Breaking News

ဆောင်းယွန်းလ ● ရေရောသောက်မိတဲ့ အခါးဓါတ်

ဆောင်းယွန်းလ ● ရေရောသောက်မိတဲ့ အခါးဓါတ်
(မိုးမခ) ဇွန် ၁၅၊ ၂၀၁၉

အမြင်ပြောင်းကြည့်လိုက်ရင်
အကျည်းတန်တာတွေအားလုံးလည်း
လှပသွားကြမှာပါဘဲ
အဲဒီထက်ပိုပြီး
မျက်စိတွေစုံလုံးကန်းသွားခဲ့ရင်
သိပ်လှနေတာတွေကိုတောင် 
လှလွန်းတယ်လို့ပြောစရာမလိုတော့ဘူး
ဘာမှမဖြစ်သေးသမျှ
ဘာမှမဖြစ်တဲ့အကြောင်းကိုပြောပြောနေရတာဘဲ
ဘာမှမကြားရရင် အကောင်းဆုံးဖြစ်မယ်
ဘယ်မှမသွားဘဲနေမှ
အငြိမ်မနေနိုင်တဲ့လက်က စက်ခလုတ်ကိုဖြုတ်မိတယ်
ရုတ်ရုတ်သဲသဲ ဆူညံသံတွေလည်းမစဲတော့ဘူး
ကိုယ့်ကိုကိုယ်ပြန်ဆဲရမယ့်ကိန်းဘဲ
အထိမ်းမတတ်တဲ့ဇာတ်ထဲ
ဒီသံသရာရဲ့ဝဲက စုပ်ယူဆွဲအားကောင်းလွန်းတယ်
တွန်းကန်ဖို့အတွက်
မနက်ဖြန်ဆိုတဲ့ ဖိနပ်တရံကို
မရေရာမှုစင်အောက်ထဲကဆွဲထုတ်နေရတုန်းပါဘဲ။

ဆောင်းယွန်းလ