Breaking News

ဇင်လင်း - ပြည်သူတို့ဆန္ဒအတိုင်း တိုင်းပြည်ပြန်လည်ထူထောင်ရေး အာဇာနည်များ ရှေးရှုခဲ့သည်

Photo - Kyaw Moe Lwin, MoeMaKa, 7/19/2019

ဇင်လင်း - ပြည်သူတို့ဆန္ဒအတိုင်း တိုင်းပြည်ပြန်လည်ထူထောင်ရေး အာဇာနည်များ ရှေးရှုခဲ့သည် 

(မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၉

လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြရသည်မှာ ယခုနှစ် ဆိုလျှင် နှစ်ပေါင်း (၇၂)နှစ်ပြည့် ခဲ့ပြီ။ ဗိုလ်ချုပ်နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးပြီးနောက် တိုင်းပြည်၏ ကံကြမ္မာလည်း အလှည့်အပြောင်းဖြစ်ခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဇွဲ လုံ့လဝိရိယ သူရသတ္တိ နှင့် ကိုယ်ကျိုးစွန့်အနစ်နာခံမှုတို့ေကြာင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့သည်။ သို့သော် ထိုစဉ်က မြန်မာ့လွတ်လပ်ရေးကို အမွေဆက်ခံကာ ထိန်းသိမ်းစောင့်ရှောက်ခွင့်ရရှိခဲ့ကြသူ နိုင်ငံရေး ခေါင်းဆောင်များ အချင်းချင်း စည်းလုံးညီညွတ်မှု လျော့ရဲခဲ့သောကြောင့် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီး စတင်တောက်လောင် ခဲ့ရသည်။ လွတ်လပ်ရေးကို သွေးစည်းညီညွတ်မှုဖြင့် ထိန်းသိမ်းကြရမည့်အစား ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူဝါဒလမ်းစဉ်အစွဲ၊ ငါနှင့်ငါသာ နှိုင်းစရာဟူသော ငါစွဲအယူဝါဒ တစ်ဖက်စွန်း ရောက်သူများကြောင့် ပြည်တွင်းစစ် ပဋိပက္ခ ကျယ်ပြန့်ခဲ့ရသည်။

ထိုသို့သော ဂိုဏ်းဂဏဝါဒီများကြောင့် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ အသက်ပေး ကြိုးပမ်း ရယူခဲ့သည့် လွတ်လပ်ရေးအနှစ်သာရသည် အချည်းနှီးဖြစ်ခဲ့ရသည်။ လုပ်ကြံသတ်ဖြတ် မခံရမီ ရက်ပိုင်းအလို ၁၉၄၇ ခုနှစ် ဂျူလိုင်လ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း မြို့တော်ခမ်းမ၌ နောက်ဆုံးပြောကြားခဲ့သည့် မိန့်ခွန်းကို သတိရစရာဖြစ် သည်။

“တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသား လူထု ညီညွတ်ရေး၊ စားဖား သမားတွေ ညီညွတ်တာ ကျုပ်မလို ချင်ပါဘူး။ တိုင်းရင်းသား အချင်းချင်း ညီညွတ်ရေး၊ တိုင်းသူ ပြည်သား လူထု ညီညွတ်ရေး။ အဲဒီ ညီညွတ်ရေး နှစ်ခု မရှိသမျှ ကာလ ပတ်လုံး၊ ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်းပဲ၊ ဘယ်ပါတီတက်တက် ဘယ်အစိုးရ လုပ်လုပ် ဖာသည် နိုင်ငံဖြစ်နေမှာပဲ။ အဲဒီလိုပဲ ကျွန်တော် ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့က မပျက်ပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက် ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီး ပါတယ်။” ဟု ဗိုလ်ချုပ်က ပြောခဲ့ဖူးသည်။

ဗိုလ်ချုပ်အောင်ဆန်း စိုးရိမ်သည့်အတိုင်းပင် သူကျဆုံးပြီးနောက် တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ယိုယွင်း ပြိုကွဲခဲ့ရ သည်။ ဝန်ကြီးချုပ် ဦးနုနှင့် ဖဆပလအစိုးရ ဆယ်နှစ်ဆယ်မိုးကာလ (၁၉၄၈-၅၈) တွင် ရောင်စုံသူပုန်ထခဲ့ကြရာ၊ ရန်ကုန် အစိုးရဟု အခေါ်ခံရသည့် အခြေအနေအထိ ပြည်တွင်းစစ် အရှိန် မြင့်မားခဲ့သည်။ သေသူကို ရှင်သူက တကြရသည်ဟု ဆို သည့်အတိုင်း ထိုစဉ်က စစ်ဒဏ်ခံ ပြည်သူလူထုမှာ ဗိုလ်ချုပ်အောင်ဆန်းကို တိုင်တည်ကာ စစ်ပွဲဖန်တီးသူများကို ပြစ်တင် ရှုံ့ချခဲ့ကြသည်။ ပြည်တွင်းစစ် ရေရှည်လာသည်နှင့်အမျှ စစ်တပ်သြဇာအရှိန်ကလည်း ကြီးထွားလာခဲ့သည်။ နောက်ဆုံး၌ စစ်တပ်က သူ့ကိုယ်သူ တိုင်းပြည်၏ ကယ်တင်ရှင်ဟု ထင်လာသည်။ သို့ဖြင့် ထိုစဉ်က စစ်ဗိုလ်ချုပ်ကြီး၏ သြဇာကြီးမား လာပြီးနောက်၊ ၁၉၆၂ တွင် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ရသည်။ တစ်ဆက်တည်းမှာပင် စစ်အာဏာရှင်စနစ်လည်း ပေါ်ပေါက်ခဲ့ပြီး၊ တိုင်းပြည်၏ နိုင်ငံရေး စီးပွားရေး အခြေအနေအရပ်ရပ် ဖရိုဖရဲဖြစ်ခဲ့ရလေသည်။

စစ်အာဏာရှင်စနစ် လွှမ်းမိုးခဲ့ချိန်မှ စတင်၍ စစ်အာဏာရှင်ဂိုဏ်းက ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို မှေးမှိန်စေရန် ကြံစည်လုပ်ဆောင်ခဲ့ကြသည်။ ကျောင်းသင်္ခန်းစာများတွင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းကို စတိလောက်သာ ထည့်သွင်း ခဲ့သည်။ ငွေစက္ကူများပေါ်မှ ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံများကို ဖယ်ရှားခဲ့ကြသည်။ နှစ်စဉ် အာဇာနည်နေ့ ဗိုလ်ချုပ်တို့ ကျဆုံးချိန်တွင် ဥသြဆွဲကာ အလေးပြုကြသည့် အစဉ်အလာကို တားမြစ်ပိတ်ပင်ခဲ့ကြသည်။ အာဇာနည်ဗိမာန်နှင့် ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်သို့ ပြည်သူများ မလာချင်အောင် လုံခြုံရေးတင်းတင်းကြပ်ကြပ်ဖန်တီး ခြိမ်းခြောက်ခဲ့သည်။ တက္ကသိုလ်နှင့် ကျောင်းများတွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများ၊ စကားရည်လုပွဲ များ ပိတ်ပင်ခံခဲ့ရသည်။ ဖဆပလခေတ်က အာဇာနည်နေ့ နီးပါက ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို မြန်မာ့အသံ ရေဒီယိုမှ လွှင့်ပေးသည့် အစဉ်အလာကိုလည်း စစ်အာဏာရှင်ခေတ်တွင် ပိတ်ပင်ခံရသည်။ အစိုးရရုံးများနှင့် ကျောင်းခမ်းမ များတွင် ဗိုလ်ချုပ် အောင်ဆန်း၏ ရုပ်ပုံများချိတ်ဆွဲခွင့်ကိုပင် တားမြစ်သည်အထိ မလျော်မကန် လုပ်ခဲ့ကြသည်။

ယင်းလုပ်ရပ်များသည် ဗိုလ်ချုပ်အောင်ဆန်းကို သမိုင်းစာမျက်နှာများပေါ်မှ ပျောက်ကွယ်သွားစေရန် လုပ်ကြံခဲ့ကြခြင်းဖြစ် သည်။ သို့သော် ပြည်သူလူထု၏ နှလုံးသားထဲမှ ဗိုလ်ချုပ်အောင်ဆန်း၏ အာဇာနည်ခေါင်းဆောင်ပုံရိပ်ကိုကား စစ်အာဏာ ရှင်ဂိုဏ်းသားတို့ ဖျောက်ဖျက်ခြင်းငှာ မစွမ်းနိုင်ခဲ့ကြပေ။

အယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်အောင်ဆန်းသည် စစ်တပ်က တိုင်းပြည်ကို အုပ်ချုပ်လျှင် ထိုတိုင်းပြည် အလုံးစုံပျက်သုဉ်း လိမ့်မည်ဆိုခြင်းကို တင်ကြိုနိမိတ်ဖတ်ခဲ့ဖူးသူ ဖြစ်သည်။ ဤနေရာ၌ ၁၉၄၅ ခုနှစ်၊ သြဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံ ခေါင်းဆောင်များ အစည်းအဝေးတွင် ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကို ကိုးကားလိုသည်။

“ကနေ့ လူကြီးများ အစည်းအဝေးခေါ်ရခြင်းအကြောင်းမှာ နိုင်ငံအတွင်း နိုင်ငံရေးညီညွတ်မှုကို ရှေးရှု၍ ခေါ်ဆိုရခြင်း ဖြစ်ပါတယ်။ အရင်ကလည်း ခေါ်ခဲ့တယ်။ မူလကလည်း ရည်ရွယ်ခဲ့တယ်။ နိုင်ငံရေးညီညွတ်မှုဆိုတဲ့ အဓိပ္ပာယ်ဟာ ဘာလဲ ဆိုရင် အခု ကျွန်တော်တို့ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကို တနိုင်ငံလုံးရဲ့ နည်းလမ်းတကျ အတည်ပြုလိုက်တဲ့အဖြစ်ကို (Formal Sanction) အမြန်ရောက်အောင်လုပ်ပြီး၊ ဒီအဖွဲ့ချုပ်ကြီးရဲ့ဝါဒ ရည်ရွယ်ချက် စည်းမျဉ်းများအတိုင်း နိုင်ငံအတွက် ဖက်ဆစ်ဝါဒ ကမ္ဘာကြီးတလျှောက် ပပျောက်သွားရေး၊ မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် ထူထောင်ရေးလုပ်ငန်းစဉ်များကို အများပြည်သူတို့ဆန္ဒနှင့် လျော်ညီစွာ တညီတညွတ်ထဲ လုပ်ကိုင်ခြင်းကို ဆိုလိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ အဖွဲ့ချုပ်၏ ရည်ရွယ်ချက်များအဖြစ် အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။ (က) ဖက်ဆစ်ဝါဒ ကမ္ဘာတွင် လုံးဝပပျောက်သည်အထိ ဆောင်ရွက်ရန်။ (ခ) အတ္တလန္တိတ် ကြေညာချက်၊ တီဟီရန် ကြေညာ ချက်၊ စသောကြေညာချက်များအတိုင်း ဗမာပြည်သူပြည်သားတို့သည် မိမိတို့ ကံကြမ္မာကို မိမိတိုကဖာသာ ဖန်တီးရန်။ (ဂ) ဗမာပြည်ကြီးကို ပြည်သူတို့ဆန္ဒအတိုင်း ပြန်လည်ထူထောင်ရန်။ (ဃ) ဗမာပြည်အတွင်းရှိ တိုင်းရင်းသားလူမျိုးတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ဖာသာဖန်တီးနိုင်ပြီး၊ အားလုံး၏ သဘောနှင့် ညီညွတ်စွာ ထူထောင်သော နိုင်ငံ တည်ထောင်ရန်။ ဒါတွေဟာ အဖွဲ့ချုပ်ကြီးရဲ့ရည်ရွယ်ချက်များ ဖြစ်ပါတယ်။” ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။

ယင်းမိန့်ခွန်းထဲမှာပင် ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်း ပြောကြားခဲ့သေးသည်။
“အခု ကမ္ဘာကြီးမှာ လူတဦးထဲက ဖြစ်စေ၊ သို့မဟုတ် လူတစုကဖြစ်စေ၊ နိုင့်ထက်ကလူပြုကာ နိုင်ငံအတွင်းမှာရော နိုင်ငံ အပမှာရော ဖက်ဆစ်ဝါဒဟာ ပြည်တွင်းလွတ်လပ်ရေး၊ ကမ္ဘာ့လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးကို ဖျက်ဆီးခဲ့တယ်။ ဒီလို ဖက်ဆစ်ဝါဒဟာ ဆိုးသွမ်းတယ်ဆိုတာကို ကျွန်တော်တို့ တိုင်းသူပြည်သားတွေ ကိုယ်တိုင် အဲဒီဝါဒ လက်ကိုင်ထားတဲ့ ဂျပန်အောက်မှာ သုံးနှစ်သုံးမိုးလောက်နေခဲ့ရလို့ လက်တွေ့သိရှိခဲ့ပြီးပဲ။ အခုအခါ ပြည်တပြည်မှာ ဒီလိုဝါဒမျိုးရှိရင် သူတို့ ဖာသာသူတို့ဖြစ်နေကြတာ ငါတို့နဲ့ဘာဆိုင်သလဲလို့ စောဒကတက်ချင်ကြတဲ့လူတွေ ရှိချင် ရှိမယ်။ အဲဒီလို စောဒကကို အဖြေကတော့ ဒီလိုပဲ အရင်က အချို့တိုင်းပြည်ကြီးတွေ လူတွေ သဘောထားကြလို့ ဖက်ဆစ်ဝါဒ လွှမ်းမိုးတဲ့ တိုင်းပြည် တွေက တဖြည်းဖြည်းနယ်ချဲ့ပြီး ရမ်းကားလာတဲ့အတွက် အခု စစ်ကြီးဖြစ်ခဲ့ရတာပဲ။ ဒီဖြစ်ခဲ့တဲ့ စစ်ကြီးဟာလည်း ကျွန်တော်တို့နိုင်ငံပါ မကျန် မီးကူးခဲ့တယ် မဟုတ်ဘူးလားဆိုတဲ့ လက်တွေ့အဖြကိုပဲ ပေးရမှာပဲ။” ဟု ပြောခဲ့သည်။

“ယခုအခါမှာ ငြိမ်းချမ်းရေးကို အဖျက်ဆီးဆုံးဝါဒဟာ ဖက်ဆစ်ဝါဒဖြစ်လို့ ဒီဝါဒ ကမ္ဘာမှာ ဘယ်နေရာမှာဖြစ်ဖြစ် ရှိနေရင် စစ်ဖြစ်ဦးမှာမို့လို့ ဒီဝါဒ ပပျောက်အောင် လုပ်ဖို့လိုတယ်။” ဟု ဗိုလ်ချုပ်အောင်ဆန်းက အမြော်အမြင်ကြီးစွာ ပြောကြားခဲ့ သည်။

“ဖက်ဆစ်ဝါဒ ကမ္ဘာတွင် လုံးဝပပျောက်သည်အထိ ဆောင်ရွက်ရန်” ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ကြားချက်ကို ယခုခေတ် စကားနှင့် အဓပ္ပါယ်ဖွင့်ရလျှင် စစ်အာဏာရှင်စနစ်ကို လုံးဝ အပြီးအပြတ် ပပျောက်သည်အထိ ဆောင်ရွက်ရန် ဖြစ်သည်။ စစ်တပ်အားကိုးဖြင့် တိုင်းပြည်ကို အုပ်ချုပ်ကြသော အစိုးရအမျိုးအစားများသည် ယေဘုယျအားဖြင့် ဖက်ဆစ် ဝါဒကို ရေလဲအမျိုးမျိုးသုံး၍ အုပ်ချုပ်ကြသူများသာ ဖြစ်သည်ကို သတိပြုဖို့လိုသည်။ “ဗမာပြည်အတွင်းရှိ တိုင်းရင်းသား လူမျိုးတိုင်း မိမိတို့ကံကြမ္မာကို မိမိတို့ဖာသာဖန်တီးနိုင်ပြီး၊ အားလုံး၏ သဘောနှင့် ညီညွတ်စွာ ထူထောင်သော နိုင်ငံ တည်ထောင်ရန်”ဆိုသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရည်ညွှန်းချက်သည် ယနေ့တိုင်းရင်းသားပြည်သူလူထု ရည်ရွယ် ကြိုးပမ်းနေသော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေးပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းခဲ့ သော “ဗမာပြည်သူပြည်သားတို့သည် မိမိတို့ ကံကြမ္မာကို မိမိတိုကဖာသာ ဖန်တီးရန်” ဆိုသည့်အချက်ကို ဆန့်ကျင်နေ သူများ ယနေ့မြန်မာ့နိုင်ငံရေးဖြစ်စဉ္တြင် ပေါ်ပေါက်နေသည်။ ထိုသို့ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေး ရည်ရွယ်ချက်ကို ဖျက်ဆီးနေသူများသည် ဖက်ဆစ်ဝါဒလိုလားသော စစ်အာဏာရှင်ဂိုဏ်းသားများသာ ဖြစ်ဖို့များသည်။

၁၉၄၇ခုနှစ် မေလ (၃၀) ရက်နေ့တွင် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ဖဆပလဌာနချုပ်၌ ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေး၌ ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေး မယ်’ ဟူ၍ သူ၏ စိတ်ရင်းဆန္ဒကို ဖွင့်ဟပြောကြားခဲ့ဖူးသည်။ ဗိုလ်ချုပ်၏ ထိုပြောစကားသည် ဝမ်းသာစရာ ကောင်းသလို ဝမ်းနည်းဖွယ်လည်း ကောင်းလှသည်။ ဝမ်းသာစရာကောင်းသည်က စာရေးဆရာ ဗိုလ်ချုပ်အောင်ဆန်းထံမှ ယူ၍ မကုန် ခန်းနိုင်သည့် စာပေဗဟုသုတ ဟင်းလေးအိုးကြီး ပိုင်ဆိုင်ခွင့်ရမည်ကိုဖြစ်ပြီး ဝမ်းနည်းစရာကောင်းသည်က ဗိုလ်ချုပ် လို အရည်အချင်း ပြည့်ဝသည့် နိုင်ငံရေးသမားကောင်းတယောက် နိုင်ငံရေးလောကမှ ဘေးဖယ်နေချင်လောက်အောင် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေကြားမှာ အတိုက်အခိုက်တွေ၊ စားခွက်လုမှုတွေ၊ နောက်ကျော ဓားနှင့် ထိုးမှုတွေ၊ တိုင်းပြည် ကောင်းစားရေးထက် ကိုယ့်အုပ်စု၊ ကိုယ့်ပါတီ အာဏာရရေး ကောင်းစားရေးအတွက်သာ ဦးတည်လုပ်ဆောင်မှုတွေ ရှိလာမည်ကို ကြိုတင်မြင်တွေ့နေ၍လားဟု တွေးစရာ ဖြစ်နေခြင်းပင် ဖြစ်သည်။

ဗိုလ်ချုပ်တို့ ကွယ်လွန်ပြီးနောက် ၁၉၄၉ ခုနှစ်ထုတ် အိုးဝေမဂ္ဂဇင်းတွင် ဂုဏ်ပြုဖော်ပြခဲ့သည့် ‘ဗိုလ်ချုပ်နှင့်စာပေ’ ဟူသော ဆောင်းပါးတွင် ဗိုလ်ချုပ်၏ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင်တတ်ပုံကို အထင်အရှားတွေ့ရသည်။ ဗိုလ်ချုပ်က ‘တကမ္ဘာလုံး ဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျ အောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီးဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင်ကြိုးစားကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့ အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ ဟု ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအခေါ်၊ အယူအဆ၊ လမ်းညွှန်ချက်များကို စေ့စပ်သေချာစွာလေ့လာကြည့်လျှင် သူ၏ နိုင်ငံအပေါ်ထားရှိခဲ့သော စေတနာ၊ ရိုးသားမှု၊ ကြံရည်ဖန်ရည်မြင့်မားမှု၊ အမြော်အမြင်ကြီးမားမှုတို့ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။ အဘယ်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို မမေ့သင့် မမေ့အပ်သည့် အာဇာနည်ခေါင်းဆောင်အဖြစ် မော်ကွန်းထိုးခဲ့ကြသနည်း ဆိုသည့်မေးခွန်း၏ အဖြေကို သိလောက်ပြီ ထင်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအပေါ် အမှန်တကယ် စေတနာရှိသော ပုဂ္ဂိုလ်အားလုံး အာဇာနည်ဖြစ်နိုင်သည်ဟု ဆိုသည်။ အာဇာနည်ဖြစ်ခြင်း- ဆိုသည်မှာ အသက် စွန့်ခြင်းကို မဆိုလိုကြောင်း၊ အာဇာနည် စိတ်ဓာတ် အမှန်တကယ် မွေးမြူ ခြင်းကို ပြောလိုခြင်းဖြစ်ကြောင်း၊ အာဇာနည်ဆိုသည်မှာ အာဇာနည်တဦး၌ ရှိသင့် ရှိထိုက်သော စိတ်ဓာတ်နှင့် ကိုယ်ကျင့် သီလရှိသူ အားလုံးကို အာဇာနည်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း NLD ပါတီ၏ ၂၀၁၅ ခုနှစ် (၆၈) နှစ်မြောက် အာဇာနည်နေ့တွင် ပြောကြားခဲ့ဖူးသည်။

မည်သို့ဆိုစေ ယခု ၂၀၁၉ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့တွင် ကျရောက်မည့် ၇၂ ကြိမ်မြောက် အာဇာနည်နေ့ အခါသမယတွင် အထိမ်းအမှတ် ဟောပြောပွဲများကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ စာသင်ကျောင်းများတွင် ပြုလုပ်နိုင်ခဲ့ကြပြီဖြစ်သည့်အတွက် ဝမ်း မြောက်မိပါသည်။ ကျောင်းများတွင် လွန်ခဲ့သော ဆယ်စုနှစ် ၅ ခုလောက်က အာဇာနည်နေ့နှင့် အာဇာနည်ခေါင်းဆောင် ကြီးများအကြောင်း ဟောပြောပွဲများ လုပ်ခွင့် မရရှိခဲ့။ ယခုအခါတွင်မူ အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲများကို ကျောင်းများတွင်ပြုလုပ်နိုင်ပြီြဖစ်၍ ကျောင်းသား လူငယ် လူရွယ်များအကြား အာဇာနည်ဆိုသည့်သဘောတရားနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ စိတ်နေ စိတ်ထားများကို သိရှိလေ့လာခွင့် ရရှိနိုင်ကြပြီဖြစ်သည်။ လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ကြသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းနှင့် တကွကျဆုံးခဲ့ကြသည့် ခေါင်းဆောင်ကြီးများ အား အမြဲတမ်းအမှတ်ရနေစေရန် အာဇာနည်နေ့အခမ်းအနားကို နှစ်စဉ် မပျက်မကွက် ကျင်းပကြခြင်းအားဖြင့် စဉ်ဆက် မပြတ် ဂုဏ်ပြုကြစေလိုကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။ အာဇာနည်မျိုးဆိုသည်မှာ သေရိုးမရှိကြပါကြောင်း။

ကိုးကား - အောင်ဆန်း၊ ဝီကီပီးဒီးယား။

၁၅- ၇- ၂၀၁၉ တင်္နလာနေ့ထုတ် ဒီလှိုင်းစာစောင်၌ ဖေါ်ပြသည့် ဆောင်းပါး။