နန္ဒအောင် - ဖဦးထုပ်၊ ဘကုန်းနဲ့ ရောက်တတ်ရာရာ
နန္ဒအောင် - ဖဦးထုပ်၊ ဘကုန်းနဲ့ ရောက်တတ်ရာရာ
မိုးမခ ၊ နိုဝင်ဘာ ၄ ၊ ၂၀၂၆
လက်ဖက်ရည်ဆိုင်မှာ ကျွန်တော့်မိတ်ဆွေတွေနဲ့ ဆုံကြရင်း ရောက်တတ်ရာရာတွေ ပြောနေကြတယ်။ အငြင်းသန်တဲ့ မိတ်ဆွေနှစ်ယောက်က အာပေါင်အာရင်း သန်သန်နဲ့ ဖဦးထုပ်၊ ဘကုန်း အရေးအသားအကြောင်း ငြင်းခုံနေကြတယ်။
ကျွန်တော့်ကိုလည်း စာရေးနေမှန်း သိတော့ သူတို့ အငြင်းအခုံ စကားနိုင်လုနေတဲ့ ဖဦးထုပ်၊ ဘကုန်း အရေးအသားအကြောင်းထဲ ဝင်ပြောခိုင်းတယ်။ ကျွန်တော်က စာတွေရေးလာပြီးနောက်ပိုင်း စကားတွေ သိပ်မပြောချင်တော့ဘူး။ နားထောင်သူအနေနဲ့ပဲ အနေများတယ်။ ကျွန်တော့်ကို ဝင်ပြောခိုင်းတော့ ‘ဖဦးထုပ်၊ ဘကုန်း ရေးထုံးအကြောင်း ပြောဆို ဆွေးနွေးနိုင်လိုက်တဲ့အထိ မလေ့လာဘူးတော့ မပြောရဲပါဘူးကွာ’ ဆိုပြီး အဲဒီ စကားဝိုင်းကနေ အသာလေး ရှောင်ထွက်လိုက်ပါတယ်။
ဖဦးထုပ်တို့၊ ဘကုန်းတို့အကြောင်းကို အနည်းအကျဉ်းတော့ ဖတ်ဖူးပါတယ်။ ကျွန်တော့်မှာ ပြောဆိုဆွေးနွေးနိုင်လောက်တဲ့အထိ ပညာရည် ဝမ်းစာ မပြည့်ဝသေးပါဘူး။ ပြီးတော့၊ နည်းနည်းလောက် ဖတ်ဖူးရုံနဲ့ လူအထင်သေးမှာစိုးပြီး ရောရောယောင်ယောင်တွေ လျှောက်မပြောချင်ပါဘူး။ နည်းနည်းသိ များများပြောတဲ့ လူစားမျိုးရယ်လို့ တံဆိပ်ကပ်ခံရမှာလည်း စိုးရိမ်မိတယ်။ ထားပါတော့၊ ဖဦးထုပ်နဲ့ ဘကုန်း အကြောင်း ငြင်းခုန်ပြောဆိုနေကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်မိပါတယ်။ သူတို့ကြောင့် ဖဦးထုပ်နဲ့ ဘကုန်းအကြောင်း နည်းနည်းလောက်တော့ လေ့လာမိလို့ပါပဲ။
ကျွန်တော် ဖတ်မိသလောက် “ဖဦးထုပ်” နဲ့ “ဘကုန်း” အကြောင်း စာဖတ်မိတ်ဆွေတို့ကို ပြန်တင်ပြပါ့မယ်။
ကိုရွှေသိမ်းမင်းရဲ့ ‘ပန်းရွှေပြည် စာအုပ်တိုက် ’ က ထုတ်ဝေတဲ့ ဆရာဇေယျနှစ်တစ်ရာပြည့် အထိမ်းအမှတ် (၁၉၀၀ - ၂၀၀၀ ပြည့်နှစ်) “ဇေယျစာစုများ - ၂ ” စာအုပ်ထဲမှာ ဆရာဇေယျ ရေးသားထားတဲ့ ဖဦးထုပ်၊ ဘကုန်း အရေးအသားအကြောင်းလေး ဖတ်ရပါတယ်။ ဆောင်းပါးကို စာမျက်နှာ - ၂၄၉ မှာ “ မှတ်စုစာပေ ” ဆိုတဲ့ နာမည်နဲ့ ဖော်ပြထားပါတယ်။
ဆရာဇေယျက “ဤသို့ ဘကုန်း ဖဦးထုပ် အရေးအသား ဝါဒကွဲ အကြိုက်အကွဲဖြစ်လျက် အရေးအသား မငြိမ်မသက် ဖြစ်သည်မှာ ယခုမှသာ မဟုတ်။ လွန်ခဲ့သည့် နှစ်ပေါင်း သုံးဆယ်ကျော် လောက်ကလည်း ဝါဒကွဲ အကြိုက်အကွဲဖြစ်ကြ၍ အတော်ပြင်းပြင်းထန်ထန် မငြိမ်မသက် ဖြစ်ခဲ့ဖူးလေသည်” (ဇေယျစာစုများ ၂ ။ ပန်းရွှေပြည် စာအုပ်တိုက်။ ၂၀၀၀ ၊ နိုဝင်ဘာ၊ စာ - ၂၄၉ ) လို့ ရေးသားထားပါတယ်။
ဆရာဇေယျ ဆောင်းပါးမှာ ဖဦးထုပ်နဲ့ ဘကုန်းအကြောင်း သိကောင်းစရာ တော်တော်များများ တွေ့ရပါတယ်။ ဖဦးထုပ် နှစ်သက်တဲ့ အုပ်စုနဲ့ ဘကုန်း နှစ်သက်တဲ့ အုပ်စုတွေအကြောင်း သိကောင်းစရာတွေ ဖတ်ရပါတယ်။ ဆရာဇေယျ ဆောင်းပါးထဲကနေပဲ ဖဦးထုပ် နှစ်သက်တဲ့ အုပ်စုနဲ့ ဘကုန်း နှစ်သက်တဲ့ အုပ်စုတွေအကြောင်း ကူးယူဖော်ပြပါ့မယ်။
ထိုစဉ်က မှော်ဘီဆရာသိန်းကြီး၊ ပညာဝန်ထောက်မင်း ဦးဖိုးစိန် ၊ အမျိုးသား ပညာဝန် ဦးဖိုးကျားတို့က ဖဦးထုပ်ကို နှစ်သက်၍ ပုဂံဝန်ထောက်မင်း ဦးတင်၊ စာတော်ပြန်ဌာန မြန်မာပညာရှိ ဆရာရိပ်၊ ဆရာစောကြီးတို့က ဘကုန်းကို ထောက်ခံကြလေသည်။
(ဇေယျစာစုများ ၂ ။ ပန်းရွှေပြည် စာအုပ်တိုက်။ ၂၀၀၀ ၊ နိုဝင်ဘာ၊ စာ - ၂၄၉)
ဒေါက်တာစိန်မြင့် ပြုစုရေးသားတဲ့ “မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းများ သမိုင်း” စာအုပ်ထဲမှာ ‘ သံတော်ဆင့်မင်း ဦးသာအောင် ’ ကလည်း ဖဦးထုပ် အရေးအသားကို နှစ်သက်သူလို့ သိရပါတယ်။ ဒေါက်တာစိန်မြင့်က “ထိုပက္ခတွင် သံတော်ဆင့်မင်း ဦးသာအောင်ကား ဖဦးထုပ်ရေးကို လိုလားသူဖြစ်ကြောင်း ပုဂံနယ်ပိုင်ဝန်ထောက်မင်း ဦးတင်ထံမှ မှတ်သားလိုက်ရသည် ” (စိန်မြင့်၊ ဒေါက်တာ။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းများ သမိုင်း။ စိတ်ကူးချိုချိုစာပေ။ ၂၀၁၉၊ ဇန်နဝါရီ၊ ပထမအကြိမ်၊ စာ - ၄၁ ) လို့ ရေးသားထားပါတယ်။
ဆရာဇေယျရဲ့ ဖဦးထုပ် ဘကုန်း အရေးအသားအကြောင်း ပြန်ဆက်ပါ့မယ်။ ဆရာဇေယျက
“ ဤသို့ နှစ်သင်းနှစ်ဘက် ဝါဒကွဲဖြစ်ကြရာ ဖဦးထုပ်ဆရာများက ဤအရေးအသားများ၌ ပူဇာရဟ စသည်ဖြင့် ပစောက်သာလျှင် မူလဖြစ်သည်။ ပစောက်မှ ပြောင်းလျှင် ဖဦးထုပ် သို့မဟုတ် ဗထက်ချိုက်သို့သာ ပြောင်းနိုင်သည်။ ဘကုန်းသို့ မပြောင်းနိုင်ဟု သဒ္ဒါကျမ်းလာ အထောက်အထား ရှေးကျောက်စာအထောက်အထားများကို ကိုးကားပြသလျက် ဖဦးထုပ်နှင့်သာ ရေးသားအပ်ကြောင်း ဆိုကြသည် ” ( ဇေယျစာစုများ ၂ ။ ပန်းရွှေပြည် စာအုပ်တိုက်။ ၂၀၀၀ ၊ နိုဝင်ဘာ၊ စာ - ၂၄၉ ) လို့ ဖဦးထုပ် ဆရာတွေရဲ့ အယူအဆကို ရေးသား တင်ပြထားပါတယ်။
ဆရာဇေယျရဲ့ ဖဦးထုပ် ဘကုန်း အရေးအသားအကြောင်း ဆက်ဖတ်ကြည့်ပါ စာဖတ်မိတ်ဆွေတို့ရေ။
ထိုမှတပါး ရှေးအစဉ်အလာ ကျောက်စာ၊ ပေစာ၊ ပုရပိုက်စာ စသည်တို့၌ ဖဦးထုပ်ကိုသာ သုံးခဲ့ကြသည်။ မန္တလေးခေတ် မင်းတုန်းမင်းတရားကြီး လက်ထက် ဘကုန်းကို နှစ်သက်သော ကင်းဝန်မင်းကြီး၏အလိုသို့လိုက်၍ လွှတ်တော်ရုံးတော်များက ရေးသားရာတွင် ဘကုန်းအရေးအသား ပျံ့နှံ့ခေတ်စားသွားခြင်း ဖြစ်သည်ဟု ဆရာအချို့က ဆိုကြသည်။ သီပေါမင်းလက်ထက် ကင်းဝန်မင်းကြီး အမိန့်ဖြင့် စာရေးတော်ခေါင်း ဦးသာအောင်က ကဝိလက္ခဏသတ်ပုံကို အတိုကောက်ပြုလုပ် ပုံနှိပ်ခဲ့ရာ၊ ထိုသတ်ပုံအတိုကောက်၌ ဘကုန်းကိုသာ အသုံးများလေသည်။ ၎င်းကို ၁၉၃၀ ခုနှစ်ကျော်လောက်တွင် ပညာဝန်ထောက်မင်း ဦးဖိုးစိန်က ရန်ကုန်မြို့တွင် ထပ်မံပုံနှိပ်ရာ မူလကဝိလက္ခဏပေမူများတွင် ဖဦးထုပ်များသာရှိရာ ဦးသာအောင်က ကင်းဝန်မင်းကြီး၏ အလိုသို့လိုက်၍ ဘကုန်းနှင့် လဲလှယ်ခဲ့သည်ဟုဆိုကာ ၎င်းတည်းဖြတ်သော စာအုပ်တွင် ဖဦးထုပ်များကို ပြန်၍ ထည့်ခဲ့လေသည်။
(ဇေယျစာစုများ ၂ ။ ပန်းရွှေပြည် စာအုပ်တိုက်။ ၂၀၀၀ ၊ နိုဝင်ဘာ၊ စာ - ၂၄၉ )
ဆရာဇေယျရဲ့ ဆောင်းပါးအရ ‘ကဝိလက္ခဏာသတ်ပုံ အတိုကောက်မှာ ဦးသာအောင်က ကင်းဝန်မင်းကြီး အလိုကို လိုက်ပြီး ဘကုန်းနဲ့ လဲခဲ့တယ်လို့ ပညာဝန်ထောက်မင်း ဦးဖိုးစိန် (ဝဇိရဗုဒ္ဓိ ဦးဖိုးစိန်)က ဆိုထားကြောင်း ’ သိရပါတယ်။
“မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းများ သမိုင်း” ပြုစုရေးသားသူ ဒေါက်တာစိန်မြင့်ရဲ့ စာအုပ်ထဲမှာတော့ ဦးသာအောင်ရဲ့ ကဝိလက္ခဏာသတ်ပုံ အတိုကောက်မှာ ဘကုန်း အသုံးများရခြင်းအကြောင်းအရင်းက စာပုံနှိပ်စက်ရုံတော်မှာ ကြီးကြပ်တဲ့ မော်လမြိုင်မြို့သား မောင်ရွှေသားက ဘကုန်းဘက်သားဖြစ်ပြီး သူ ထင်ရာပြင်လို့ ဘကုန်း အသုံးများသွားရကြောင်း ရေးသားထားပါတယ်။ ဒီအကြောင်းကို ဒေါက်တာစိန်မြင့် စာအုပ်ထဲကနေ ကူးယူဖော်ပြပါ့မယ်။
ယင်းသံတော်ဆင့် မင်းပြုသော ဆကာရန္တနယ တဖက်ပြသတ်ပုံမူများ၌ ဖဦးထုပ်ရေးကို အတွေ့များပါလျက်၊ ယင်းတဖက်ပြသတ်ပုံနှင့် ၎င်း၊ တွင်းသင်းတိုက်ဝန် သတ်ညွှန်းကြီးနှင့်၎င်း ဆန့်ကျင်သော ဘကုန်းရေးတို့မှာ စာပုံနှိပ်စက်ရုံတော်၌ ကြီးကြပ်သူ မော်လမြိုင်မြို့သား မောင်ရွှေသားသည် ဘကုန်းဘက်သားဖြစ်၍ ပုံနှိပ်ကူးစာတည်းရာ၌ သူ ထင်ရာကို ပြင်သည့်အရာများလည်း ပါကြောင်း ၁၂၄၅ ခု၊ ၄၆ ခုနှစ်တို့၌ တိုင်းရေး စစ်မက်ရေးတို့လည်း ရှုပ်ထွေးလျက် ရှိကုန်သောကြောင့် သံတော်ဆင့်မင်း ဦးသာအောင် ပြန်၍ မကြည့်နိုင်ကြောင်း ဦးတင်ထံမှ မှတ်သားလိုက်ရသည်။
( စိန်မြင့်၊ ဒေါက်တာ။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းများ သမိုင်း။ စိတ်ကူးချိုချိုစာပေ။ ၂၀၁၉၊ ဇန်နဝါရီ၊ ပထမအကြိမ်၊ စာ - ၄၁ )
ဆရာ ဇေယျက အင်းဝဆင်ဖြူရှင်လက်ထက်ကနေ စပြီး သာယာဝတီမင်းလက်ထက်အထိ မင်းမှုထမ်းခဲ့တဲ့ တရားသူကြီး ဦးအေးရဲ့ ‘သေးတင်နသတ် တေးသဖြန်သတ်ပုံ’ ကို လေ့လာတင်ပြထားတာကို တွေ့ရပါတယ်။ ဆရာဇေယျက ‘ဦးအေးရဲ့ သေးတင်နသတ် တေးသဖြန်သတ်ပုံကို လေ့လာတင်ပြပြီး ဘကုန်းအရေးအသားဟာ ကင်းဝန်မင်းကြီး လက်ထက်မှ မဟုတ်ဘဲ မန္တလေးခေတ် မတိုင်မီကတင် ဖဦးထုပ်ကို မုန်းလို့ ဘကုန်းခေတ်စားနေပြီဖြစ်ကြောင်း ’ ယူဆထားတာကို တွေ့ရပါတယ်။
ဆရာဇေယျ အရေးအသားအရ ဘကုန်း ဖဦးထုပ် အရေးအသား ကွဲလွဲမှုမှာ ရှေးပုဂံခေတ်ကတည်းက ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။
ထိုသို့ ဘကုန်းနှင့် ရေးသော အချက်ကို ရှေးကျောက်စာတို့လည်း သတိမူခဲ့ကြသည့်အတိုင်း ၁၈၉၉ ခုနှစ်၊ အစိုးရပုံနှိပ်တိုက်တွင် အင်္ဂလိပ်ဘာသာဖြင့် ပုံနှိပ်သော ‘ပုဂံ ပင်းယ အဝ’ ကျောက်စာအုပ်၊ နိဒါန်းတွင်၊ ပုရှာ၊ ဖုရှာ၊ ဘုရှာ သုံးမျိုးလုံးပင် ရေးထိုးလျက်ရှိကြောင်း ညွှန်ပြခဲ့လေသည်။ ထိုအချက်များကို ကြည့်လိုက်ရင် ဘကုန်း ဖဦးထုပ် အရေးအသား ကွဲလွဲမှု အရေးတော်ပုံမှာ ကျွန်ုပ်တို့လက်ထက် မင်းတုန်းမင်းလက်ထက် စသည်တို့၌သာ ရှိသည်မဟုတ်။ ရှေးပုဂံခေတ်ကပင်လည်း ရှိနေကြောင်းကို သိရပေသည်။
( ဇေယျစာစုများ ၂ ။ ပန်းရွှေပြည် စာအုပ်တိုက်။ ၂၀၀၀ ၊ နိုဝင်ဘာ၊ စာ - ၂၅၀ )
ဆရာဇေယျကပဲ ပစောက်ကနေ ပြောင်းရင် ဖဦးထုပ်၊ ဗထက်ချိုင့်တို့ကိုသာ ပြောင်းနိုင်တယ် ဘကုန်းကို မပြောင်းနိုင်ဘူး ဆိုတဲ့ အဆိုကို ဘကုန်းကို ပြောင်းလဲကြောင်း အထောက်အထားတွေနဲ့ တင်ပြထားတာကို တွေ့ရပါတယ်။
ထို့အပြင် ပစောက်၊ ဖဦးထုပ်တို့သည် ဘကုန်းသို့ မပြောင်းနိုင်။ ဗထက်ချိုင့်သို့သာ ပြောင်းနိုင်သည်ဟု သဒ္ဒနည်းကို မှီ၍ ဆိုကြလေသည်။ သက္ကရာဇ် ၆၅၁ ခုနှစ် ထိုပုဂံမြို့ လေးထောင့်ကန်အရပ် တုရင်ပုထိုးကျောက်စာ၊ ကြောင်းရေ တစ်နှင့် နှစ်တွင် ‘သက္ကရာဇ် ၆၅၁ ခု၊ စပယ်နှစ်၊ နွယ်တာလဆန်း တစ်ဆယ့်နှစ်ရက် တနင်းလာနေ၌ ဘုရားလောင်း ‘အပိသိပ်’ ခံ၍ ရေးထိုးထားရာ၊ အဘိသိက်ကို အပိသိပ်၊ ဘကုန်းသည် ပစောက်သို့ ပြောင်းလဲကြောင်း တွေ့ရလေသည်။ (ဦးဖေမောင်တင်နှင့် ဆရာလုတို့ ပြုစုသော ပုဂံကျောက်စာညွန့်ပေါင်း စာမျက်နှာ တစ်ရာတစ်ဆယ့်သုံး အပိသိပ်မှတစ်ပါး အခြားစကားများကို ဖတ်ရှုရာ၌ လွယ်ကူစေရန် ယခုရေးနည်းဖြင့် ဖလှယ်၍ ရေးလိုက်ပါသည်။)
နောက်တချက်မှာ ပုဂံမြို့ ဝက်ကြီးအင်းအနောက်ရွာ ဘုရားကုန်း ဖုန်းသင်ဇေယျသိမ် ကျောက်စာ၊ သက္ကရာဇ် ၅၅၉ ခုထိုး ကျောဘက်ကြောင်းရေ ခြောက်တွင် ‘မြတ်စွာသော ပုရှာသခင်၏ ‘အာနုဖပ် နှိုက်’ ဟု ရေးထိုးရာမှာလည်း အာနုဘော်ကို အာနုဖော်ဟု ဘကုန်းကို ဖဦးထုပ် ပြုထားကြောင်းတွေ့ရသည်။
ဤအချက်များကို ထောက်လျှင် ပစောက်၊ ဖဦးထုပ် တို့သည် ဘကုန်းသို့ မပြောင်းနိုင်ဟု ပါဠိသက္ကတ သဒ္ဒါကျမ်းများက ဆိုစေကာမူ ကျွန်ုပ်တို့ မြန်မာ့အသံ၊ မြန်မာ့အရေးအသား၊ မြန်မာမူ၌ မူကား။ ပြောင်းလဲချက် ရှိကြောင်း ထင်ရှားသော သာဓကဖြစ်ပေသည်။
( ဇေယျစာစုများ ၂ ။ ပန်းရွှေပြည် စာအုပ်တိုက်။ ၂၀၀၀ ၊ နိုဝင်ဘာ၊ စာ ၂၅၀ - ၂၅၁ )
ဒေါက်တာစိန်မြင့် ပြုစုရေးသားတဲ့ “မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းများ သမိုင်း ” စာအုပ်ထဲမှာလည်း ဖဦးထုပ်နဲ့ ဘကုန်း အရေးအသားအကြောင်းတွေကို ဖတ်ရပါတယ်။ မိဖုရားဖြစ်သူက မိဘုရားကြီး ဆိုတဲ့ ဘကုန်းအရေးအသားကို ပိုမိုကြိုက်နှစ်သက်တဲ့အကြောင်း၊ ပါဠိဆရာသွင်ရဲ့ ညီတော်တစ်ယောက်က အရှင်မိဖုရားကြီးထံ လျှောက်လွှာတင်ဆက်ရာ ဖဦးထုပ် သုံးပြီး ရေးမိလို့ မကျေနပ်ကြောင်း မင်းမှုထမ်းတွေ ဖင် နဲ့ ဖာက လွဲလို့ ဘကုန်းနဲ့သာ ရေးရမဲ့အကြောင်းတွေ ဖတ်ရပါတယ်။
“ထိုသို့ မိဖုရားအရေးတွင် ဖဦးထုပ်အရေးကို အရှင်နန်းမတော်ဘုရားက ဖောက်ပစ်ကြောင်း သတင်းသည် ဗြဲတိုက်တော်အရာရှိများ ဝိုင်းဒိုင်စာရေးတော်ကြီးများတိုသို့ ပျံ့နှံ့လေလျှင် အလိုတော်ရိ မျက်နှာလိုမျက်နှာရလိုသော အမှုထမ်းကြီးငယ်တို့က ဖင် နှင့် ဖာက လွဲသမျှ ဘကုန်းနှင့်ရေး ” ³
( စိန်မြင့်၊ ဒေါက်တာ။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းများ သမိုင်း။ စိတ်ကူးချိုချိုစာပေ။ ၂၀၁၉၊ ဇန်နဝါရီ၊ ပထမအကြိမ်၊ စာ - ၄၃)
ဖဦးထုပ် ဘကုန်း အရေးအသားတွေ ရှာဖွေဖတ်ကြည့်ရင် ကင်းဝန်မင်းကြီး ဦးကောင်းရဲ့ နာမည်ကိုလည်း တွေ့ရတတ်ပါတယ်။ ဒေါက်တာစိန်မြင့်က ဖဦးထုပ်၊ ဘကုန်း အရေးအသား အငြင်းအခုံတွေကြားမှာ ကင်းဝန်မင်းကြီး ဖြေရှင်းပေးရပုံကိုလည်း အခုလို ရေးသားထားပါတယ်။
ဖနှင့် ဘကုန်းအရေးသား အငြင်းအခုံကြောင့်ပင် ကင်းဝန်မင်းကြီးထံသို့ ဖြေရှင်းပေးနိုင်ရန် ရောက်လာရပြန်သည်။ ထို့ကြောင့် ဖြေရှင်းရန် ဆောင်ရွက်ကြရာတွင် “ဖဦးထုပ် ရေးရသော အရာဌာနလည်း ရှိသည်။ ဘကုန်းနှင့် ရေးရသော အရာဌာနလည်း ရှိသည်။ ဘုန်းနှင့် ဘုရားမှာ ကြာလို့ ရှိစေတော့” ဟု စိတ်ဆိုးလျက် ဆုံးဖြတ်ခဲ့သည်။
ထိုသို့ဖြင့် ကင်းဝန်မင်းကြီးသည် စာလုံးပေါင်း ပြဿနာကို ရှင်းနိုင်ရန်အတွက် စာမေးပွဲတခု ကျင်းပပြီး ဖြေရှင်းရန် စိတ်ကူးဖြင့် သံတော်ဆင့်မင်း ဦးသာအောင် ကို ခေါ်လိုက်ကာ မြန်မာမင်းလွှတ်တော်သုံး အတိုကောက်သတ်ပုံကျမ်းကို ပြုစုစေပြီးလျှင် ၁၂၄၀ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၆ ရက်နေ့ (၁၄ ဒီဇင်ဘာ ၁၈၇၈) တောင်ဥယာဉ်တော် လစဉ်အစည်းအဝေးရုံတော်တွင် သတ်ပုံသတ်ညွှန်းပေါင်း ၃၆ စောင်ကို စစ်ဆေး၍ စာရေးတော် စာမေးပွဲအဖို့ ကောင်းမြတ်သော သတ်ပုံသတ်ညွှန်းကျမ်းတို့ကို ရွေးခြယ်သတ်မှတ်ပြီးလျှင် အမိန့်တော်ခံရာ ထိုအစည်းအဝေးက သတ်မှတ်တင်ဆက်သည့်အတိုင်း မြန်မာဘုရင်ပိုင် တနိုင်ငံလုံး လိုက်နာမှတ်သားရန် ၁၂၄၀ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၁၁ ရက်နေ့ (၁၉ ဒီဇင်ဘာ ၁၈၇၈) နားခံတော် နေမျိုးမင်းလှရာဇာကျော်ထင် အမိန့်တော်ပြန်ခဲ့သည်။
“ထိုအမိန့်တော်ပါ တွင်းသင်းတိုက်ဝန်မင်း သတ်ညွှန်း၊ ပင်းဆရာတော်ရေး၊ ရတနာကြေးမုံ သတ်ပုံသတ်ညွှန်းတို့၌ ပအက္ခရာရေးပြီး၏။ ဖအက္ခရာရေးပြီး၏ ”¹ ဟုဆိုသည်ကို တွေ့ရပေသည်။ ကင်းဝန်မင်းကြီး ကိုယ်တိုင်ပင်လည်း အာဏာရှိသူတို့ကို မလွန်ဆန်နိုင်ခဲ့သဖြင့် ဘကုန်းဘက်သို့ ပါခဲ့သည်ကို တွေ့ရပြန်သည်။
(စိန်မြင့်၊ ဒေါက်တာ ။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းများ သမိုင်း။ စိတ်ကူးချိုချိုစာပေ။ ၂၀၁၉၊ ဇန်နဝါရီ၊ ပထမအကြိမ်၊ စာ ၄၃ - ၄၄)
မြန်မာစာ ပညာရှင် ဒေါက်တာထွန်းတင့်ကတော့- “ဖ” ရဲ့ အနက်ဟာ ပေါင်းစည်းခြင်း ဖြစ်တယ်။ မြန်မာအဘိဓာန်မှာ ဖ ကို ရှေးသုံးစကား၊ ပေါရာဏကထာအဖြစ် ဖော်ပြပြီး ‘လဲလှယ်သည်’ လို့ အဓိပ္ပာယ်ဖွင့်ပြထားပါတယ်။
ဒေါက်တာထွန်းတင့်ကပဲ “ ဘ ” ဟာ မြန်မာဘာသာမှာ အနက်မရှိတဲ့ဗျည်းဖြစ်တယ်။ အနက်မရှိလို့ အဓိပ္ပာယ်လည်းမရှိပေ။ ဒါပေမဲ့ မြန်မာစာပေမှာ- “ဘ” ဖြင့် ရေးသားသုံးနှုန်းကြတဲ့ ဝေါဟာရတွေကို တွေ့ရပါတယ်။ “ဘ” ဟာ မြန်မာဘာသာမှာ ပင်ကိုအားအနေနဲ့ အနက်၊ အဓိပ္ပာယ် မရှိပေမဲ့လည်း အသံလှယ်ပြီးသုံးတဲ့ အသံစွဲဝေါဟာရတွေနဲ့ မွေးစားဝေါဟာရတွေအတွက် အသုံးပြု ရေးသားရာမှာ အသုံးဝင်နေပါတယ်လို့ အဓိပ္ပာယ်ဖွင့်ပြထားပါတယ်။
ဆရာမောင်ခင်မင် ( ဓနုဖြူ ) ကတော့ “ဖ နဲ့ ဘ ဟာ အဓိပ္ပာယ်တူပြီး အသံပဲကွဲတာ တွေ့ရပါလိမ့်မယ်။ ဖက အသံပျော့၊ ဘက အသံပြင်း။ အသံပြောင်းရာမှာ အသံပျော့က အသံပြင်းကို ပြောင်းတဲ့ သဘာဝအတိုင်း ဖ က ဘ ကို ပြောင်းပါတယ်။ ‘အဖိုးတန်တယ် ’ ဆိုတဲ့ စကားမှာ ‘ ဖိုး ’ ဟာ အရင်းခံအသံပဲ။ ‘တန်ဖိုး’ လို့ ရေးတယ်။ ဒါပေမဲ့ ‘ဖိုး’ က ‘ဘိုး’ ကို ပြောင်းပြီး ‘တန်ဘိုး’ လို့ အသံထွက်တယ်မဟုတ်လား ” (ခင်မင်၊ မောင်၊ ဓနုဖြူ -။ မြန်မာစာ စကားဝိုင်း။ မြန်မာစာအဖွဲ့။ ၂၀၂၇၊ မတ်၊ ဒုတိယအကြိမ်၊ စာ - ၃၈ ) လို့ ရေးသားထားပါတယ်။
ဆရာမောင်ခင်မင် ( ဓနုဖြူ ) ကပဲ “ဟုတ်ပါတယ်။ အသံပြောင်းသည် ဖြစ်စေ၊ မပြောင်းသည် ဖြစ်စေ အရပ်မျက်နှာကို ညွှန်းရင် ‘ဘက်’ လို့ တညီတည်း ရေးပါလို့ ဆိုလိုတာပါ။ စာလုံးပေါင်းညီညွတ်အောင်ညှိပြီး ပြဋ္ဌာန်းထားတာပါပဲ။ “ဘက် နဲ့ ဖက်ကို ဘယ်လိုခွဲပြီး မှတ်ရမလဲဆရာ”၊ “အရပ်မျက်နှာပြတဲ့ ‘တောင်ဘက်၊ မြောက်ဘက်’ ၊ နေရာကို ညွှန်းတဲ့ ‘သူ့ဘက်၊ ကိုယ့်ဘက်၊ ဘက်စုံ၊ ဘက်လိုက်၊ အဘက်ဘက် ’ ဆိုတဲ့ စာလုံးတွေကို ‘ဘက်’ လို့ ရေးတယ်။ တဖက်၊ နှစ်ဖက်၊ တဖက်ဖက်ဆိုပြီး အရေအတွက်တွဲတဲ့ အသုံး၊ တွဲဖက်၊ ယှဉ်ဖက်၊ ပွေ့ဖက် ဆိုတဲ့ အသုံးတွေကို ‘ဖက်’ လို့ ရေးတယ်။ အဲဒီလို ခွဲပြီး မှတ်နိုင်ပါတယ်”
(ခင်မင်၊ မောင်၊ ဓနုဖြူ -။ မြန်မာစာ စကားဝိုင်း။ မြန်မာစာအဖွဲ့။ ၂၀၂၇၊ မတ်၊ ဒုတိယအကြိမ်၊ စာ - ၃၉) လို့ ရေးသားထားပါတယ်။
ဖဦးထုပ်နဲ့ ဘကုန်း အရေးအသားအကြောင်းကို လေ့လာနိုင်ဖို့ အကြောင်းတိုက်ဆိုင်လာတော့လည်း လက်လှမ်းမီသလောက် စာအုပ်တွေနဲ့ လေ့လာမှတ်သားဖြစ်ပါတယ်။ အခုလို လေ့လာဖြစ်အောင်လည်း ဖဦးထုပ်နဲ့ ဘကုန်း အရေးအသားအကြောင်း ငြင်းခုံကြတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်မိပါတယ်။ သူတို့သာ မငြင်းခုံဖြစ်ရင် ဖဦးထုပ် နှစ်သက်သူ အုပ်စုနဲ့ ဘကုန်း နှစ်သက်သူ အုပ်စုတွေအကြောင်းလည်း သိခဲ့မှာ မဟုတ်ပါဘူး။
ဖဦးထုပ်နဲ့ ဘကုန်း အရေးအသားအကြောင်းဟာ စာတွေ ရေးနေသူတွေအဖို့လည်း သိသင့်၊ သိထိုက်ပါတယ်။ သိသင့်၊ သိထိုက်တာကို လမ်းပြပေးတဲ့ အငြင်းသန် မိတ်ဆွေမျိုးလည်း တခါတလေမှာ လိုအပ်ပါတယ်။ ဒါပေမဲ့ သွားလေသူ ဆရာ နန္ဒာသိန်းဇံ စကား ခဏငှားပြောရရင် “မကောင်းမှု၊ ကောင်းမှုဆိုတာ ကြည့်တဲ့လူအပေါ်မှာ မူတည်တယ်” ဆိုတဲ့ စကားလိုပေါ့ဗျာ အကောင်းမြင်တဲ့ စိတ်နဲ့ကြည့်ပြီး လေ့လာဖြစ်လို့သာ အသိသစ်တိုးတာပါ။
ဒီတခေါက် ဖဦးထုပ် ဘကုန်း အရေးအသားအကြောင်း ငြင်းတဲ့သူတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်ဖြစ်ရင် ကျွန်တော် စုစည်းတင်ပြထားတဲ့ ‘ ဖဦးထုပ် ဘကုန်း ’ အရေးအသား အကြောင်းလေး ပြလိုက်ရုံပဲ။ မင်းတို့ ငြင်းချင်သပ ဆိုရင်လည်း အကိုးအကားတွေ ပါတယ်။ ရှာသာဖတ်ပြီး၊ ထိုင်သာ ငြင်းနေပေတော့လို့ ပြောရုံပဲ။ လူဆိုတာ ကိုယ့်အလုပ်ကိုယ် လုပ်နေယုံပဲပေါ့၊ ကျွန်တော်က စာရေးနေချင်သူတယောက် ဆိုတော့ စာပဲရေးနေရုံပဲပေါ့။
စာကိုး—
ဇေယျစာစုများ ၂ ။ ၂၀၀၀ ၊ နိုဝင်ဘာ။ ပန်းရွှေပြည် စာအုပ်တိုက်။
စိန်မြင့်၊ ဒေါက်တာ ။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းများ သမိုင်း။ ၂၀၁၉၊ ဇန်နဝါရီ၊ ပထမအကြိမ်။ စိတ်ကူးချိုချိုစာပေ။
ခင်မင်၊ မောင်၊ ဓနုဖြူ -။ မြန်မာစာ စကားဝိုင်း။ ၂၀၂၇၊ မတ်၊ ဒုတိယအကြိမ်။ မြန်မာစာအဖွဲ့။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar