Breaking News

ကိုစိမ်းလန်း (သုံးခွ) ● ချစ်တတ်သူများ

ကိုစိမ်းလန်း (သုံးခွ) ● ချစ်တတ်သူများ
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၉

သူတို့တွေ အချစ်ကြီးကြတယ်
သူတို့ခန္ဓာ ဝဖီးလာတယ်
အဆီအနှစ်တွေ ခမ်းခြောက်လို့
မြက်ပင်ဘဲပေါက်တဲ့မြေလွှာ
အောက်ခြေမှာ ဗရုတ်သုတ်ခ...

ကောင်းကင်ကိုမျှော်ကြည့်လိုက်တိုင်း  
တိမ်တွေလှိုင်းထ.. လေထုက မငြိမ်သက်
မုန်တိုင်းက ရက်စက်ဦးမှာလား...
လက်ခုပ်သံတွေ တညံညံ
သြဘာပေးတာလား.. တောထုတ်တာလား
အရိုးခံသမားတွေ ဝေဝေဝါးဝါး...

အသံစာစာနဲ့
ကမ္ဘာမြေစိမ်းလန်းဘို့တဲ့
ဆောင်ပုဒ်တွေသစ်လွင်
တနှစ်တခါ ဆေးသုတ်နေကြ
သရုပ်ပြအလုပ်ဆိုတာ
သရုပ်ဆောင်မှ တတ်တာမဟုတ်...

ကမ္ဘာကြီးဟာ
ရွာကြီးတရွာပါဆိုပြီး
အညာကြီးညာနေကြ
ကမ္ဘာပိနေတဲ့လူတစု
လက်သီး လက်မောင်းတန်း
နှုတ်ထွက်လေသရမ်းတုန်း...

ငါ့မှာ ငေးကြည့်ရတာအမော
ကိုယ်ရပ်တဲ့ကမ်းခြေမှာ
စိုးရိမ်စိတ်နဲ့
ကိုယ့်ခြေထောက်ကိုငုံ့ကြည့်ရင်း
တအိအိပဲ့ကြွေသွားမှာစိုးခဲ့
ငါချစ်တဲ့မြေကမ္ဘာ ခိုင်မာပါစေ..။

ကိုစိမ်းလန်း (သုံးခွ)