Breaking News

ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) - သင်္ချာအတွေးအခေါ်သမိုင်း မိတ်ဆက်


ဒေါက်တာခင်မောင်ဝင်း(သင်္ချာ) - သင်္ချာအတွေးအခေါ်သမိုင်း မိတ်ဆက်

(မိုးမခ) ဇွန် ၂၃၊ ၂၀၁၉

မိုးမခထုတ် ဒေါက်တာခင်မောင်ဝင်း၏ ဂိမ်းသီအိုရီ(၁) စာအုပ် အမှာစာနဲ့ အခန်းတစ်ကို ကူးယူဖော်ပြပါသည်။

အမှာစာ

သင်္ချာအပေါ်တွင် အမြင်အမျိုးမျိုး ရှိကြပါသည်။ ကျောင်းသားများ အနေဖြင့် သင်္ချာသည် စာမေးပွဲအောင်ရန်အတွက် ဖြတ်ကျော်ရမည့်အတားအဆီး တစ်ခုဖြစ်ပြီး စာမေးပွဲအောင်သွားပြီးလျှင် မေ့ပစ်လိုက်စရာတစ်ခု
ဖြစ်သည် ဟု ရှုမြင်ကြသည်။ ယင်းအမြင်သည် ကျောင်းသားဘဝကို ဖြတ်ကျော်သွားပြီး အလုပ်ခွင်ဝင်သည့်အခါနှင့် ကိုယ့်ဘဝအတွက်ကိုယ် ရုန်းကန်ကြသည်အထိ ဆက်လက်၍ ရှိနေကြသည်။ သူတို့ဘဝအတွက်
သင်္ချာကို အသုံးချရန် အကြောင်းမရှိတော့သဖြင့် သင်္ချာကို စိတ်ဝင်စားစရာ အကြောင်း မရှိတော့ပေ။

အချို့ကား သင်္ချာဟူသည် ပုစ္ဆာများကို အဖြေမရ ရအောင် တွက်ချက် ရသော ဘာသာရပ်တစ်ခုဟု မြင်သည်။ အတန်းကြီးသွားသောအခါ ပုံသေနည်းများ၊ သီအိုရမ်များ၊ သက်သေပြချက်များကို အလွတ်ကျက်မှတ်၍
စာမေးပွဲဖြေရသော ဘာသာရပ်တစ်ခုဟူ၍ မြင်ကြသည်။

ဤစာအုပ်သည် ဤအမြင်များကို ပြောင်းလဲအောင် မစွမ်းဆောင် သည့်တိုင်အောင် ဤဘာသာရပ်နှင့်ပတ်သက်၍ အခြားအမြင်တစ်မျိုး ရှိနိုင်ကြောင်း ကို နားလည်သဘောပေါက်စေမည်ဟု မျှော်လင့်ပါသည်။

သင်္ချာ ဟူသည်မှာ ကိန်းဂဏန်းများ ပေါင်းခြင်း၊ နုတ်ခြင်း၊ မြှောက်ခြင်း၊ စားခြင်း၊ ညီမျှခြင်းများ ရှင်းခြင်းတို့အပြင် အခြားစိတ်ဝင်စားစရာများရှိကြောင်းကို နားလည်သွားမည်ဆိုလျှင် ဤစာအုပ်၏ ရည်ရွယ်ချက်တစ်ခု အောင်မြင်ပါသည်။

ဤစာအုပ်တွင် အဓိကထား၍ ဖော်ပြထားသည်မှာ သင်္ချာဟူသည် အတွေးအခေါ်နည်းပညာစနစ်တစ်ခု ဖြစ်သည်ဟူသော အချက်ဖြစ်သည်။

သို့သော်လည်း သင်္ချာစတင်ဖြစ်ပေါ်လာစဉ်က အတွေးအခေါ် ပညာမဟုတ်ခဲ့ပါ။ လက်တွေ့အသုံးချရာတွင် တွက်ချက်သော နည်းစနစ်များက စတင်ခဲ့ပါသည်။ နောက်ပိုင်းတွင် တွက်ချက်နည်းများ၏ နောက်ကွယ်မှ အတွေးအခေါ် နည်းစနစ်များကို ရှေ့တန်းတင်သော သင်္ချာဟူ၍ ပေါ်ပေါက်လာပါသည်။

ထို့ကြောင့် စာအုပ်၏ ပထမပိုင်းတွင် သင်္ချာအတွေးအခေါ်သမိုင်းကို ဖော်ပြထားပါသည်။ နောက်ပိုင်းတွင် သင်္ချာနှင့်ပတ်သက်သော ကိုယ်တွေ့  အဖြစ်အပျက်၊ အတွေ့အကြုံများ၊ အတွေးအခေါ်များ၊ အမြင်များ စသည်တို့ ပါဝင်သည့် အတွေးအမြင် ဆောင်းပါးများကို ထည့်သွင်းထားပါသည်။

သင်္ချာနှင့် လူ့လောက ဆက်စပ်ပုံတို့ထဲတွင် လူအများ နေ့စဉ်တွေ့ နေသော အေဖိုးစက္ကူနှင့် ဗေဒင်ပညာတို့မှစ၍ သိပ္ပံပညာနှင့် ဒဿနပညာ ရှင်များ၏ စကြဝဠာ၏ အစနှင့်အဆုံးတို့နှင့် ပတ်သက်၍ ရှာဖွေပုံများတို့ကိုရေးသားထားပါသည်။

သင်္ချာသဘောတရားနှင့် အတွေးအခေါ်ဆိုင်ရာ ဆောင်းပါးများတွင် ဂိမ်းသီအိုရီ၊ အစုသီအိုရီ၊ ဂဏန်းမဲ့သင်္ချာ၊ သုညအကြောင်း၊ အဓိပ္ပာယ် သတ်မှတ်ချက်တို့ ပါဝင်သည်။

သင်္ချာဆောင်းပါးများဖြစ်သော်လည်း စာဖတ်သူအနေဖြင့် ဆယ်တန်း အဆင့် သင်္ချာလောက်ကိုသာ ကြားဖူးနားဝ ရှိရုံဖြင့် အားလုံးကို နားလည် နိုင်ပါသည်။

ကမ္ဘာသမိုင်း မိတ်ဆက်

သင်္ချာ၏သမိုင်းကို မပြောမီ ကမ္ဘာ့သမိုင်းနှင့်ပတ်သက်၍ ပိုင်းခြားထားပုံကို အနည်းငယ် ပြောလိုပါသည်။ ကမ္ဘာ့သမိုင်းကို အချိန်အားဖြင့် ဤကဲ့သို့ ပိုင်းခြားလေ့လာနိုင်ပါသည်။

(၁) သမိုင်းမတိုင်မီခေတ် Prehistoric Age, 600 BC

(၂) ရှေးခေတ် Ancient, 600 BC - 1000 AD

(၃) အလယ်ခေတ် Medieval 1000 AD - 1500 AD

(၄) ခေတ်သစ် Modern 1500 AD - 1950

(၅) မျက်မှောက်ခေတ် Present 1950 - ...

ဤအပိုင်းအခြားများကို သင်္ချာနည်းဖြင့် ဤသို့ ဖော်ပြနိုင်သည်။

မျဉ်းဖြောင့်တစ်ခုဆွဲ၍ အမှတ်တစ်ခုကို မှတ်ယူလိုက်ပါ။ ထိုအမှတ်ကို ခရစ်တော် သေဆုံးသောအချိန်ဟု မှတ်ပါ။ ထိုအမှတ်မှ နောက်ပြန်(ပုံတွင် ဘယ်ဘက်)သို့ ရေတွက်သွားလျှင် ဘီစီ (BC) ခရစ်နှစ်ကို ရသည်။ ဥပမာ ၅၀ဝ BC သည် ခရစ်တော် မသေဆုံးမီ နှစ်ပေါင်း ၅၀ဝ၊ ၁၀ဝ၀ BC သည် ခရစ်တော်မသေဆုံးမီ နှစ်ပေါင်း ၁,ဝ၀ဝ ကို ဆိုလိုသည်။ ထို့ကြောင့် ဘီစီခရစ်နှစ်သည် ဂဏန်းကြီးလေရှေးကျလေ ဖြစ်သည်။

ခရစ်တော် သေဆုံးပြီးနောက်ပိုင်းနှစ်များကို အေဒီ (AD) ခရစ်နှစ် ဟု ခေါ်သည်။ ထို့ကြောင့် ဂဏန်းငယ်လျှင် ပို၍ရှေးကျသည်။ ဥပမာ ခရစ်နှစ် ၁၅၀ဝ AD သည် ခရစ်နှစ် ၁၉၉၀ AD ထက် ရှေးကျသည်။

သို့သော် BC ခရစ်နှစ်အားလုံးသည် AD ခရစ်နှစ်ထက် ရှေးကျသည်။

ခရစ်နှစ်နှင့်ပတ်သက်၍ ခရစ်တော်သေဆုံးသောနှစ်ကို ခရစ်နှစ် သုညဟု ခေါ်မည်လော၊ ခရစ်နှစ်တစ်ဟု ခေါ်မည်လော ဟူသောကိစ္စကိုမူ သမိုင်းတွင်လည်းကောင်း၊ သင်္ချာတွင်လည်းကောင်း ထင်ထင်ရှားရှား ဖော်ညွှန်း ထားခြင်း မရှိပါ။

ခရစ်တော်မွေးဖွားသည့်အချိန်၊ သေဆုံးသည့်အချိန်တို့ကို ကိန်း ဂဏန်းဖြင့် တိတိကျကျ ဖော်ပြထားခြင်း မရှိပါ။ လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ပတ်ဝန်းကျင် ဟူ၍သာ မှတ်သားထားပါသည်။

ဥရောပတိုက်၏ သမိုင်းတွင် ခရစ်နှစ် ၅၀ဝ AD လောက်မှ ၁၄၀ဝ AD လောက်အထိကို အမှောင်လွှမ်းသောခေတ်ကြီး (Dark Age) ဟု သတ်မှတ်သည်။ ဤလောကသည် သင်္ချာအပါအဝင် အသိပညာ၊ အတတ်
ပညာများ ကွယ်ပျောက်ခဲ့သော ကာလဖြစ်သည်။ ဤအခေါ်အဝေါ်သတ်မှတ်ချက်သည် ဥရောပတိုက်နှင့် ဗြိတိသျှကျွန်းတို့အတွက်သာ မှန်ကန်ပါသည်။

ထိုအချိန်ကာလတွင် အာရှတိုက်နိုင်ငံများဖြစ်ကြသော အိန္ဒိယ၊ ဂျပန်၊ တရုတ် နိုင်ငံတို့တွင် ယဉ်ကျေးမှု၊ အနုပညာ၊ အသိပညာ၊ အတတ်ပညာများစွာ တိုးတက်လျက် ရှိပါသည်။

မာကိုပိုလို  သည် ခရစ်နှစ် ၁၂၇၀ AD လောက်က အရှေ့နိုင်ငံများသို့ ခရီးထွက်ခဲ့သောအခါ အာရှတိုက်နိုင်ငံများတွင် စက္ကူ လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်း၊ ကျောက်မီးသွေးမှ စွမ်းအင်ထုတ်သော အတတ်ပညာ တို့ကို ဥရောပတိုက်တွင် မကြားဖူးခင်ကပင် တိုးတက်နေကြောင်းကို တွေ့ခဲ့ကြောင်း သူ၏ မှတ်တမ်းများတွင် ရေးသားထားသည်။ ထိုအချိန်က မာကိုပိုလို ၏ ပြောကြားချက်များကိုပင် မည်သူကမှ မယုံကြချေ။

ခရစ်နှစ် ၁၄၀ဝ နောက်ပိုင်းကို ဥရောပတိုက်တွင် Renaissance (ပြန်လည်မွေးဖွားသောခေတ်) ဟု ခေါ်သည်။ [ပြန်လည်ဆန်းသစ်ရေးခေတ် ဟုလည်း အချို့က သုံးနှုန်းပါသည်။ အယ်ဒီတာ] ထိုအချိန်သည် အမှောင်လွှမ်းသောခေတ်အတွင်းက အသိပညာ၊ အတတ်ပညာများ မြုပ်နေရာမှ ပြန်လည်ထွန်းကားသော ခေတ် ဖြစ်သည်။ ယင်းသည် ဥရောပတိုက်အတွက် သာ မှန်ကန်ပါသည်။ မာကိုပိုလို၏ မှတ်တမ်းများအရ အာရှတိုက်တွင် အသိ ပညာ၊ အတတ်ပညာများသည် များစွာ စော၍ ထွန်းကားခဲ့ပြီး ဖြစ်သည်။

ပြန်လည်မွေးဖွားသောခေတ်နှင့်ပတ်သက်၍ ဥရောပတိုက်တွင် အယူအဆနှစ်မျိုး ရှိသည်။ အယူအဆတစ်မျိုးမှာ ဤခေတ်တွင် ခေတ်ဟောင်း စနစ်ဟောင်းက အလေ့အကျင့်များ ပျောက်ကွယ်စပြုပြီး ၎င်းတို့ကို အစားထိုး ပေးမည့် စနစ်သစ်မှာလည်း အခြေမခိုင်သေးသော ကြားကာလဖြစ်သည်။

အုပ်ချုပ်နေသော ဘုရင်များ၏ စိတ်ဓာတ်မှာလည်း လူဆိုးသူခိုးအဆင့်မျှသာ ရှိသည်။ တရားဥပဒေသည် လက်နက်အင်အားရှိသူများလက်ဝယ်တွင် ရှိသည် ဟူ၍ ဖြစ်သည်။

နောက်အယူအဆတစ်ခုမှာ ဤခေတ်သည် ဝိဇ္ဇာနှင့် သိပ္ပံပညာရပ်များ တိုးတက်ဖွံ့ဖြိုးပြီး တီထွင်မှုများစွာကို စတင်နိုင်သောခေတ် ဖြစ်သည်။ အနုပညာနယ်ပယ်တွင်  (လီယိုနာဒိုဒဗင်ချီ)၊ (မိုက်ကယ်အိန်ဂျလို)၊ သင်္ချာနယ်ပယ်တွင် Fermat (ဖားမက်)၊  Pascal (ပါစကယ်)၊ Descartes (ဒေးကား)၊ Galileo (ဂါလီလီယို)၊ Newton (နယူတန်)၊ ဆေးသိပ္ပံတွင် Harvey (ဟာဗေး)၊ လျှပ်စစ်ပညာတွင် Gilbert (ဂေးလဘတ်) တို့ကဲ့သို့သော ပုဂ္ဂိုလ်များ ထင်ရှားခဲ့သောခေတ် ဖြစ်သည်။

မျက်မှောက်ခေတ် ၁၉၅၀ ခုနှစ်နောက်ပိုင်းတွင် ကွန်ပျူတာနည်း ပညာများ တိုးတက်လာသည့်အတွက် လက်တွေ့နည်းပညာများက သင်္ချာ အတွေးအခေါ်များအပေါ်တွင် ဖုံးလွှမ်းလာသည်မှာ ယခုအထိ ဖြစ်သည်။