Breaking News

လှကျော်ဇော ● ပိုးလမ်းမသစ်စီမံကိန်းကြီးကပေးတဲ့သင်ခန်းစာများ - အပိုင်း (၆)

 လှကျော်ဇော ● ပိုးလမ်းမသစ်စီမံကိန်းကြီးကပေးတဲ့သင်ခန်းစာများ - အပိုင်း (၆)
(မိုးမခ) ဇွန် ၁၅၊ ၂၀၁၉
ဆိပ်ကမ်းကြီးအချို့နဲ့ “ကြွေးထောင်ချောက်” ပုံပြင်များ

ဆိပ်ကမ်းများတည်ဆောက်ရေးဟာ တရုတ်ရေကြောင်းလမ်းပိုးလမ်းမသစ်ရဲ့ အချက်အချာကျတဲ့ စီမံကိန်းရပ်များဖြစ်ပါ တယ်။ ဒီစီမံကိန်းကြီးရဲ့ အဓိကရည်မှန်းချက်ဟာ တရုတ်ပြည်ရဲ့ဆိပ်ကမ်းများနဲ့ ဥရောပအာဖရိကကမ်းရိုးတန်းများတ လျှောက် ဆက်သွယ်ရေးလမ်းကြောင်းများ ဖွင့်သွားရေးပါ။ တရုတ်ပြည်ရဲ့“အဓိကဆိပ်ကမ်း” ၁၅ ခု (ရှံဟဲဆိပ်ကမ်း၊ ထျန် ကျင်းဆိပ်ကမ်း၊ တာလျင်ဆိပ်ကမ်း စသဖြင့်) ကို တရုတ်အစိုးရက အလွန်ရည်မှန်းချက်ကြီးမားစွာနဲ့ (ငွေအရင်းအနှီးများစွာမြှုပ်နှံပြီး) တည်ဆောက်တာ အဆင့်မြှင့်တာတွေ တောက်လျှောက်လုပ်ဆောင်ခဲ့ပြီး တပြိုင်တည်းမှာလည်း နိုင်ငံတကာ မှာလည်း ဆိပ်ကမ်းတည်ဆောက်ရေးများအတွက် ရင်းနှီးမြှုပ်နှံဖို့အတွက် ရသမျှအခွင့်အရေးတွေကို အသုံးပြုခဲ့ပါတယ်။

ဒီလိုနဲ့ တရုတ်တွေဟာ ဥရောပတောင်ပိုင်းဝင်ပေါက်အဖြစ် ဂရိရဲ့ ပီးရဲ့စ်ဆိပ်ကမ်း၊ တရုတ်ပြည်ရဲ့အနောက်တောင်ပိုင်း ပင် လယ်ထွက်ပေါက်အနေနဲ့ ပါကစ္စတန်ရဲ့ ဂွာတာဆိပ်ကမ်း၊ ရေကြောင်းပိုးလမ်းမရဲ့အဓိကနေရာအဖြစ် သီရိလင်္ကာရဲ့ ဟမ် ဘမ်တိုတာဆိပ်ကမ်း စတာတွေတည်ဆောက်ခွင့် နှစ်ရှည်လုပ်ငန်းလည်ပတ်ခွင့်တွေ ရရှိခဲ့ပါတယ်။

ဒီအခါမှာတော့ အနောက်တိုင်းမီဒီယာတွေက ထိတ်လန့်တကြား တရုတ်ရဲ့ကိုလိုနီသစ်ဝါဒတို့ ကြွေးထောင်ချောက်ဆိုတာ တွေကို ပြောဆိုရေးသားလာကြပါတယ်။ ဒီပုံပြင်တွေရဲ့နောက်ကွယ်မှာ ဘာတွေရှိခဲ့သလဲ။ ကြည့်ရအောင်ပါ။

၁။ ဂရိနိုင်ငံက ပီးရဲစ့်ဆိပ်ကမ်း (Piraeus Port)
လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀၀၀) ကျော်ကတည်းက ဂရိယဉ်ကျေးမှုတွေကိုဖြန့်ဖြူးပေးခဲ့တဲ့ ဒီပီးရဲစ့်ဆိပ်ကမ်းလေးဟာ အခုအခါမှာ ကမ္ဘာအဆင့်မီဆိပ်ကမ်း အမှတ် (၃၆) အဖြစ် ပြန်လည်ခေတ်ထလာခဲ့ပါပြီ။


ဂရိနိုင်ငံအနေနဲ့ ဥရောပကြွေးမြီအကြပ်အတည်းကျရောက်ပြီး ဒေဝါလီခံရလုမတတ်ဖြစ်နေချိန် ဥရောပသမဂ္ဂရဲ့ ဖိအား အမျိုးမျိုးအောက်မှာ နိုင်ငံပိုင်လုပ်ငန်းတွေ ချရောင်းရပါတယ်။ တင်ဒါစနစ်နဲ့ ဆိပ်ကမ်းပိုင်ဆိုင်မှုအများစုကို တရုတ်နိုင်ငံပိုင် (COSCO) ရေကြောင်းလုပ်ငန်းကုမ္ပဏီကြီးက ဝယ်ယူလိုက်နိုင်ခဲ့ပါတယ်။ အစပိုင်းမှာ ဒေသခံတွေက တရုတ်ကိုရောင်းချပြီးဆိပ်ကမ်းလုပ်ငန်းဆိုင်ရာတွေကို လုပ်ကိုင်ခွင့်ပေးမှုအပေါ် အတော်မကျေမနပ်ဖြစ်ပြီး မိမိတို့အလုပ်အကိုင်တွေပျောက်ကုန်မှာစိုးပြီး တောက်လျှောက်ဆန့်ကျင်ဆန္ဒပြကြတာ ၁၁ လလောက်ရှိခဲ့ပါတယ်။

ဒါပေမဲ့ အကျဉ်းအကြပ်ထဲရောက်နေတဲ့ ဂရိအစိုးရအနေနဲ့ တရုတ်ကို ရောင်းချပေးလိုက်ရပါတယ်။

၂၀၀၈ ခုနှစ်ထဲကစလို့ ကော့စ်ကိုကုမ္ပဏီအနေနဲ့ ယရိုငွေသန်းပေါင်း (၆၀၀) ရင်းနှီးမတည်ပြီး အဲဒီဆိပ်ကမ်းကိုပြုပြင်ထိန်းသိမ်းအဆင့်မြှင့်လုပ်ဆောင်လာရာ ၂၀၂၁ မှာ စုစုပေါင်းရင်းနှီးမြှုပ်နှံငွေယရို (၁ ဘီလီယံ) ဖြစ်တော့မှာပါ။ အထူးသဖြင့် ၂၀၁၆ ပိုးလမ်းမသစ်စီမံကိန်းနဲ့ ဆက်စပ်လိုက်နိုင်မှုက ဆိပ်ကမ်းရဲ့ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြင့်လာ စေခဲ့ပါတယ်။ မြေထဲပင်လယ်ထဲရှိ ဆိပ်ကမ်းများအကြား အဆင့် (၁) ဖြစ်လာရေးအတွက် ရည်မှန်းထားတာပါ။ အရင်က အဆင့် ၁၀၀ လောက်ရှိခဲ့တဲ့ ပဲရီစ့်ဆိပ်ကမ်း ယခုအခါ ကမ္ဘာအဆင့် (၃၆) ကိုရောက်ရှိလာခဲ့ပြီး တရုတ်ကုန်စည်များ ဥရောပ ဈေးကွက်သို့သွင်းရာ အချက်အချာနေရာဖြစ်လာပါတော့တယ်။ ပထဝီအနေအထားအရလည်း အလွန်ကောင်း၊ စီးပွားရေးအလားအလာလည်းကောင်းတာကြောင့် ပိုးလမ်းမကြီးရဲ့ နဂါးခေါင်းကြီးလို့တောင်ခေါ်ဆိုလာကြပါပြီ။ ဒေသခံတွေအတွက် လစာဝင်ငွေမြင့်တဲ့ အလုပ်အကိုင်ပေါင်းထောင်နဲ့ချီ ပေါ်ထွက်လာနေပါပြီ။ တနှစ်ကို အဲဒီဆိပ်ကမ်းမှာ အတင်အချလုပ်တဲ့ ပေ (၂၀) ရှိကွန်တိန်နာပေါင်း (၆) သန်းရှိလာနေပြီလို့ ကြားရပါတယ်။ ဒါ့အပြင် တရုတ်ခရီးသွားတွေ (အထူးသဖြင့် အပျော်စီး သင်္ဘောနဲ့လာမယ့်သူများ) ကိုလည်း လာရောက်လည်ပတ်ဖို့ ဆွဲဆောင်တာတွေလည်း လုပ်ဆောင်နေကြပါပြီ။

၂။ ပါကစ္စတန်က ဂွာတာဆိပ်ကမ်း (Gwadar Port)
ပါကစ္စတန်အနောက်တောင်အရပ်ကပါရှားပင်လယ်ကွေ့ထိပ်ဝမှာရှိတဲ့ရှေးဆိပ်ကမ်းဟောင်းလေးဂွာတာကိုခေတ်မီရေနက်ဆိပ်ကမ်ကြီးအဖြစ်ရောက်လာအောင် တရုတ်နိုင်ငံပိုင်သင်္ဘောကုမွဏီများက ဦးစီးတည်ဆောက်ပြီး တရုတ်ကုမွဏီကပဲ လုပ်ငန်းတွေလည်ပတ်ရေး လုပ်ဆောင်နေကြပါတယ်။


တရုတ်အနေနဲ့ သူ့နိုင်ငံစီးပွားရေးအတွက် အလွန်လိုအပ်တဲ့ အရှေ့အလယ်ပိုင်းကရေနံတွေကို မလက်ကာရေလက်ကြားက သယ်ယူနေရတာပါ။ အခြေအနေအမျိုးမျိုးကြောင့် (ဥပမာ - ထိုင်ဝမ်ကိစ္စ) အမေရိကန်နဲ့ ဆက်ဆံရေးတင်းမာလာရင် ရေ တပ်အင်အားကြီးတဲ့ အမေရိကန်က မလက်ကာရေကြောင်းလမ်းကို ပိတ်ဆို့လိုက်နိုင်ပါတယ်။ ဒီအတွက် တရုတ်အဖို့ အရှေ့ အလယ်ပိုင်းကရေနံတွေသယ်ဆောင်ဖို့ ပင်လယ်ထွက်ပေါက်နောက်တခုအဖြစ် ဂွါတာဆိပ်ကမ်းကို ၁၉၉၀ ခုနှစ်များက တည်းက စပြီးတည်ဆောက်နေတာပါ။

၂၀၁၅ ပိုးလမ်းမသစ်စီမံကိန်းထွက်လာတော့ တရုတ် - ပါကစ္စတန်စြင်္ကန်လမ်း (China Pakistan Economic Corridor. C-PEC) နဲ့ ဂွာတာဆိပ်ကမ်းကို ဆက်စပ်လိုက်နိုင်ပါတယ်။ တရုတ်ပြည် စင်ကျန်းကက်ရှ်ကာမြို့နဲ့ ပါကစ္စတန်က ဂွာတာ ဆက်စပ်လိုက်နိုင်မှုက တရုတ်အတွက် အာဖရိကနဲ့ အရှေ့အလယ်ပိုင်းက ရေနံနဲ့ ဓာတ်ငွေ့သယ်ယူရာခရီးလမ်းကို အများ ကြီးတိုသွားစေခဲ့ပါတယ်။ အကုန်အကျလည်း သက်သာသွားစေခဲ့ပါတယ်။ ဒါ့အပြင် ဒီဆိပ်ကမ်းရဲ့ပထဝီအနေအထားအရကုန်းပိတ်နိုင်ငံများဖြစ်တဲ့ ဗဟိုအာရှနိုင်ငံများအတွက်လည်း ပင်လယ်ထွက်ပေါက်အဖြစ် အသုံးပြုနိုင်တဲ့အတွက် ပါကစ္စတန် နိုင်ငံအတွက်လည်း အတော်အကျိုးရှိလိုက်ပါတယ်။ အီရန်နဲ့ရော အိုမင်နဲ့ရော နီးကပ်နေမှုကလည်း ပိုအဆင်ပြေစေပါတယ်။
၂၀၁၆ ခုမှာတော့ တရုတ်ကို ၄၃ နှစ်လုပ်ကိုင်ခွင့်ချပေးလိုက်ပြီး ၂၀၁၅ ခုနှစ်ကတည်းကစလို့ တရုတ်က သူရဲ့အကြွေးကို အတိုးမဲ့ချေးငွေအဖြစ် ပြောင်းလဲသတ်မှတ်ပေးလိုက်ပါတယ်။ ဒါ့အပြင် တရုတ် - ပါကစ္စတန် စီးပွားရေးစြင်္ကန်လမ်းစီမံကိန်းနဲ့ ဆက်စပ်လိုက်ပြီးနောက် တရုတ်က ထပ်မံရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၄၆) ဘီလီယံထပ်ထည့်ပြီး အထူးစီးပွားရေးဇုံ နယ်အဖြစ် ဘက်စုံကတည်ဆောက်နေပါပြီ။ စက်ရုံတွေ၊ ကုန်လှောင်ရုံတွေ၊ လမ်းတွေ၊ စွမ်းအင်စီမံကိန်းတွေ၊ စတာတွေပါ ဝင်ပါတယ်။ ဒီစီမံကိန်းတွေဟာ ပါကစ္စတန်အစိုးရရဲ့“ပါကစ္စတန် ၂၀၂၅ အမြင်” ဆိုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရေရှည်စီမံကိန်းကြီးနဲ့လည်း ဆက်စပ်ထားတာဖြစ်လို့ စွမ်းအင်ဆိုင်ရာ စီမံကိန်းအမျိုးမျိုး (ကျောက်မီး၊ သွေးရေအား၊ လေ အား နေစွမ်းအင် အနုမြူ စတာတွေကို) အတတ်နိုင်ဆုံးပတ်ဝန်းကျင်ထိခိုက်မှုနည်းစေတဲ့ နည်းပညာများနဲ့ လုပ်ဆောင် နေပါတယ်။ ဒီလိုနည်းနဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့များရဲ့ နှောင့်ယှက်မှုအမျိုးမျိုးကြောင့် ကျဆင်းနိုင်ငံဖြစ်နေတဲ့ ပါ ကစ္စတန်နိုင်ငံကို ဆင်းရဲမှုနွံတွင်းက ဆွဲတင်နိုင်ခဲ့ပါတယ်။

ဒီအတွက် တရုတ်နိုင်ငံအနေနဲ့ကလည်း ပေးဆပ်ရမှုတွေရှိပါတယ်။ အကြမ်းဖက်အုပ်စုများရဲ့ပစ်မှတ်ထား လုပ်ကြံမှုကြောင့် တရုတ်လုပ်သားများ (ပညာရှင်အချို့တောင် ပါပါတယ်။) ဆယ်ဂဏန်းအထက် အသက်ပေးလိုက်ရပါတယ်။ အခုအထိ လည်း တရုတ်လုပ်သားများ လုပ်ငန်းဌာနများကို လုံခြုံရေးအစောင့်အထပ်ထပ်ချထားရတာပါ။

ပါကစ္စတန်အစိုးရအပြောင်းအလဲဖြစ်တော့ အနောက်တိုင်းမီဒီယာများကတရုတ်နဲ့ ဆက်ဆံရေးတွေအပြောင်းအလဲဖြစ်နိုင် တယ်ဆိုတဲ့ထင်ကြေးတွေပေးခဲ့ပေမယ့် အခုတက်လာတဲ့ဝန်ကြီးချုပ်သစ်ကလည်း တရုတ်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိ တာဟာ သူ့နိုင်ငံအတွက်အကျိုးရှိတယ်လို့ဆိုပြီး ဒုတိယအကြိမ် ပိုးလမ်းမဖိုရမ်တက်ရောက်လာခဲ့ပါတယ်။

၃။ သိရိလင်္ကာနိုင်ငံမှ ဟမ်ဘမ်တိုတာဆိပ်ကမ်း (Hanbamtota Port)
သီရိလင်္ကာကျွန်းနိုင်ငံလေးရဲ့တောင်ဖျားလေးနားက ဟမ်ဘမ်တိုတာဆိုတဲ့ တံငါရွာလေးဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အထိဆင်းရဲနွမ်းပါးလှပြီး ဘယ်သူမှလည်း ဂရုမစိုက်မိပါဘူး။ ဒါပေမဲ့ အာရှဥရောပကုန်သွယ်ရေးရေကြောင်းလမ်းကြီးနဲ့ ရေမိုင် (၁၀) အဝေးမှာပဲရှိတာကြောင့် ပထဝီအနေအထားအရအရေးကြီးပါတယ်။ ဒါ့ကြောင့် သီရိလင်္ကာအစိုးရအဆက်ဆက် ဒီနေ ရာမှာ ဆိပ်ကမ်းတည်ဆောက်ဖို့ အမျိုးမျိုးကြိုးစားလုပ်ဆောင်ပါတယ်။ ရင်းနှီးမြှုပ်နှံရေးအတွက် အမေရိကန် - ဥရောပ -  အိန္ဒိယတို့ဆီ အရင်ချဉ်းကပ်ပေမယ့် နောက်ဆုံး ရတဲ့ တရုတ်ဆီကပဲ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံချေးယူပြီး တည် ဆောက်ခဲ့ပါတယ်။


၂၀၁၆ ခုနှစ် ဆိပ်ကမ်းကိုစတင်လည်ပတ်ရာမှာ လုပ်ငန်းမကျွမ်းကျင်မှုကြောင့် အရှုံးပေါ်ခဲ့ပါတယ်။ ဒီတော့ အစိုးရက ဆိပ်ကမ်းရဲ့ရှယ်ယာအများစုကို တရုတ်နိုင်ငံပိုင်ကုမွဏီကိုလွှဲပေးလိုက်ပြီး အပြန်အလှန်အားဖြင့် ဆိပ်ကမ်းလည်ပတ်ခွင့်ကို (တရုတ်ကုမွဏီနဲ့ သီရိလင်္ကာအစိုးရတို့ ပူးတွဲထားတဲ့ကုမွဏီ) ၉၉ နှစ်ပေးလိုက်ရပါတယ်။

ဒီမှာတင် တရုတ်ရဲ့ကြွေးထောင်ချောက်ဇာတ်လမ်းတွေ သတင်းမီဒီယာများမှာပေါ်ထွက်လာပါတော့တယ်။ ဒီတော့ တရုတ် မီဒီယာတွေကလည်း ချေပချက်တွေ ရှင်းလင်းချက်တွေ ကာယကံရှင်နိုင်ငံများက (ဥပမာ - သံအမတ်များ၊ ကုမွဏီတာဝန်ခံ များ) တွေ့ဆုံမေးမြန်းခန်းများပြုလုပ်ထားတာတွေ ဖော်ပြလာကြပါတယ်။

ဟမ်ဘမ်တိုတာဆိပ်ကမ်းနဲ့ပတ်သက်ပြီး ပီကင်းရှိ သီရိလင်္ကာသံအမတ်ကြီးနဲ့ ပေကျင်းရီဗျူးသတင်းထောက်နဲ့ တွေ့ဆုံ မေးမြန်းခန်းက အချက်အချို့ကို ကြည့်ရအောင်ပါ။

------ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံခြားကြွေးမြီများဟာ သမိုင်းဆိုင်ရာပြဿနာပါ။ အခုမှပေါ်လာတာမဟုတ်ပါဘူး။ လွတ်လပ် ရေးရချိန်ကစလို့ နိုင်ငံခြားကြွေးတင်တာတွေရှိပါတယ်။ ဒီအထဲက တရုတ်အကြွေးဟာ ၁၀ ရာခိုင်နှုံးပဲရှိပါတယ်။ တခါ အဲဒီအကြွေးထဲက ၆၀ ရာခိုင်နှုံးဟာ အတိုးမဲ့ချေးငွေများပါ။------

------- တရုတ်ဆီက ကျွန်တော်တို့ယူသမျှကြွေးမြီတိုင်း တပြားတချပ်ကအစ ကျွန်တော်တို့ရဲ့တောင်းဆိုမှုကြောင့်ပါ။ ဘယ် သူ့ဖိအားမှမပါပါဘူး။ ------

------ ဆိပ်ကမ်းလုပ်ဆောင်ခွင့် (၉၉) နှစ်ခွင့်ပြုလိုက်တယ်ဆိုတာကလည်း နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့စီးပွားရေးအစီအစဉ် တခုပါ။ တရုတ်ကုမွဏီ (China Merchants Port Holdings) က (၇၀) ရာခိုင်နှုံးနဲ့ ၃၀ ရာခိုင်နှုံးက သီရိလင်္ကာဆိပ်ကမ်းအာဏာပိုင်များနဲ့ ပူးတွဲကုမွဏီ (Joint Venture) ကို ငှားရမ်းပေးလိုက်တာပါ။ သီရိလင်္ကာအစိုးရက တရုတ်ရှယ်ယာများကို ထပ်ဝယ်ချင်ရင် တရုတ်ကုမွဏီနဲ့ ဆက်ဆွေးနွေးနိုင်ပါတယ်။ -----

----- တရုတ်နိုင်ငံဟာ ကမ္ဘာဒုတိယအကြီးဆုံးစီးပွားရေးကြီးဖြစ်တာကြောင့် တရုတ်ရေကြောင်းလိုင်းဟာလည်း အလွန်များ ပြားလာနေပါတယ်။ ဒါကြောင့် တရုတ်သင်္ဘောကုမွဏီတခုနဲ့ ပူးပေါင်းလုပ်ဆောင်ရင် တရုတ်သင်္ဘောအများအပြား ကျွန် တော်တို့ဆိပ်ကမ်းကို ကပ်လာနိုင်ပါတယ်။ ဝန်ဆောင်လုပ်ငန်းတွေကောင်းကောင်းလုပ်လာနိုင်ရင် ကျွန်တော်တို့အတွက် ဝင်ငွေတွေပိုမိုဝင်လာပြီး ကြွေးတွေလည်းဆပ်နိုင်လာမှာပါ။ အလုပ်အကိုင်တွေလည်း အများအပြားပေါ်ထွက်လာနိုင်ပါ တယ်။ ၂၀၁၈ ကစလို့ ဆိပ်ကမ်းကဝင်ငွေဟာ အတော်တိုးတက်လာနေပါပြီ။ ------

------ တခြားစီမံကိန်းများမှာလည်း တရုတ်က အဆက်မပြတ်ရင်းနှီးမြှုပ်နှံနေပါတယ်။ ကိုလံဘိုဆိပ်ကမ်းကုန်သွယ်ရေး အထူးဇုံမြို့တော်တိုးချဲ့တည်ဆောက်ရေး အဝေးပြေးလမ်းမအတော်စုံပါတယ်။ -----

------ တရုတ်ခရီးသွားများလာအောင်လည်း ကြိုးစားနေပါတယ်။ ၂၀၁၈ မှာ တရုတ်ခရီးသွား ၂ သန်းကျော်လာခဲ့ပါတယ်။ ၂၀၂၅ မှာ ၅ သန်းဖြစ်လာအောင် ရည်မှန်းထားပါတယ်။ -------
------- ပိုးလမ်းမစီမံကိန်းသစ်နဲ့ ဆက်စပ်လိုက်နိုင်မှုက ကျွန်တော်တို့နိုင်ငံရဲ့မြေအနေအထားရှုခင်းကြီးတခုလုံး ပြောင်းလဲ သွားစေခဲ့ပါတယ်။ ဒါတွေဟာ ကျွန်တော်တို့တနိုင်ငံတည်းအတွက်သာမက ဒေသတခုလုံးအတွက်ပါ အကျိုးရှိစေပါတယ်။ ------- (ကိုးကား။ Beijing Review.18-4-2019-pg22 The view from Sri Lanka)

ဒါတွေကတော့ ပိုးလမ်းမသစ်စီမံကိန်းကြီးထဲက ဆိပ်ကမ်းအချို့ရဲ့အဖြစ်အပျက်တွေကို တစေ့တစောင်းတွေ့ရှိနိုင်တဲ့ အ ကြောင်းအရာတွေဖြစ်ပါတယ်။

ဒါ့အပြင် တရုတ်ရဲ့ရေကြောင်းပိုးလမ်းမတလျှောက်တွေ့နိုင်တဲ့ဆိပ်ကမ်းများကိုလည်း ကြည့်ရအောင်ပါ။ တရုတ်ကုမွဏီများ ဟာ ၂၀၀၄ ခုနှစ်ကစလို့ နိုင်ငံပေါင်း (၃၀) ကျော်မှာ ဆိပ်ကမ်းပေါင်း (၅၀) ကျော်တည်ဆောက်နေပါတယ်။ (ဒီအထဲမှာ ဗမာ ပြည် ကကျောက်ဖြူရေနက်ဆိပ်ကမ်းတို့၊ ထားဝယ်ဆိပ်ကမ်း (ဂျပန်နဲ့ထိုင်းတို့ပါပါဝင်) တို့လည်း ပါဝင်ပါတယ်။) ဒါ့အပြင် တရုတ်နိုင်ငံအနေနဲ့ နိုင်ငံပေါင်း (၂၀၀) ကျော်က ဆိပ်ကမ်းပေါင်း (၆၀၀) ကျော်နဲ့ ရေကြောင်းလမ်းဆက်သွယ်ထားပါတယ်။
ဒါတွေက တရုတ်ရဲ့ရေကြောင်းပိုးလမ်းမစီမံကိန်းအောင်မြင်မှုရနေတာကို ပြသနေပါတယ်။

ဘာကြောင့် ကြွေးထောင်ချောက်တို့ကိုလိုနီဝါဒသစ်တို့ဆိုတဲ့ ချောက်လုံးလှန့်လုံးတွေအောက်မှာ ဒီလောက်အောင်မြင်လာ ရတာလဲ။ အပိုင်း (၇) မှာ တင်ပြပါ့မယ်။

လှကျော်ဇော
၁၃-၆-၂၀၁၉။

မှတ်ချက် ။www.cgtn.com မှာတင်ထားတဲ့ဆောင်းပါးများမှ အချက်အလက်များရယူပါတယ်။