Breaking News

လင်းသက်ငြိမ် - အာဇာနည်နေ့နဲ့ ကျွန်တော်

Photo - Irrawaddy, ABNA, 2014


လင်းသက်ငြိမ် - အာဇာနည်နေ့နဲ့ ကျွန်တော်(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၉


အာဇာနည်နေ့အကြောင်းကို ရေးဦးမယ်လို့ တွေးနေမိခဲ့တာ ကြာပါပြီ။ဒါပေမယ့် အဲ့ဒီလို အထိမ်းအမှတ်နေ့တွေကိုကျွန်တော်မရေးတတ်ဘူး။အာဇာနည်ေန့ဟာ ဘယ်လိုဖြစ်ခဲ့ တယ်။ခေါင်းဆောင်ကြီးတွေ ဘယ်ပုံကျဆုံးခဲ့တယ်။ကျည်ဆံဘယ်နှစ်ချက်မှန်တယ်။ဘယ်သူတွေက လုပ်ကြံသွားခဲ့တယ်။ စတဲ့ အကြောင်းအရာတွေက တကယ့်ဆရာတွေရေးခဲ့ကြပြီး သား ဆက်ပြီးလည်းရေးနေကြဆဲပါပဲ။ ချရေးလိုက်တိုင်း ဘာရေးရမှန်းမသိတဲ့ အာဇာနည်နေ့ပေါ့။ ဥသြဆွဲသံကြားရင် ငိုချင်သလိုကြီးဖြစ်မိတဲ့ ငယ်ဘဝကအကြောင်းတွေ။ဥသြဆွဲခွင့် ပြု မပြု အတိုက်အခံဖြစ်ခဲ့ကြတဲ့ နှစ်ကာလတွေ။ အာဇာနည် ကိုးဦးထဲ လူမျိုးခြားတွေပါလို့ ပွဲဖြစ်ခဲ့ကြတဲ့ ဖေ့စ်ဘုတ်နေ့ရက် တွေ။ရေးမယ်ဆို ရေးစရာတွေချည်းပဲ။ရေးတတ်ရင်ပေါ့​လေ။ ကိုယ်က မရေးတတ်တော့ မရေးဖြစ်ခဲ့ဘူး။

ဒီနှစ်တော့ အာဇာနည်နေ့တွေနဲ့ ကျွန်တော်ပတ်သက်ခဲ့တာလေးတွေကို သတိရမိလို့ ရေးချမိပါတယ်။
ခုနှစ်ကိုအတိအကျ မသိတော့ပေမယ့်(ဒါကလည်း ကျွန်တော့်အားနည်းချက်ပဲ။မှတ်စုမှတ်ရာ ဘာမှမထားတတ်တဲ့ အတွက်။) လွန်ခဲ့တဲ့လေးငါးနှစ်လောက်ကထင်ပါတယ်။ သေချာတာကတော့ စာသင်ကျောင်းတွေမှာ အာဇာနည်နေ့ကို မဖြစ်မနေကျင်းပကြတဲ့အချိန်၊ ဗိုလ်ချုပ်ပုံကို တရားဝင်ချိတ်ဆွဲ လာကြတဲ့ နှစ်ကာလတွေမှာပါပဲ။ 

အာဇာနည်နေ့ ဟောပြောပွဲလုပ် ဆိုလို့သာလုပ်ရတယ်။ဗိုလ်ချုပ်နဲ့ခေါင်းဆောင်အချို့ အကြောင်းသာသိတယ်။ အာဇာနည်ကိုးဦးစလုံးရဲ့ အကြောင်း ကို ဆရာ၊ဆရာမတွေတောင် မသိကြဘူးဆိုတဲ့ အသံတွေကြား
လာရတော့။ ကျွန်တော့်မြို့မှာ အာဇာနည်ကိုးဦးအကြောင်း ပန်းဖလက်ကဗျာလေး လုပ်ဖို့စိတ်ကူးမိတယ်။

ကဗျာကလည်း ငယ်ရွယ်တဲ့ ကျောင်းသားကလေးတွေကို အာဇာနည်ကိုးဦး အကြောင်းသိစေချင်တာ ဆိုတော့ ကလေးကဗျာပုံစံလေးနဲ့က ပိုအဆင်ပြေမယ်လို့ တွေးမိတယ်။ အဲ့ဒီကာလက ကလေးကဗျာ ဆိုတဲ့ အသံတွေ အခုလိုဆူဆူညံညံ မကြားရသေးဘူး။  အာဇာနည်ကိုးဦးအကြောင်း လက်လှမ်းမီသမျှရှာဖွေ
ပြီး ကဗျာတိုလေး ကိုးပုဒ်ရေးဖြစ်ခဲ့တယ်။ တကယ်တမ်းကတ​တော့ ကလေးကဗျာဆိုတာ အလွန်ခက်ခဲတယ်လို့ ကျွန်တော့်ရှေ့က ဆရာတွေကော၊ကျွန်တော်ပါ လက်ခံထားပြီးသားပါ။ အသံသာသာနဲ့ ထင်းခနဲရှင်းခနဲ လွယ်လွယ်ကူကူ ကလေးတွေနားလည် ဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။ ကျွန်တော်က ကာရံသမား
မဟုတ်တော့ ပိုဆိုးသေးတယ်။ နရီမမှန်၊ စပ်ထုံးမမှန် အကျည်းတန်နေဖို့က သေချာတယ် မဟုတ်လား။

ဆရာကြီးမင်းသုဝဏ်၊ ဆရာဇော်ဂျီ ၊ဆရာတင်မိုး၊ ဒေါက်တာ မောင်ဖြူးတို့ရဲ့ ကလေး ကဗျာတွေဖတ်ရတော့ ကလေးကဗျာဆိုတာ သိပ်ကိုခက်ခဲ နက်နဲတဲ့ တောကြီးမျက်မှည်းလို့ ခံစားရတယ်။ဒါပေမယ့​ေ မျက်စိစုံမှိတ်ပြီး အာဇာနည်ကိုးဦးရဲ့မွေးသက္ကရာဇ်မွေးရပ်၊ အမိ အဘ အဲ့ဒီလောက်ကလေး ကလေးတွေသိရင်လည်း
အကျိူးမနည်းဘူးဆိုပြီး မိုက်မိုက်မဲမဲ ကလေးကဗျာတောအုပ်ကြီးထဲ ခုန်ချပစ်လိုက်မိတယ်။
ကဗျာရေးပြီးတော့ ကိုယ့်မြို့ကမိတ်ဆွေတစ်ယောက်ကို ပြလိုက်တော့`ဟာ မင့်ဟာက မိုက်တယ်ဟ ကလေးတွေ အတွက် အဆင်ပြေတယ် စက္ကူ ဖိုး ငါပေးမယ်´ဆိုတာနဲ့ပဲ လီဂယ်စာရွက်လေးခေါက်ချိူး အဖြူ အမည်းနှစ်ရောင်နဲ့ အာဇာနည်နေ့ ကဗျာပန်းဖလက်ကလေးတွေဖြစ်လာခဲ့တယ်။
မြို့ပေါ်က အလယ်တန်းနဲ့မူလတန်းကျောင်းတွေပဲ ဝေမယ်လို့ စီစဉ်ခဲ့ပေမယ့် အနီးအနားကရွာကျောင်းကလေးတွေကို လိုက်ဝေဖြစ်ခဲ့ကြတယ်။ ဆရာ၊ဆရာမတွေ `ကဗျာလေးတွေ ရလိုက်တာကောင်း၊ ဒို့ကဟောပြောပွဲလုပ်ဆိုလို့သာ လုပ်ရတာ အာဇာနည်ကိုးဦးစလုံးသိတာ မဟုတ်ဘူး အခုကဗျာလေးတွေ
ထဲကနေ ထုတ်ပြီးပြောလို့ရတာပေါ့´ ဖနောင့်သံစူးပြီး ပြုံးဖြီးဖြီးဖြစ်နေမိတော့တာပေါ့။ သမိုင်းကိုအဓမ္မဖျောက်ခဲ့တဲ့ အကျိူးဆက်က ဘယ်အချိန်ထိ ဆုတ်ယုတ်နေဦးမှာလဲလို့တွေးမိတယ်။
သေသွားတဲ့လူတွေရဲ့နာမည်ကိုလိုက်သတ်ပြီး သူတို့နာမည်တွေတင်ကျန်နေမယ်လို့ ထင်တဲ့လူတွေဟာ အတော်ရူးနှမ်း ရက်စက်လွန်းကြတယ်။ ကလေးတွေသံပြိုင်ရွတ်နေတဲ့ ကိုယ့်ကဗျာလေးတွေကို ကြားမိတော့ ကြက်သီးထပြီး ကြည်နူးမိတာပါပဲ။ဘာမှမရခဲ့ပေမယ့် ရခဲ့တာတွေလည်း ရှိခဲ့တယ်ပေါ့။ ရူးချင်စရာကောင်းတဲ့အရသာက ရွှေထက်၊ငွေထက် ပိုတန်ဖိုးရှိတဲ့ ကဗျာသမားဘဝပဲ မဟုတ်လား။

လားရှိုးမှာ အလုပ်လုပ်နေတဲ့အချိန် အာဇာနည်နေ့နဲ့ တိုးရပြန်တယ်။သီလရှင်သင်ပညာရး​ကျောင်းတစ်ခုမှာ
အာဇာနည်နေ့အခမ်းအနားကျင်းပမှာမို့ ကလေးတွေကို အာဇာနည်နေ့အကြောင်း ပြောပြပေးဖို့သူငယ်ချင်းတစ်ယောက်က ပြောတာနဲ့ အဲ့ဒီကဗျာလေးတွေနဲ့ပဲ အချိန်ပိုင်းဝင်ဝင်ပြီး ပြောပြဖြစ်ခဲ့တာပါပဲ။အသံထွက်ဆိုတဲ့အခါ ထောက်နေတဲ့ နေရာလေးတွေကို ထပ်ပြင်ရတယ်။ ကလေးတွေက သံပြိုင်ဆိုကြတော့ နားထောင်ကောင်းတယ်လို့ ထင်ရပေမယ့် စပ်ထုံးမညီ၊ ကာရံမပီတဲ့ မီးကျိူးမောင်းပျက် ကဗျာတွေမှန်းတော့ ကိုယ့်ဟာကိုယ်သိပါတယ်။ 

ရူးရူးနှမ်းနှမ်းစိတ်ကြွတက်ခဲ့ပုံက အဲ့ဒီကဗျာလေးတွေကို သံစဉ်ထည့်ပြီး စာအုပ်နဲ့ခွေတွဲထုတ်ဖို့ တွေးခဲ့မိတာပါပဲ။ ဂီတမိတ်က သူငယ်ချင်းကိုလှမ်းပြောတော့ သူ့ဆရာနဲ့တိုင်ပင်ဦးမယ်လို့ပြောတယ်။ ခွေလုပ်မယ်ဆိုတော့ ပိုက်ဆံကလည်း မရှိ။ မိတ်ဆွေတစ်ယောက်က စတူဒီယိုနဲ့ တီးဝိုင်းခတွေစုံစမ်းပြီး သူနိုင်ရင်လုပ်မယ်ပြောလာတယ်။  ရန်ကုန်ကမိတ်ဆွေတစ်ယောက်ကလည်း ထုတ်ဝေသူရှာပေးမယ်လို့ ပြောပါတယ်။ဒါပေမယ့် မောင်ချောနွယ်ရဲ့လက်ဆောင် ကို ဖတ်လိုက်ရတော့ အရူးအိပ်မက်ကနေ ကျွန်တော်နိုးထရ
တော့တာပဲ။ သူ့လို ခေတ်လည်းမီ အသံလည်းပီတဲ့ ကလေးကဗျာကို ဒီတစ်သက်တော့မရေးနိုင်တော့ဘူးလို့ကို တွေးမိတယ်။ အဲ့ဒီတော့ ခွေလည်းမလုပ်ချင်တော့ဘူး။ ဟုတ်လှ ပြီ ထင်နေတဲ့ စိတ်ကလည်း အောက်ကိုထိုးကျသွားတယ်။
အဲ့ဒီကတည်းက ကျွန်တော်ရေးခဲ့တဲ့ အာဇာနည်နေ့ကလေးကဗျာဆိုတာကို ကျွန်တော့်ဖာသာမေ့ပစ်ထားခဲ့လိုက်တော့တယ်။ ဒီနှစ်တော့ မိတ်ဆွေကျောင်းဆရာတစ်ယောက်က သူတို့ကျောင်းမှာ အာဇာနည်နေ့ဟောပြောပွဲလေးလုပ်မှာမို့ မဖြစ်နေတက်ဟောပေးပါလို့ ပြောလာတယ်။ ဟောရပြောရ အောင်ကလည်း ကိုယ်ကဘာမှမဟုတ်တဲ့အကောင်။ စကား ပြောစွမ်းရည်ကလည်း ညံ့ဖျင်းမှန်းကိုယ့်ဟာကိုယ်သိ​တော့
ပစ်ထားခဲ့တဲ့ ကဗျာလေးတွေကို သတိရမိပြီး အဲ့ဒီကဗျာလေး တွေကိုပဲ ပရင့်ပြန်ထုတ်ပြီး ဝေပေးလိုက်ရင်ကောင်းမယ်လို့ အကြံပေးတော့ သူကလည်း အားတက်သရောရိုက်ဖို့ပြောတယ်။ ကဗျာတွေကတော့ ခပ်ညံ့ညံ့တွေလို့ ကိုယ့်ဖာသာသိနေတော့ ဖြစ်ပါ့မလားလို့ ရှက်ကိုးရှက်ကန်းမေးမိတယ်။ ကျောင်းဆရာက
ဘာဖြစ်လဲ အာဇာနည်တွေအကြောင်း ကလေးတွေခပ်ပါးပါး သိရတော့လည်း အမြတ်ပဲဆိုပြီး အရူးကိုဘုံမြှောက်တော့ ပစ်ထားတဲ့ ကဗျာတွေကို အွန်လိုင်းကနေလိုက်ရှာရတယ် ။
ကျောင်းပွဲကကြိုလုပ်တော့တာဆိုေတာ့ အချိန်လည်းမရတော့ ဘာမှထပ်ပြင်မနေတော့ပဲ အရင်အတိုင်း ပန်းဖလက်ပြန်ရိုက် ပြီး အမြန်ထုတ်လိုက်ရတယ်။ နေ့လည်ပိုင်းကျောင်းကိုရောက်သွားတော့
ကလေးတွေက မျှော်နေကြတာကိုတွေ့ရတယ်။ ကျောင်းအုပ် ဆရာမကြီးကလည်း ဟောပြောပွဲအတွက်စိတ်ထက်သန်လို့။  ကျွန်တော်ဘာမှသိပ်မပြောတတ်တဲ့အေကြာင်း ဒီကဗျာပန်းဖလက်ကတွေနဲ့ပဲ ကလေးတွေကိုနည်းနည်းပါးပါး ဖတ်ပြရွတ်ပြခဲ့မယ်ဆိုတဲ့အကြောင်း ရှင်းပြပြီး ကဗျာတွေကိုရွတ်ပြခဲ့ရတယ်။
ကလေးတွေက အားကြိုးမာန်တက်ဆိုလေ ကျွန်တော့်ကဗျာတွေအတွက် ကျွန်တော် အားနာမိလေပါပဲ။ကလေးတွေအတွက် ကျွန်တော့်ကဗျာတွေက အကောင်းစားမဖြစ်နိုင်တာသေချာပေမယ့် မမေ့သင့်တဲ့အာဇာနည်တွေအကြောင်း တစွန်းတစ သိသွားကြရင်ပဲ ကျွန်တော်ကျေနပ်ပါတယ်။ လယ်ကွင်းတွေ
ပတ်လည်ဝိုင်းနေတဲ့ ရွာကျောင်းကလေးထဲက ကလေးတွေရဲ့ ကဗျာရွတ်သံက အာဇာနည်နေ့ကို ခါတိုင်းထက်ပိုမို အသက်ဝင် စေမှာတော့ သေချာပါတယ်။ကျွန်တော့်ရဲ့ ခပ်ညံ့ညံ့ ကလေးကဗျာလေးတွေအတွက်လည်း ကျွန်တော်ကျေနပ်နေခဲ့မိတယ်။
အခမ်းအနားပြီးလို့ စာသင်ခန်းထဲကနေ အပြင်ကိုထွက်လိုက်တော့ လယ်ကွင်းတွေကိုဖြတ်ကျော်ပြီး တိုက်ခတ်လာတဲ့လေကို ထိတွေ့ရတယ်။ လတ်ဆတ်တဲ့လေကြောင့် ချွေးစတွေနဲ့ကိုယ်က အေးခနဲဖြစ်သွားပြီး ကြက်သီးဖြန်းခနဲ ထမိတယ်။

ကျောင်းရှေ့ အလံတိုင်ထိပ်မှာ လေနဲ့တဖျပ်ဖျပ်လွင့်နေတဲ့ အလံ။ 
ရုပ်ဒြပ်အစိုင်အခဲမရှိတော့ပေမယ့် အခုထိ ရှင်သန်နေတဲ့အမည်နာမ တွေပဲလို့ တွေးမိတယ်။
ကျဆုံးလေပြီးတဲ့ အာဇာနည်တွေကို စိတ်ထဲကနေ ဦးညွတ်လိုက်မိတယ်။ 
ယမ်းငွေ့တွေ လွင့်ပျံနေတဲ့ အစည်းအဝေးတစ်ခု။
ပြိုလဲညည်းတွားနေတဲ့ ကိုယ်ခန္ဓာများ။
  ပြေးထွက်သွားခဲ့တဲ့ခြေသံများ။ 
နှစ်ပေါင်းများစွာ ကျရောက်လာမယ့် အမှောင်ထုဟာ နိုင်ငံတစ်ခုကို သွေးထွက်သံယိုတွေနဲ့ အစပြု ဝါးမြိုပစ်ခဲ့တယ်။ 
ဥသြဆွဲသံများ၊တက်ခေါက်သံများ၊ ထောင်ထနေတဲ့မေးရိုးကြီးများ အရင်ကလည်း အခုလို အာဇာနည်နေ့ရှိခဲ့တယ် မဟုတ်လား။
နောက်များမှာလည်း အခုလို တည်ရှိနေပါဦးမှာပဲမဟုတ်လား။
သမိုင်းဆိုတာ ခြေနဲ့နင်းဖျက်လို့ရတဲ့ အရာမှ မဟုတ်တာ ။

လင်းသက်ငြိမ်