တင်တင်မာ(ဒဂုန်) - ချစ်လှစွာသော မေမေ (ဒုတိယကမ္ဘာစစ် အတွင်းမှ မှတ်မှတ်ရရ ပေးစာတစောင်)
တင်တင်မာ(ဒဂုန်) - ချစ်လှစွာသော မေမေ (ဒုတိယကမ္ဘာစစ် အတွင်းမှ မှတ်မှတ်ရရ ပေးစာတစောင်)
(မိုးမခ) ဇန်နဝါရီ ၁၁ ၊ ၂၀၂၅
စက်တင်ဘာလ ၁၃ ရက်၊ ၁၉၄၀
ချစ်လှစွာသော မေမေ
ဒီမနက်ခင်း ဘာကင်ဟမ် နန်းတော် (Buckingham Palace)ကို ကြဲချသွားတဲ့ ဗုံးဒဏ်ဟာ ဘယ်နှယ့်လောက်များ ပြင်းထန်သလဲဆိုတာ စပြီး ဆိုဖွယ်ရာ စကားတောင် မရှိတော့ပါဘူး မေမေရယ်။
သမီးနဲ့ ဘာဒီ (King George VI) တို့ မနက် ဆယ့်တစ်နာရီ မတ်တင်း ဝန်းကျင်မှာ နန်းတော်ထဲကို ပြန်ရောက်ကြပြီး ကျွန်မကတော့ သနားစဖွယ် ပြတင်းပေါက်ကလေးတွေ မရှိရှာတော့တဲ့ အခန်းလေးတွေ ဆီကို ဟိုဟိုဒီဒီ တိုလီမိုလီလေးတွေ ယူဖို့ တက်သွားခဲ့ပါတယ်။
သမီး မေမေ့ကို မဖြစ်မနေ ပြောရမှာတော့ လေကြောင်းသတိပေးသံကို ကြားလိုက်ရပြီးသကာလ သမီးက ဘာဒီ အခန်းမျက်နှာချင်းဆိုင်မှာ ရှိတဲ့ အခန်းငယ်လေးဆီ အကယ်၍ သူ ခဏအနားယူဖို့များ ဆင်းလာသလား သိချင်လို့ ဝင်သွားတာပါ။ သူက သမီးကို မျက်တောင်မွေး စူးနေလို့ အထုတ်ခိုင်းပါရော။ အဲဒီမျက်တောင်မွေးနဲ့ အလုပ်ရှုပ်နေတုန်းမှာပဲ အဲလက်က စာရွက်တွေ တထပ်ကြီး ပိုက်ပြီး အခန်းထဲ ဝင်လာပါတယ်။
အဲဒီအတောအတွင်းမှာပဲ ဂျာမန်လေယာဉ်တစ်စင်း ဖြတ်ပျံသွားတဲ့ “ဝါ ဝါ”ဆိုတဲ့ အသံနက်ကြီးကို မမှားနိုင်အောင် နားနဲ့ဆတ်ဆတ် ကြားလိုက်ပါတယ်။ ကျွန်မတို့မှာလည်း ရုတ်တရက် နှုတ်က “ဟေ ဂျာမန်တွေပဲ” တို့ တစ်ခွန်း ထွက်သွားရတာလွဲလို့ ဘာမှ မပြောလိုက်နိုင်ပါဘူး။ အထက်က ပြောတဲ့ ဂျာမန်လေယာဉ်ဟာ အရှိန်ပြင်းပြင်းနဲ့ တဟုန်ထိုး မောင်းနှင်းထိုးဆင်းသွားတဲ့ အသံနှင့်အတူ ဗုံးတစ်လုံး ပေါက်ကွဲသံကြီးကို နားနဲ့ မဆံ့အောင် ကြားလိုက်ရပါတယ်။
ဖြစ်ပျက်ပုံက အင်မတန် မြန်ဆန်လွန်းအားကြီးတော့ တစ်ယောက်မျက်နှာ တစ်ယောက် ကြောင်တောင်ကြီး ကြည့်နေမိရုံက လွဲလို့ ဘာမှ လုပ်ချိန် ပြေးချိန် မရလိုက်ပါဘူး။ အင်မတန် ကျယ်လောင်တဲ့ ဆူညံ ပေါက်ကွဲသံကြီးဟာ အနားက ဖြတ်သွားပြီး လေးထောင့်ပုံစံ မြေကွက်မှာ တခဲနက် ယမ်းပုံမီးကျသလို မခံမရပ်နိုင်အောင် ပေါက်ကွဲသွားတာပါပဲ။
သမီးတော့ဖြင့်လေ မြေပြင်ကနေ ဝေဟင်ကို တလိမ့်လိမ့် တက်နေတဲ့ မီးခိုးလုံးကြီး မြင်လိုက်ရပြီး သကာလ ကော်ရစ်ဒါမှာ လျှပ်ပြက်သလိုဘဲ သမီးတို့တသိုက်မှာတော့ ဟိုပြေး ဒီပြေးနဲ့ ဗျာများနေကြပါရော။ နောက်တကြိမ် တခဲနက် ပေါက်ကွဲမှုလည်း ဖြစ်ရော ကျွန်မတို့တသိုက်ရယ်၊ အပြင်မှာရှိတဲ့ အမှုတော်ထမ်း သူငယ်နှစ်ယောက်တို့ရယ် လှေကား အတက်အဆင်းနဲ့ အလှမ်းဝေးတဲ့ ကော်ရစ်ဒါမှာ ခဏတော့ ခိုနေကြရသေးတယ်။ အကြောင်းကတော့ ဖန်စဖန်သားတွေ လေထဲမှာ လွင့်မျောနေလို့ပါပဲ။
အဲဒီလို အင်မတန် ကြီးမားတဲ့ အန္တရာယ် ကျရောက်နေချိန်မှာ စိတ်ထဲမှာ ရုတ်တရက်ဆိုသလို ဖတ်ခနဲ ပေါ်ပေါက်လာတဲ့ အကြံကတော့ ပြတင်းပေါက်တွေဆီက ဝေးဝေးရှောင်ဖို့ အရေးတကြီး သတိပေး တိုက်တွန်းချင်မိလိုက်တာက စိတ်ဝင်စားစရာပါပဲ။
အံ့အားသင့်လောက်အောင် အိမ်ရှိ လူတိုင်းဟာ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ကိုယ်လုပ်စရာရှိတာတွေကို ဆက်လုပ်နေကြပါတယ်။ သမီးက အောက်ထပ်ကို ဆင်းသွားရင်း တပါတည်း အိမ်စေမိန်းကလေးတွေ အဆင်ပြေကြရဲ့လား သိချင်တော့ ကြည့်လိုက်တော့ သူတို့မှာလည်း သူတို့အလုပ်နဲ့ ဗျာများနေကို တွေ့ရတာပါပဲ။ များမကြာမီမှာပဲ ဒဏ်ရာအတွက် ပတ်တီးလေးများ စည်းပေးကြပါဦးလို့ အော်သံကြားလိုက်တော့ တစ်နှစ်လောက် အချိန်ယူ လေ့ကျင့်ပေးထားတဲ့ ပထမဆေးအကူအဖွဲ့က ရောက်ချလာပြီး သနားစဖွယ် ဒဏ်ရာရနေတဲ့ လူ သုံးယောက်ကို အေးအေးဆေးဆေး မှန်မှန်ကန်ကန်နဲ့ ကုသပေးလိုက်ကြပါတယ်။
ဘုရားရှိခိုး ဝတ်ပြုတဲ့ ကျောင်းဆောင်အောက်မှာ အလုပ်လုပ်နေကြတဲ့ သနားစဖွယ် လူတွေခမျာလည်း ဘယ်လိုလုပ်ပြီး အန္တရာယ်ကြားထဲမှာ အသက်ရှင် လွတ်မြောက်လာလေသလဲ သမီး မသိလိုက်ပါဘူး။ သူတို့ရဲ့ အလုပ်ရုံကတော့ ကြမ်းပြင်ကြားကနေ ဗုံးထိမှန်ထားတော့ ဖရိုဖရဲ ဖြစ်ရှာနေတာပေါ့။
ပေါက်ကွဲမှုတွေ ဖြစ်ပြီးတော့ သမီးရဲ့ ဒူးနှစ်ချောင်းက နည်းနည်းတော့ တုန်တုန်ယင်ယင် နေသေးတယ်။ ဒါကလည်း တစ်မိနစ်၊ နှစ်မိနစ်လောက်ပါပဲ။ သို့ပေမဲ့ သမီးတို့နှစ်ယောက် အနည်းငယ် ပင်ပန်းသွားတာကလွဲပြီး နေလို့ ထိုင်လို့ ကောင်းသွားပါပြီ။
အိမ်စေများရဲ့ ပြုမူပုံတွေကို ပြန်တွေးမိရင် သမီးရင်ထဲမှာ ကျေနပ်ရပါတယ်။ သူတို့ဟာ အတော်လေး သတ္တိရှိကြတယ်ပဲ ဆိုရမှာပါပဲ။ သမီး မီးဖိုချောင်ထဲကို ဝင်သွားရော မေမေလည်း မှတ်မိလောက်မှာပါ ဖန်ထည်တွေနဲ ဆောက်ထားတဲ့ အမိုးလေးလေ။
မီးဖိုထဲမှာ စားဖိုမှူးကြီး ဟိုလုပ် ဒီလုပ်နဲ့ ပျားပန်းခတ် အလုပ်များနေတာကို တွေ့တော့ “ရှင် အဆင်ပြေရဲ့လား” လို့ မေးတော့ သူကလေ စိတ်မာန်တက်ကြွတဲ့ အသံလေးနဲ့၊ နားရွက်တက် ချိတ်လောက်တဲ့ အပြုံးနဲ့ ပြင်သစ်လို ပြန်ဖြေပါတယ်။ အင်္ဂလိပ်လို ဘာသာပြန်ရင်တော့ ဘုရားဝတ်ပြုတဲ့ ကျောင်းဆောင်ရဲ့ နံဘေးက ဗုံးလို့ အဓိပ္ပာယ်ရပါတယ်။
လူဟာ လုံးလုံးကို မတုန်လှုပ်တဲ့ အပြင် သူက ကျေကျေနပ်နပ်နဲ့ ဒီလိုဖြေပါသေးတယ်။ ပြင်သစ်ဟာ ပြန်လည် နိုးထလာဦးမှာပဲလို့ မုချယုံကြည်ထားတယ် ဆိုပဲ။
ကျွန်မတို့လည်း ကိုယ့်အခန်းထဲမှာပဲ နေ့လယ်စာကို စားကြရတယ်။
ကံကောင်းထောက်မပေလို့ မွန်းလွဲ တစ်နာရီခွဲမှာ လေကြောင်းရန် ကင်းရှင်းသံကို ကြားလိုက်ရတာကြောင့် ကျွန်မတို့တတွေလည်း အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်ဘက်ကို ထွက်လာခဲ့ကြတယ်။ အပျက်အစီးတွေကတော့ ကြောက်ခမန်းလိလိပါပဲ။
ကျွန်မတို့မှာ လူသူကင်းမဲ့နေတဲ့ လမ်းကျဉ်းကလေးကို လျှောက်နေတဲ့အခါမှာ မြို့ပျက် မြို့ဟောင်းကြီးမှာ လမ်းလျှောက်နေရတဲ့ပမာ ခံစားရပါတယ်။
အိမ်တွေအားလုံးဟာ ဗလာနတ္ထိ ဖြစ်ကျန်ရစ်ပေမယ့် ကျိုးပဲ့အက်ကွဲနေရှာတဲ့ ပြတင်းပေါက်တွေကနေတဆင့် သူတို့ ပစ္စည်းပစ္စယလေးတွေ၊ ဓာတ်ပုံတွေ၊ အိပ်ရာတွေကို ကြည့်ပြီး သူတို့ ထားခဲ့တဲ့အတိုင်းပါပဲလားလို့ မြင်နေရပါတယ်။
လမ်းထိပ်မှာတော့ ဗုံးဒဏ်ကြောင့် ပြိုကျပျက်စီးနေတဲ့ ကျောင်းကလေးကို အပေါ်ဆုံးထပ်မှာ လူ ငါးရာလောက် အကူအညီတွေ လိုအပ်နေတာကို တွေ့ရပါတယ်။ လူနှစ်ဆယ်ကတော့ အပြင်းအထန် ဒဏ်ရာရထားကြပါတယ်။
သမီးလေ ဒီလို မနှစ်မြို့စရာ ပျက်စီးခြင်း အနိဋ္ဌာရုံတွေ မြင်ရတာ သမီးရင်ထဲမှာ စိတ်နှလုံး မသာမယာ ဖြစ်ရပါတယ်။ သမီးကို ဗုံးထိမှန်တာထက်တောင် ပိုပြီး စိတ်နှလုံးထိခိုက်နာကျင်ရပါတယ်။
လူတွေဟာ အခြေအနေကို အရှုံးမပေးဘဲ ကြံ့ကြံ့ခံနိုင်ကြပါတယ်။ ဘဝဟာ ဒီလောက်ထိ ဆိုးရွားလိမ့်မယ်လို့ ဘယ်သူမှ တွေးထင်မိမှာ မဟုတ်ဘူး။ အဆုံးသတ်မှာ သမီးတို့သာ မုချအောင်နိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ် မေမေ။
ချစ်လှစွာသော မေမေ၊ သမီးတော့ မေမေ့ဆီကို တစ်ရက် နှစ်ရက်လောက် လာနေခွင့်ပြုဖို့ မျှော်လင့်ပါတယ်။ ဟောဒီ ကမ္ဘာစစ်ကြီးဟာ မိသားစုတွေကို ကွေကွင်းစေခဲ့သလို သမီးတို့တွေ တကွဲတပြားစီ နေနေရတာလည်း စိတ်မကောင်းစရာပါပဲ။
အချစ်များစွာနဲ့ အမြဲချစ်ခင်ရသောမေမေ့ရဲ့ ဘေးကင်းလုံခြုံရေးကို ဆုတောင်းလျက်ပါ။
မေမေရဲ့ ချစ်စဖွယ် ချွေးမလေး
အဲလစ်စဘက်
စာကြွင်း။ ။ မြတ်နိုးတန်ဖိုးထားရတဲ့ သက်တမ်းကြာညောင်းနေပြီဖြစ်တဲ့ ဘာကင်ဟမ်နန်းတော်ဟာ အခုထိ တည်နေဆဲပါပဲ။ ပြီးတော့ ဒါဟာလည်း အဓိကအကျဆုံးပါပဲ။
ဘာသာပြန်ရေးသားသူ- တင်တင်မာ(ဒဂုန်)
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar