Breaking News

ဧရာ (မန္တလေး) - အာဇာနည် အကြောင်း


ဧရာ (မန္တလေး) - အာဇာနည် အကြောင်း 

(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၉

Martyr ကို “အာဇာနည်” ဟု ဘာသာပြန်လေ့ရှိသည်။ တိုင်းပြည်အတွက် အသက်ပေးဆပ်သူ၊ ယုံကြည်မှုအတွက် အသက်စွန့်သူဟု နားလည်ထားကြပါသည်။ Martyr ကို “အာဇာနည်” ဟု ဘာသာပြန်နိုင်သော်လည်း၊ “အာဇာနည်” ဟူသည့် စကားတိုင်းကိုမူ Martyr ဟု ပြန်၍ မရပါ။ (ကျဆုံးမှ အာဇာနည်ဟု ခေါ်နိုင်ကြောင်း မှားယွင်း ပြောဆိုနေကြသူများရှိသလို၊ ပရိယတ္တိနယ်တွင် ထူးချွန်သည့် သာသနာ့အာဇာနည် ရဟန်းတော်ကို martyr ဟု မှားယွင်း ဘာသာပြန်သည်ကိုလည်း တွေ့ဖူးပါသည်)။ “အာဇာနည်” သည် “အမျိုးဇာတိကောင်းသော” ဟု အဓိပ္ပါယ်ရသည့် ပါဠိစကား “အာဇာနီယ” မှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထိုစကားသည်လည်း “သိတတ်သော = အာဇာနာန” ဟူသည့် စကားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် “အာဇာနည်” အကြောင်းဟုတ်သည် မဟုတ်သည်ကို သိတတ်သူ၊ တာဝန်သိတတ်သူ၊ ကောင်းစွာ ပြုစုပျိုးထောင်ထား၍ အမျိုးဇာတိ ကောင်းသူ စသည့် အဓိပ္ပါယ်များ ရသည်။

ငါးရာ့ငါးဆယ်နိပါတ်တွင် “အာဇာနည်” နှင့် ပတ်သက်သည့် ပုံဝတ္ထု တခုရှိသည်။ ရှေးလွန်လေပြီးသောကာလ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း စိုးစံနေသောအခါက အလောင်းတော်သည် သိန္ဓောမြင်းမျိုး၌ ဖြစ်သည်။ သိန္ဓောမြင်းဆိုသည်မှာ အိန္ဒိယပြည်မြောက်ပိုင်း သိန္ဓု (Indus) မြစ်ဝှမ်းလွင်ပြင်တွင် ပေါက်ပွားသည့် သန်မာထွားကျိုင်းသည့် မြင်းမျိုး ဖြစ်သည်။ အလောင်းတော် သိန္ဓောမြင်းသည် သန်မာထွားကျိုင်းရုံသာမက အသိဉာဏ်လည်း ရင့်သန်သည်။ မြင်းစီးသူရဲ၏ အလိုကိုသိတတ်သည်။ မိမိ၏ တာဝန်ကိုလည်း သိတတ်သည်။ ထိုသို့ သိတတ်သောကြောင့်လည်း အာဇာနည်ဟု ခေါ်ခြင်း ဖြစ်သည်။

တရက်တွင် ခုနှစ်ပြည်ထောင်မင်းတို့သည် ဆင်တပ်, မြင်းတပ်, ခြေလျင်တပ် အလုံးအရင်း ခြံရံလျှက် ဗာရာဏသီအား ဝိုင်းဝန်း တိုက်ခိုက်လေသည်။ ဗြဟ္မဒတ်မင်းသည် မူးမတ်တို့အား တိုင်ပင်သောအခါ “ကိုယ်တိုင် ထွက်မတိုက်ပဲ မြင်းစီးသူရဲတို့ကို စေလွှတ်တိုက်ခိုက်သင့်ကြောင်း၊ အကယ်၍ အရေးမလှမှသာ ဘာဆက်လုပ်ရမည်ကို ဆုံးဖြတ်ရန်” အကြံပေးကြသည်။ မြင်းစီးသူရဲတို့အား ဆင့်ခေါ်၍ တိုက်နိုင်ပါမည်လောဟု မေးမြန်းရာ မြင်းစီးသူရဲကောင်းက “အကယ်၍ အရှင်၏ အာဇာနည် သိန္ဓောမြင်းကိုသာ ရမည်ဆိုပါက ခုနှစ်ပြည်ထောင်မင်းတို့ကို မဆိုထားလင့် ဇမ္ဗူဒိတ်ကျွန်းလုံးကိုပင် စစ်ထိုးဝံ့ကြောင်း” လျှောက်တင်သည်။ ဗြဟ္မဒတ်မင်းသည် အာဇာနည်မြင်းနှင့်တကွ အခြားသော မြင်းတို့ကိုပါ ယူရန် ပေး၏။ သူရဲကောင်းသည် သိန္ဓောမြင်းအား ချပ်ဝတ်တန်ဆာတို့ကို ဆင်ယင်၍ စစ်ထွက်သည်။

စစ်မြေပြင်တွင် အာဇာနည်သိန္ဓောမြင်းသည် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်၍ ခုနှစ်ပြည်ထောင်မင်းတို့အား တစ်ပါးချင်းစီကို အရှင်လက်ရ ဖမ်းဆီးကာ ဗြဟ္မဒတ်မင်းထံ အပ်နှံ၏။ သို့သော် ဆဋ္ဌမမြောက်မင်းကို တိုက်ခိုက်ဖမ်းဆီးသောအခါတွင် အာဇာနည် သိန္ဓောမြင်းသည် ဒဏ်ရာ ပြင်းထန်စွာ ရသည်။ ထိုအခါတွင် မြင်းစီးသူရဲသည် အာဇာနည် သိန္ဓောမြင်းကို နားစေ၍ ချပ်ဝတ်တန်ဆာတို့ကို ချွတ်ကာ အခြားမြင်းသို့ ပြောင်း၍ ဝတ်ပေး၏။

ဤသည်ကို မြင်သောအခါ “အခြားသော သာမာန်မြင်းတို့သည် အလွယ်နှင့် လက်လျော့ အရှုံးပေးရာ၏။ အာဇာနည်တို့သည်သာ မည်သို့သော အချိန်, မည်သို့သောနေရာ၌ မဆို စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သည်။ မိမိပြုထားသော အမှုကိစ္စအား ဆုံးခမ်းတိုင်အောင် ဆောင်ရွက်ပါရစေ” ဟု မြင်းစီးသူရဲအား ခွင့်ပန်သည်။ မြင်းစီးသူရဲသည် အာဇာနည်မြင်းအား ဒဏ်ရာတို့ကို စည်းကျပ်, ချပ်ဝတ်တန်ဆာတို့ကို ပြန်ဆင်၍ စစ်မြေပြင်ထွက်ကာ ခုနှစ်ယောက်မြောက် မင်းကို ဖမ်းဆီးနိုင်ခဲ့သည်။
အောင်ပွဲကို လာရောက် ဆီးကြိုသော ဗြဟ္မဒတ်မင်းအား “မင်းကြီး … ဤမင်း ခုနှစ်ပါးအား မသတ်ဘဲ၊ သစ္စာကတိပြုစေ၍ ပြန်လွှတ်ပါလော့။ အကျွန်ုပ်တို့ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ရသည်အတွက် မြင်းစီးသူရဲအား ချီးမြောက်ပါလော့။ မင်းကြီး… ဒါနပြုပါလော့၊ သီလ ဆောက်တည်ပါလော့၊ မင်းကျင့်တရားနှင့် ညီစွာ အုပ်ချုပ်ပါလော့” ဟု အာဇာနည်မြင်းက မှာကြားသည်။ ချပ်ဝတ်တန်ဆာတို့ကို ချွတ်ပေးအပြီးတွင် ပြင်းစွာသော ဒဏ်ရာတို့ကြောင့် အာဇာနည် သိန္ဓောမြင်း အသက် ထွက်လေသည်။ အာဇာနည်မြင်းအား ကောင်းမွန်ရိုသေစွာ သင်္ဂြိုဟ်၍ ဂုဏ်ပြုခဲ့ကြသည်။
ဤဇာတ်တော်ကို အစွဲပြု၍ အသက်ပင်သေသေ မကြောက်မရွံ့ မတွန့်မဆုတ်၊ တာဝန်သိတတ်သော ပုဂ္ဂိုလ်တို့ကို အာဇာနည်ပုဂ္ဂိုလ် အဖြစ် ဂုဏ်ပြု ချီးကျုးကြသည်။

▬▬▬▬▬

အထက်ပါ ဇာတ်တော်တွင် အလောင်းတော် အာဇာနည်မြင်းက ရန်သူ၏ အသက်ကို မသတ်ဘဲ စစ်တိုက်၍ တိုင်းပြည်ကို ကာကွယ်သည်မှာ အဝိဟိံသာတရားကို အလေးထားသော ဗုဒ္ဓဘာသာ အယူအဆနှင့် ဆီလျော်သည်ဟု ဆိုနိုင်သော်လည်း၊ “ရန်သူ့ အသက်ကို မသတ်ဘဲ စစ်တိုက်၍ ဖြစ်နိုင်ပါမည်လော” ဟု သံသယပွားသူများလည်း ရှိနိုင်ပါသည်။
ယုံကြည်မှုခိုင်မာလျှင် ထိုအဖြစ်မျိုးက ဖြစ်နိုင်ပါသည်။ ဖြစ်ရပ်မှန်ကို အခြေခံ၍ ရိုက်ကူးထားသည့် Hacksaw Ridge အမည်ရှိ ရုပ်ရှင်ကားကို ညွှန်းလိုသည်။ Desmond Doss ဒက်စမွန် ဒေါ့စ် (၁၉၁၉ - ၂၀၁၆) သည် ဘာသာတရားကိုင်းရှိုင်းသည့် Seventh-day Adventist အသင်းဝင်တဦးဖြစ်ပြီး “သူ့ အသက်ကို မသတ်ရ” ဟူသည့် ပညတ်တော်ကို လိုက်နာစောင့်စည်းသူ ဖြစ်သည်။ ဂျပန်တို့က ပုလဲဆိပ်ကမ်းကို ဗုန်းကြဲတိုက်ခိုက်ပြီးနောက် အမေရိကန်နိုင်ငံက ဒုတိယကမ္ဘာစစ်ထဲ ဝင်ရောက်လာသောအခါတွင် ဒေါ့စ်သည် ဆေးတပ်သားအဖြစ် စစ်မှုထမ်းရန် စာရင်းပေးသည်။ သို့သော် သူ့ယုံကြည်ချက် အလျှောက် လက်နက်ကိုင်ရန် ငြင်းဆန်သည်။ သူ့ကို လက်နက်ကိုင်စေရန် အတင်းအကြပ် ခိုင်းသည်။ မရသည့် အဆုံး တပ်မှ ထွက်စေရန် ညှင်းပမ်းနှိပ်စက်သည်။ ဒေါ့စ်က နှိပ်စက်မှုဒဏ်ကို သည်းခံသည်။ မရသည့်အခါ စိတ်ရောဂါရှိသည်ဟူသည့် အကြောင်းပြချက်ဖြင့် တပ်မှ ထုတ်ပယ်ရန် စွဲချက်တင်သည်။ ယုံကြည်ချက်ကြောင့် စစ်တိုက်ရန်/လက်နက်စွဲကိုင်ရန် ငြင်းဆန်သူ (conscientious objector) တစ်ဦး အဖြစ် ကြံ့ကြံ့ခံရပ်တည်ကာ တရားရင်ဆိုင်သည်။ နောက်ဆုံး ဒေါ့စ်သည် လက်နက်ကိုင်စွဲခြင်း မပြုဘဲ ဆက်လက် စစ်မှုထမ်းခွင့် ရသွားသည်။

အိုကီနာဝါကျွန်း စစ်မြေပြင်သို့ရောက်သောအခါ ရဲဘော်များက သူ့ကို သူရဲဘောကြောင်သူဟု သတ်မှတ်ကြသည်။ သူက ဂရုမစိုက်။ အလွန်ပြင်းထန်သည့် တိုက်ပွဲကြားတွင် သူ့အသက်ကို မငဲ့ကွက်ဘဲ သူ့ရဲဘော်တို့၏ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သည်။ ဒဏ်ရာရသည့် ရဲဘော်များကိုလည်း တောင်ကမ်းပါးပြတ်ပေါ်မှနေ၍ လုံခြုံရာ အောက်သို့ ရောက်အောင် တပင်တပမ်း သယ်ယူကာ သက်စွန့်ဆံဖျား ကယ်တင်ခဲ့သည်။ ဤဖြစ်ရပ်ကို Hacksaw Ridge ဇာတ်ကားတွင် မှတ်တမ်းတင် ရိုက်ကူးထားသည်။

စစ်ပွဲပြီးဆုံးသောအခါ ဒေါ့စ်သည် သူရဲကောင်းဆုတံဆိပ် ချီးမြှင့်ခြင်းခံရသည်။ တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်း မရှိ၍ Martyr ဟု မခေါ်နိုင်စေကာမူ ဒေါ့စ်သည် အာဇာနည်တဦး ဖြစ်သည်ဟု ဆိုနိုင်သည်။

ဧရာ (မန္တလေး)

စာညွှန်း။
၁။ ဇာတက-၂၃၊ ဧကကနိပါတ်-ဘောဇာဇာနီယဇာတ် အဋ္ဌကထာ
၂။ ဇာတက-၂၄၊ ဧကကနိပါတ်-အာဇညဇာတ် အဋ္ဌကထာ
၃။ အင်္ဂုတ္တရနိကာယ်-ဒုကနိပါတ်-ပုဂ္ဂလဝဂ်
၄။ https://en.wikipedia.org/wiki/Desmond_Doss