်။ အရင်က တိုက်ပွဲတွေမှာ AA ဆီက သိမ်းရတဲ့ MA သေနတ်နံပါတ်တွေကို ပြန်စစ်တော့ ဘယ် မအလစစ်တပ်ကိုမှထုတ်ပေးမထားတဲ့ ကပစ အော်ရဂျင်နယ် အသစ်စက်စက်တွေဖြစ်နေတာ တွေ့ခဲ့ရတယ်။ သေနတ်တင်မက တခြားထုတ်ရောင်းတဲ့ပစ္စည်းတွေက ကျည်မျိုးစုံ၊ ၆၀ မမ မော်တာသီး၊ RPG လောင်ချာသီး၊ ၄၀ မမ ဗုံးသီး၊ လက်ပစ်ဗုံးတွေ ဖြစ်တယ်။

အရာရှိအရာခံအကြပ်တပ်သား ၈၀ လောက်ကို ဖမ်းလိုက်ပြီး ၅ ယောက်ကို သေဒဏ်ချလိုက်တယ်။ တချို့လဲ ထောင် ၃ နှစ်ကနေ ၂၇ နှစ်အထိ ကျကုန်တယ်။ အကုန်စစ်မပြီးသေးဘဲ စီရင်ချက်ချဖို့ ကျန်နေသေးတယ်။ အင်းတိုင် COD တပ်မှူး ဆိုရင် ထောင် ၃ နှစ်ကျတယ်။ ရန်ကုန် အင်းယားလိတ်ဟော်တယ်နားက ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု ပစ္စည်းထိန်းတပ် (ကထပ) တပ်မှူး ဒုဗိုလ်မှူးကြီးစိုးနိုင်ကတော့ ကိုယ့်ကိုကိုယ် သတ်သေလိုက်တယ်။

ကကထုတ်ချုပ် (ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်) RIT ဆင်း ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးကို ရာထူးဖြုတ်ပစ် လိုက်တယ်။ ဒါပေမဲ့ စာဖတ်သူကြီးရဲ့တပည့်ရင်းဖြစ်လို့ ထောင်ထဲမထည့်ဘဲ ဖြုတ်ရုံဘဲ ဖြုတ်လိုက်ပြီး ကကထုတ် အကြံပေး ပုဂ္ဂိုလ်အဖြစ် ဟန်ပြရာထူးပေးလိုက်တယ်။ သူ့နေရာကို သပိတ်ကျဉ်း သိပ္ပံနှင့်နည်းပညာသုတေသနက ဗိုလ်ချုပ်ကံမြင့်သန်း တင်လိုက်တယ်။

တကယ်တော့ မအလနဲ့ သူ့သား အောင်ပြည့်စုံတို့ ဘီလီယံနာကြီးတွေဖြစ်နေချိန် ကပစနဲ့ ကကနက် (စစ်လက်နက် ပစ္စည်း တပ်ဖွဲ့) ကအရာရှိတွေ အခြားအဆင့်တွေကလဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောက်ဆိုက်ရှာကြတဲ့အခြေအနေ ဖြစ်သွားတာပါ ဘဲ။

AA ကို လက်နက်ရောင်းပေးတဲ့ အဲ့ဒီ ကပစ-ကကနက် အရှုပ်တော်ပုံကလဲ စုံစမ်းစစ်ဆေးရင်းနဲ့ ပေါ်လာတာတွေ အများ ကြီးဖြစ်လို့ အကုန် မီးခိုးကြွက်လျှောက်ပတ်သက်ကုန်မှာစိုးပြီး ရပ်လိုက်ရတယ်။ မင်းအောင်လှိုင်သား အောင်ပြည့်စုံနဲ့ သား မက် လင်းမြင့်ဖွယ်တို့ပါ ငြိမယ့်သဘောတွေ့လို့ ရပ်ခိုင်းလိုက်တာဖြစ်တယ်။ အနားပေးပြီး ဟန်ပြအကြံပေးခန့်ထားတဲ့ စာဖတ် သူကြီးတပည့် ဒုဗိုလ်ချုပ်ကြီး သိန်းဌေးကိုလဲ ထောင်ထဲထည့်ရမယ့်အဖြစ် ရောက်သွားနိုင်တယ်။ ဒီ့ထက်ပိုဆိုးမှာက ဆက် ကိုင်ရင် စစ်သားတွေက စက်ရုံအလုပ်သမားအဖြစ်၊ စစ်ကူလီအဖြစ် ငတ်ငတ်ပြတ်ပြတ် ပင်ပင်ပန်းပန်းလုပ်နေကြရတဲ့ ကပစ စက်ရုံတွေ COD တွေမှာ စစ်အလုပ်သမားသပိတ်တွေဖြစ်လာပြီး လက်နက်ခဲယမ်းထုတ်လုပ်မှုတွေ ဖြန့်ဖြူးမှုတွေ ရပ်ဆိုင်း သွားမယ့်အခြေအနေလဲ ရှိနေတယ်။

အားလုံးတွေ့နေ သိနေကြတဲ့အတိုင်း USDP ပြည်ခိုင်ဖြိုး (ခေါ်) ကြံ့ဖွတ်ပါတီဟာ အာဏာရခဲ့တုံးကလဲ အသုံးမကျဘဲ အကြံအဖန်ရှာ ဝါးတီးဘဲဆွဲနေလို့ လူထုကမုန်း၊ အခု အာဏာမရှိချိန်မှာလဲ ရူးတူးတူး ပေါတောတောတွေဘဲ ဖြစ်နေတော့ ၂၀၂၀ မှာ နိုင်ဖို့အလားအလာ အတော့်ကိုနည်းနေတယ်။

တဖက်မှာလဲ မင်းအောင်လှိုင်ဟာ အရင်က စာဖတ်သူကြီးလို အချိန်အကန့်အသတ်မရှိ ကာချုပ်လုပ်ဖို့ကလဲ ကပစပြဿနာ အပါအဝင် တပ်တွင်းအခြေအနေတွေအရ၊ ကိုးကန့်-ရခိုင်စစ်ရှုံးပွဲတွေအရ ဆန့်ကျင်သူတွေများနေလို့ စာဖတ်သူကြီးရဲ့ ရာနှုန်းပြည့်ထောက်ခံမှုတောင် မရတော့ဘဲ ဖြစ်နေတယ်။ ဒါပေမဲ့ သူ့မိသား စုအကျိုးစီးပွားတွေ စည်းစိမ်ချမ်းသာတွေကို ကာကွယ်နိုင်ဖို့ သမတလုပ်ချင်တဲ့ စိတ်ကူးယဉ်အိပ်မက်ကလဲ ရှိနေတယ်။

ဒီတော့ သုံးစားမရနိုင်တဲ့ ကြံ့ဖွတ်ပါတီကို သူကိုယ်တိုင်လာပြီး ဥက္ကဌလုပ်ဖို့ စီစဉ်နေရပြီဖြစ်တယ်။ အဲဒါ ကြောင့် စိတ်ချရတဲ့ သူ့အမာခံဗိုလ်ချုပ်တွေကို တပ်ကထုတ်ပြီး ကြံ့ဖွတ်ပါတီဗဟိုအမှုဆောင် ခန့်ဖို့လုပ်နေတယ်။ စောစောပိုင်းက တပ်ကထွက် ထားခိုင်းတဲ့ မြင့်စိုး၊ သက်နိုင်ဝင်း၊ လှဌေးဝင်း၊ ဝေလွင်၊ သူရသက်ဆွေတို့ကတော့ သူ့ကိုလုံးလုံးမကြည်တဲ့အတွက် အရပ်ဝတ် ချင်းတူတူဖြစ်သွားရင် သူခိုင်းတာလုပ်မယ့်ပုံ မရှိဘူး။ မင်းအောင်လှိုင့်မျက်နှာ ကြည့်မယ့်အစား ချီးဘဲထိုင်ကြည့်မယ်လို့ပြောခဲ့တဲ့ ဗိုလ်ချုပ်အဆင့်တွေဖြစ်တယ်။

ဒါကြောင့် သူခိုင်းတာလုပ်မယ်လို့ 'သူယူဆနေ'တဲ့ ဗိုလ်ချုပ် အယောက် ၂၀ လောက်ကို တပ်ကထွက်ခိုင်းထားတယ်။ ဒီထဲမှာ ထွန်းထွန်းနောင်၊ မင်းနောင်၊ ဝင်းဘိုရှိန်၊ မြင့်မော်၊ သန်းထွတ်သိန်း၊ တောက်ထိန်တို့ ပါတယ်။ ဒါ့အပြင် ပြည်ပက စစ်သံမှူးတချို့ကိုလဲ နေဘူဒေါ်ကို ပြန်ခေါ်ထားတယ်။ အဲ့ထဲကမှ လူရွေးပြီး ကြံ့ဖွတ်ထဲထည့်၊ ၂၀၂၀ မှာ ရွေးကောက်ပွဲဝင်ခိုင်းမယ့်အခြေအနေရှိတယ်။

ပိန်းချက်ကတော့ ကြံ့ဖွတ်ပါတီကို သူနဲ့သူ့လူရင်းတွေကိုင်လိုက်ရင် ၂၀၂၀ ရွေးပွဲမှာ အခြေအနေကောင်း မယ်၊ ရွှေမန်းကို ကျော်နိုင်မယ်လို့ တွက်နေတာဘဲ။ အခုကတည်းက ကြံ့ဖွတ်ပါတီဟာ ပါတီတွင်း အခြေအနေအားလုံးကို မင်းအောင်လှိုင်ဆီ အစီရင်ခံနေရပြီဖြစ်တယ်။ ဒါကြောင့် မင်းအောင်လှိုင်ဟာ စစ်တပ်ကိုရော ကြံ့ဖွတ်ကိုပါ ပူးတွဲပြီးချုပ်ကိုင်နေပြီဖြစ်တယ်။ တဖက်မှာတော့ သူ့သား အောင်ပြည့်စုံက မန္တလေး ၃၈ လမ်း တပ်မြေပေါ်မှာ တရုတ်ကျောထောက်နောက်ခံယူပြီး အဆင့်မြင့် နိုင်ငံတကာဆေးရုံကြီးဆောက်နေသလို သူ့သားမက် လင်းမြင့်ဖွယ်ကိုလဲ စင်ပြိုင်အကယ်ဒမီပေးပွဲလုပ်ပြီး အနုပညာလောက ကို ထိုးခွဲစည်းရုံးခိုင်းလိုက်သေးတယ်။

အခုလို တပ်နဲ့ ကြံ့ဖွတ်ကိုမီးသေအောင်လုပ်နေချိန်မှာ တဖက်ကလဲ ယူနန်ပြည်နယ် ခွန်မင်းမှာ မေ ၁၈ ရက်က တပ်ကိုယ် စားလှယ်တွေအပါအဝင် ငြိမ်းကော်မရှင်နဲ့ ဝ ထဲက ဘိန်းဘုရင် ဝေ့ရှောက်ကန်း တိတ်တိတ်ပုန်းခိုးတွေ့ပြီး သူ့ကို ထောက်ခံ အောင် ဆွယ်နေတယ်။ ဝ ကလဲ FPNCC ကို အသိမပေးခဲ့ဘူး။ တကယ်တော့ ဝ ဟာ ၂၀၀၁-၂၀၀၂ တုံးက ထိုင်းနယ်စပ်မှာ ထိုင်းစစ်တပ်နဲ့ဗမာစစ်တပ် ပြဿနာဖြစ်တော့ လူ ၂၀၀ လောက် အသေခံပြီး ထိုင်းကိုတိုက်ပေးခဲ့သလို ခင်ညွန့်ရှိကတည်းက နအဖ စစ်အစိုးရကို ဒေါ်လာ သန်း ၄၀၀ လောက်လဲ ချေးပေးခဲ့ဖူးတယ် (ပြန်မဆပ်ခဲ့)။ ဝေရှောက်ကမ်းရဲ့ ဟုန်ပန်းကုမ္ပဏီကလဲ ခင်ညွန့်-သန်းရွှေ-မင်းအောင်လှိုင် စစ်ခေါင်းဆောင်အဆက်ဆက်နဲ့ ဝါးစေဝေစားနေခဲ့တာဖြစ်တယ်။ တဖက်မှာတော့ မင်း အောင်လှိုင်တို့က ဝ ရဲ့ နှစ် ၃၀ ပြည့်ပွဲ အင်အားပြတာကို စင်ပြိုင်အစိုးရ စင်ပြိုင်တပ်မလုပ်နဲ့၊ မကြိုက်ဘူး၊ သည်းခံနေတာလို့ ဘူမသိကိုးမသိသမားတွေအကြိုက် လေကြီးပြလိုက်တယ်။

ကာချုပ်ဖြစ်ခါစကလဲ ရုရှားလက်နက်ပွဲစားအဖြစ် စာဖတ်သူကြီးရဲ့လူရင်း တေဇနေရာမှာ ကမ္ဘောဇ အောင်ကိုဝင်းနဲ့ (အကြံ အဖန်လုပ်လွန်းလို့ တင်အောင်မြင့်ဦး ကန်ထုတ်ခဲ့တဲ့) မိုးကျော်သောင်းသားအဖကို အစား ထိုးတာဝန်ပေးပြီး စာဖတ်သူကြီးလို တပ်မတော်ကို ခေတ်မှီလက်နက် တပ်ဆင်တိုးချဲ့ပေးတဲ့ တပ်မတော် ဖခင်သစ် ကျေးဇူးရှင်ကြီးလုပ်ဖို့နဲ့ စားကြောဝါးကြောရှာဖို့ ကြံခဲ့ပေမဲ့ ရုရှားက အောင်ကိုဝင်းနဲ့ မိုးကျော်သောင်းတို့ကိုလက်မခံလို့ တေဇရဲ့ ဂလိုရီကုမ္ပဏီနဲ့ တေဇလူ ရုရှလူမျိုး အလက် ဇန်းဒရီးယားကို လက်လွှတ်မရဘဲ ဆက်သုံးနေရတယ်။

NLD အစိုးရ ဘယ်လောက်မစွံသည်ဖြစ်စေ လူထုတွေကတော့ တိုင်းပြည်ကို နှစ်ပေါင်း ၆၀ နီးပါး သမိုင်းမှာ မကြုံဖူးအောင် ဒုက္ခပေး နှိပ်စက် ဖွတ်တက်စေခဲ့တဲ့ စစ်တပ်ရဲ့အဆက်အနွယ် ကိုယ်စားလှယ်တွေ ကိုယ်ပွားတွေကို ဘယ်တော့မှလက်ခံမှာ မဟုတ်ဘူးဆိုတဲ့ အမှန်တရားကို ဖောက်ပြန်ရေးသမားတွေ သဘောမပေါက်နိုင်ကြဘူး။ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး စည်းရုံးရေး အဖက်ဖက်မှာ အနိမ့်ဆုံးအခြေအနေရောက်နေတဲ့ မင်းအောင်လှိုင်ဟာ တကယ်တော့ ဘဝလမ်းဆုံးကို ရောက် နေပြီဖြစ်ပါတယ်။

အောင်သဇင်