Breaking News

ဆောင်းယွန်းလ ● စုဆောင်းထားခဲ့မိသော ဆုတောင်း

ဆောင်းယွန်းလ ● စုဆောင်းထားခဲ့မိသော ဆုတောင်း
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၉

ပူလောင်အိုက်စပ်ခြင်းများနဲ့ ပေါင်းသင်းနေရတဲ့ကမ္ဘာမှာ
အတွေးတွေအနှုတ်ဖြစ်လာတယ်
ဘာစားစား အားဖြစ်မလာသလို
ဘယ်ကိုမြှောက်မြှောက် ချောက်ထဲထိုးကျနေတဲ့သံသရာ
ဒီသချာၤတွက်နည်းဟာ
ဂုဏ်ထူးတန်းမဝင်နိုင်ခဲ့ခြင်းရဲ့ အဖြေမှန်ဘဲဖြစ်မှာပါ
နဲနဲလှုပ်လိုက်ရုံနဲ့ခပ်နက်နက်ကျွံဆင်းသွားရတဲ့ နွံတွင်းထဲမှာ
လေပူတွေကိုချည့်ရှူရှိုက်နေရရင်း 
စီးကရက်တွေကို တလိပ်ပြီးတလိပ် ချဉ်ခြင်းတပ်နေမိခဲ့ရ
မိုးရွာဖို့လွန်ဆွဲနေကြတဲ့သတင်းကိုမြင်ရတော့ ရေငတ်ပြီး
နောင်အနာဂတ်နှစ်ပေါင်းသုံးဆယ်ရဲ့သတင်းကိုကြားရတော့ အားပြတ်တယ်
တိမ်တွေရှိရာအရပ် လမ်းလျှောက်မထွက်ဖြစ်ခဲ့တဲ့နေ့တွေလည်းများခဲ့ပါပြီ
အိမ်ဆိုတဲ့အရပ်ကို အိပ်မက်လှည့်မမက်ဖြစ်ခဲ့တဲ့ညတွေလည်းများခဲ့ပါပြီ
မေးခွန်းအမှားတွေကို မနားတမ်းဖြေဆိုပစ်နေရတဲ့ နှစ်ကာလကြီးဘဲ
သရဲကားထိုင်ကြည့်တော့ ရယ်စရာကောင်းလွန်းလာပြီး
ဟာသရုပ်ရှင်ထိုင်ကြည့်မိတော့ ဖန်သားပြင်ကိုလက်သီးနဲ့ ပြေးထိုးပစ်ချင်လာတယ်
အကာအကွယ်မရှိတဲ့လူတန်းစားကိုမှရွေးးပြီးတိုက်နေတဲ့ မုန်တိုင်းတွေ
လေတိုက်တာမဆန်းဘဲ သစ်ရွက်လှုပ်တာက ဆန်းနေတဲ့ခေတ်ကြီး
အမှောင်ကိုစီးပြီးကြီးပြင်းခဲ့ရတာ လွယ်သလောက်
အရုဏ်မိုးသောက်ခါနီးရောက်မှ လမ်းလျှောက်ဖို့ခက်နေတဲ့အဖြစ်
ကိုယ့်အချစ်နဲ့ ဘာကိုမှအကောင်းအတိုင်းဖြစ်မလာနိုင်သေးတဲ့ကမ္ဘာမှာ
အရာရာအစကပြန်စလို့ရရင် ဘာကိုမှပြန်မစချင်တော့ပါဘူး
အမုန်းများဆုံးဖို့အကြောင်းသာ 
ဆုတောင်းလိုပါ၏။

ဆောင်းယွန်းလ