ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄၁)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄၁)
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၂၆
ကျောက်ကျင်က မအလကို ဘယ်ကတည်းက သောင်မြင်ကတ်နေတယ် မသိ။ တရုတ်ခရီးစဉ်မှာ နင် အူတူတူ ဟောင်တောင်တောင် လုပ်နေရင် ရှမ်းမြောက်မှာ ဂန်းပေါက်လာနိုင်တယ်လို့ အမြီးနင်းပြီး နှုတ်သီးဖြတ်ရိုက်လိုက်ရော။ အဲဒီမှာ မအလက ပြန်ရောက်ရောက်ချင်း ရောင်နေတဲ့ သူ့နှုတ်သီးကို တိုင်းမ်နဲ့ ဗျူးတုန်းက သုံးတဲ့ မှန်ကြီးထဲ ကြည့်ကာ တမြည့်မြည့် နာနေတဲ့ အမြီးလေး ခါပြပြီး "အနောက်နဲ့ ဆက်ဆံချင်တယ်" "အနောက်နဲ့ ဆက်ဆံချင်တယ်" အော်တော့တာ။ သူ့တပည့်တွေတောင် သူ့ကြည့် ကိုယ့်ကြည့်နဲ့ ကြည့်တည့်ကြက်တက် ဒါကြီးနဲ့ ဒီကိစ္စ ဘယ်သူ တာဝန်ယူကြမလဲဆိုပြီး အရေးခက် သွေးပျက်နေကြသေးသတဲ့။
အမေရိကန်ကလည်း ကရင်တွေနဲ့ ပေါင်းပြီး သူ့ငွေကို အချောင်လှမ်းနှိုက်နေတဲ့ တရုတ်တွေနဲ့ စစ်တပ်ကို ရိုက်ချင်တော့ အေးဆို လက်ခံ ဆက်ဆံလိုက်ရော ဆိုပါတော့။ ကျားရေခွာဖို့က ဒီတစ်နည်းပဲ ရှိတော့တာ မဟုတ်လား။ အနုနည်းနဲ့လည်း အလုပ်မဖြစ်၊ မဖြစ်ဆို လူတင်ပါလို့ နွား ကျားကိုက်တာဆိုတော့လေ။ အဲဒီမှာ တိုးတက်သော ကရင်တွေလည်း အမျိုးဖျက်သော ကရင်တွေ ဖြစ်ဖို့ တစ်ရက်နှစ်ရက်ပဲ လိုတော့သလို ဖြစ်လာပြီလေ။ မအလရဲ့ ထွက်ပေါက်က အနောက်ပဲဆိုတော့ အမေရိကန်နဲ့ အပြန်အလှန် အကျိုးဖက်ပြီးရင် တိုးတက်သော ကရင်တွေကို ဖျင်တော့မှာ။ ဆိုးဆက်ပါ ဖထီးတို့။ ဖထီးတို့ကို မတီးလို့ မရတော့တာက တရုတ်ဆန့်ကျင်ရေး လက်လွန်ကြက်သွန် ဖြစ်သွားလို့ပါ။ တရုတ်ဘက်ကလည်း ကူမင်းမှာ လူချင်းပဲ အစည်းအဝေး လုပ်မယ် ခွေးမတက်ရတို့၊ ရှမ်းမြောက်မှာ ဂန်းဖောက်မယ်တို့ ခြိမ်းခြောက်၊ ဆီစွတ်၊ အဲလေ အကျပ်ကိုင်တာတွေ ရှိလာပြီလေ။ ပြီးတော့ ၂၀၀၈ ခြေဥကို စာအုပ်စုတ်လောက် သဘောထားပြီး တိုင်းရင်းသား လူနည်းစုတွေအတွက် အဆင့်မြင့် အုပ်ချုပ်ရေး ဖော်ဆောင်ကြဆိုတဲ့ သွေးထိုး လှုံ့ဆော်တာတွေလည်း လုပ်လာတဲ့အပြင် တဖွဲ့လုံး စောက်ပေါ ငတုံးစိမ်းပိန်းတွေ၊ ရောင်တောင်တောင် ဟောင်ကောင်တွေထိပါ နှိမ့်ချ ပြောဆိုလာတော့တာသာ ကြည့်။ အဲဒီမှာ စိမ်းပိန်းတွေကလည်း မြန်မာပြည်နဲ့ ဝေးဝေးနေပါတွေ ဘာတွေနဲ့ ပေါက်ဖော်ကို ဟောက်အော်တော့တာပေါ့။ ဟိုကလည်း ငါ ခွင့်မပြုရင် ရုပ်ရှင်တောင် ပြလို့မရဘူးဆိုတာ သိပြီလား၊ ငါ ခွင့်မပြုရင် မင်းတို့ မီဒီယာတွေ ခရီးတောင် ထွက်ခွင့်မရဘူးဆိုတာ သိပြီလားဆိုပြီး ငတိတွေကို ဒလိပစ်လိုက်တယ်။ အဲဒီမှာ အကုန် ဖွာလန်ကျဲ ဆဲမျိုးစုံ ကုန်ကြတာ။ အဲဒါကြောင့် မအလတို့ အုပ်စု နောက်ဆုတ်မရတော့ရင် ရှေ့တွန်းထုတ်ခံရမှာက ဖထီးတို့ပဲလို့ ပြောတာ။ တရုတ်လက် ဝကွက်အပ်လိုက်လို့ သေဒဏ်ပေးခံရတဲ့ သဒ္ဓမ္မဇောတိကတွေ တွေ့တယ်မဟုတ်လား။ သီရိသုဓမ္မသိင်္ဂီတွေတောင် ပါသေး။ သားစဉ်မြေးဆက် မျိုးရိုးလိုက်ကို ပျောက်ကွယ်သွားတာနော်။
ဖထီးတို့ကို အလကား အပ်မှာတော့ မဟုတ်၊ အလဲအထပ် လုပ်မယ်၊ သူတို့အတွက် နိုင်ငံတကာ ထွက်ပေါက်ရယ်၊ တရားဝင်မှုရယ်က အနောက်က ဖောက်ရတော့မှာ။ တရုတ်နဲ့ကလည်း ရသလောက် ရပြီးပြီ။ ပူတင်နဲ့ ထရန့် အိုကေနေတော့ သူလည်း စိုပြေမယ် တွက်တာပေါ့။ ထရန့်ကလည်း ကျားဖြန့်တွေ ရမယ်ဆိုရင် မအလကို ပခုံးဖက်ပြီး ငါ့ရဲဘော်လို့ ပြောပေးဖို့ ဝန်လေးမှာ မဟုတ်ဘူးလေ။ ဖာခေါင်းနဲ့တောင် လည်ပင်းဖက်လာတဲ့ ခေါင်းဝါက အမေရိကန် အကျိုးစီးပွားကလွဲ ဘာစံတန်ဖိုးမှ ဂရုစိုက်တာ မဟုတ်၊ မဟုတ်ဆို သူကိုယ်တိုင်ကိုယ်က ဘာစံတန်ဖိုးမှ မရှိ၊ ကလေးတွေတောင် အမြတ်ထုတ်ခဲ့တယ်ဆိုပြီး တက်လာတဲ့ သတင်းတွေကို ဂရုစိုက်တာ မဟုတ်။ သူ ဂရုစိုက်တာ ဒေါ်လာ၊ တစ်နှစ်တစ်နှစ် ကျားဖြန့်တွေ အမေရိကန်ဆီက လှမ်းနှိုက်နေတာ ဒေါ်လာသန်းပေါင်း နည်းတာမှတ်လို့။ အဲဒါတွေ သူ ဖြေရှင်းပေးနိုင်ရင် အမှတ်တက်မှာ ဖြစ်သလို မလောက်လေး မလောက်စားတွေက သူ့နားရွက် တံတွေးဆွတ်ရုံမက နားအုံပါ ဖုန်ခါသလို လုပ်ပြီး—
"မင်းလားကွ ဟမ်ဘာဂါ
မင်းလားကွ ဟမ်ဘာဂါ
မင်းလားကွ ဟမ်ဘာဂါ" လို့ အရွတ်ခံနေရတာ အသည်းဆတ်ဆတ်ခါ နာနေတာ သက်သာသွားမှ သူ့အိုဗာ ကွန်ဖီးဒင့်က အလုပ်ဖြစ်မှာ မဟုတ်လား။ အေး ဖမ်းပေးဖို့လောက် သဘောတူလိုက်ရင် တော်ရဲ့၊ ဗုံးကြဲခွင့် ပေးလိုက်မှာပဲ ကြောက်ရတာ။ ဒါက အမေရိကန် အချုပ်အခြာအာဏာကို နားသားပယား လုပ်တဲ့ အမှုလေ။
အီရန်ကို ဟောက်လို့ရ၊ နေတန်ကို ဖြဲလို့ရ၊ ဇယ်လန်စကီးကို သွားဖြီးပြလို့ရ၊ ပူတင်ကို လူမထင်လို့ရပေမဲ့ ကိုယ်ပျောက်ကျားဖြန့်တွေကိုတော့ အီးကျယ်ကျယ်တောင် ပေါက်မပြရရှာ နဖူးဟက်တက် ကွဲနေရတာကိုး။ အဲဒီလူတွေက ကိုယ်ပျောက်အောင် မအလရဲ့ မှော်ဝတ်ရုံ ခြုံထားတာဆိုတော့ မအလရဲ့ အနောက်ဘက် ဆက်ဆံရေးကို လက်ခံမပေးလို့ မရတော့။
နဂိုက စတားလင့် ထိန်းချုပ်လိုက်ရင် အိုကေမယ် ထင်တာ၊ မအလက သူ့ဆက်သွယ်ရေး ကွန်ရက် ချပေးလိုက်တော့ ပွဲပြတ်ကရော။ ဇယ်လန်စကီးသာ ပြာနှမ်းအောင် တီးလို့ရတာ၊ ခွေးတပ်နဲ့ တိုးတက်သော ကရင်တွေကိုတော့ သွားလုပ်လို့မရ၊ ဘိုးဘိုးအောင် ဝလုံးကမှ တလုံးဖျက်ရင် နှစ်လုံးပဲ ပေါ်တာ၊ ကျားဖြန့်က တရုံဖျက် ဆယ်ရုံပေါ် အော်နေရမယ်။ မြန်မာပြည် တောင်ကြားကနေ အမေရိကန်က ငွေတွေ လှမ်းနှိုက်ပုံတွေ AGT မှာ လာပြလိုက်မှ ဒေါ်လာ တစ်သန်းပါ အပိုဆုကြေး ထပ်ပေးနေရဦးမယ်။
နောက်ဆုံးပေါ် ဖုန်းတွေ၊ ကွန်ပျူတာတွေ၊ ခြံဝင်းအကြီးကြီးတွေ၊ လျှပ်စစ်၊ အင်တာနက်၊ လက်နက်ကိုင် လုံခြုံရေး၊ နေထိုင်စရာ၊ သယ်ယူပို့ဆောင်ရေး၊ KTV၊ မာဆတ်၊ ဘိ၊ ဈေးဝယ်စင်တာ၊ အရေးကြီးဆုံး IT ကျွမ်းကျင် လူကုန်ကူးခံတွေနဲ့ လက်စ်ဗီးဂတ်စ်လောက်တော့ ပျင်းတောင် ပျင်းသေးတဲ့ ကျားဖြန့်ကမ္ဘာ ဒွန္နရာ။ UFC ထက်သာတဲ့ သတ်ပွဲဖြတ်ပွဲ၊ ကလီစာထုတ်ပွဲတွေဆိုတာလည်း ခြိမ့်ခြိမ့်သဲ။
တဖက်မှာ အဲဒီလို ရှိပေမဲ့ ကျေးလက်မှသည် မြို့ပြဆီဆိုတဲ့ ကွန်မြူနစ် သဘောတရားအတိုင်း ဗားရှင်းပြောင်းပြီး စစ်အုပ်စုရဲ့ ဟန်ပြ နှိမ်နင်းမှုတွေအောက်မှာ ဖထီးတို့ရဲ့ ငရုတ်ခင်းတွေလောက်တင် မကတော့ဘဲ ချေးပုံထဲက လောက်တွေလို တိုင်းပြည်အနှံ့ တဖွားဖွား ပေါ်လာကြပြီ။ အွန်လိုင်းရှိရင် ကျားဖြန့် ရှိသည်ဆိုတဲ့ မူ ချထားလိုက်ပြီ။ MPT နဲ့ အီမလား၊ Ooredoo နဲ့ ဒူးမလား၊ Mytel နဲ့ ဆွဲမလား၊ ATOM နဲ့ ဒွမ်မလား၊ လာထား အာဘွား၊ သွားနှင့်တော့ စတားလင့်ရေ RIP ပါ ဖြစ်သွားပြီ။ နည်းပညာအားလုံး ကျားဖြန့်ဆီသို့ စလိုဂန်တောင် ချိတ်ထားပြီ။
အို ဖထီးတို့ စည်းသုံးတန် တားကြလော့။
ယခုအခါကာလ သမယ၌ မအလကိုယ်တိုင် တရုတ်ဆန့်ကျင်ရေးတရား စဟောပြီ။ အဲလေ ဟောင်ပြီ။ တိုင်းရင်းသား တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေမှာ ကုန်သွယ်မှုတွေ ပြန်ဖွင့်ပေးတာဟာ လက်နက်ကိုင်တွေပဲ ဝင်ငွေရလို့ ပေါက်ဖော်ဟာ “သူခိုး ဓားရိုးကမ်း” တာပဲလို့ ဟောင်ထည့်လိုက်ပြီ။ ခုချိန်ဆို မြန်မာကျွမ်းကျင် မိကျောက်ကျင်လည်း သူခိုး ဓားရိုးကမ်းဆိုတာ သူခိုးဘက်ကို ဓားရိုးလှည့်ပေးလိုက်ပြီး လင်ကို ခုတ်သတ်ခိုင်းတယ် ဆိုတာကို တက္ကသီလာ မြန်မာစာဆရာမပီပီ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရှင်းပြပြီးလောက်ပြီ။ စကားပုံအတိုင်း မအလဟာ ရှီကျင့်ဖျင်ရဲ့ လင်ပါလို့ထိ သေသေချာချာ ရှင်းပြပြီးလောက်ပြီ။ ဆယ့်တစ်ကို ကျောက်ကျင် မေးမေးနေတဲ့ နင်တို့ ဆောင်းပါးဟာ မအလ သဘောထားလား၊ စစ်တပ် သဘောထားလား၊ ဆယ့်တစ် သဘောထားလား ဆိုတာလည်း ရှင်းသွားပြီ။
မအလက NCA နှစ်လည်ပွဲမှာ လူနည်းစုတွေအတွက် အဆင့်မြင့် အုပ်ချုပ်ပုံဆိုပြီး ဝင်ကစ်သွားတဲ့ တိန့်ရှီကျင်းကိုလည်း နင်ရွှီးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းပါ ထိခိုက်မယ်လို့လည်း တပြန်စီး ဆက်အူကာ အတိအလင်း စာရင်းရှင်းလိုက်ပြီ။ ပြည်သူတွေ အရည်အသွေးမမီ၊ အာမခံချက်မရှိတဲ့ ကုန်ပစ္စည်းတွေ သုံးစွဲရနိုင်တယ်လို့လည်း တရုတ်ထုတ်တွေကို အစုတ်ပလုတ်တွေပါလို့ ထုတ်အာလိုက်ပြီ။
ဒါဟာ တရားမဝင် ကုန်သွယ်မှုတွေမို့ စနစ်တကျ ဖော်ထုတ် တားဆီး ထိန်းသိမ်းသွားဖို့လိုပြီ၊ နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသား အကျိုးစီးပွားကို ခိုင်ခိုင်မာမာ ကာကွယ်ဆောင်ရွက်သွားဖို့လိုပြီ၊ ဈေးကွက်သစ်များ ရှာဖို့လိုပြီဆိုပြီး စစ်ကြေညာလိုက်ပြီ။
တရုတ်ကို မအလကိုယ်တော်တိုင် အဲဒီလို ချေချေကြီးတွေ ကစ်၊ ခေါင်းဝါကြီး အားကိုးနဲ့ ပလစ်နေပြီ ဖထီးတို့။ ဒီမြီးတိုကောင် အဲလို အူ အဲလောက် ဟောင်ရဲဖို့ ဆိုတာ အပိုင်သေချာတဲ့ ခိုင်ရွှေဝါ လက်မှတ် ကိုင်ထားနိုင်လို့ပေါ့။
အဆင်လေး အမေရိကန်ကို လော်ဘီခတောင် တစ်နှစ် ဒေါ်လာ သုံးသန်း အမ်းထားတာနော်၊ သဘောပေါက်။
👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar