Breaking News

သီဟသွေး - "ခြေဥ ပြင်ဆင်ရေး အကြံပြု အစီရင်ခံစာထဲက NLD ရဲ့ နိုင်ငံရေး မျှော်မှန်းချက်"


သီဟသွေး - "ခြေဥ ပြင်ဆင်ရေး အကြံပြု အစီရင်ခံစာထဲက NLD ရဲ့ နိုင်ငံရေး မျှော်မှန်းချက်"

(The Voice Daily/ Friday 19th July. 2019)
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၉
လွှတ်တော်အတွင်းမှာရော လွှတ်တော် အပြင်မှာပါ အကျယ်အကျယ် မငြိမ်းဖွယ် နိုင်ငံရေး အငြင်းအခုန်တွေ ဖြစ်ပေါ်စေ ခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ ရဲ့ အကြံပြု အစီရင်ခံစာ ဟာ အပြန်အလှန် ထောက်ခံ ဆန့်ကျင် ဆန္ဒပြပွဲတွေ နိုင်ငံ နဲ့ တဝှမ်းမှာ ဖြစ်ပေါ်နေတဲ့ကြားမှာပဲ လွှတ်တော်ကို တင်သွင်းခဲ့ပြီဖြစ်ပါတယ် ။ လွှတ်တော်တွင်း အင်အား အများစု ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင် လှုပ်ရှားခဲ့တဲ့ လွှတ်တော်တွင်း အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းခဲ့ခြင်း ကို ၂၀၁၉ ခုနှစ် ဖေဖဝါရီလ မှာ စတင်ခဲ့တာဖြစ်ပါတယ် ။ NLD ၊ ကြံ့ခိုင်ရေး ၊ တပ်မတော် အပါအဝင် အခြား လွှတ်တော်တွင်း နေရာရ ပါတီများမှ အင်အား အချိုးအစားအလိုက် ကိုယ်စားလှယ် ထည့်ဝင်ပြီး စုစုပေါင်း ၄၅ ဦး နဲ့ ဖွဲ့စည်းကာ လက်ရှိ ၂၀၀၈ အခြေခံ ဥပဒေကို အပြန်အလှန် သုံးသပ်ပြီး ပြင်ဆင်သင့်တဲ့ အကြံပြုချက်တွေကို ၅ လနီးပါးကြာမြင့်စွာ ဆွေးနွေး စုစည်း ခဲ့ကြပါတယ် ။ အခြေခံ ဥပဒေ ပြင်ဆင်ချက်မူကြမ်းတစ်စောင် ရရှိနိုင်ဖို့ အခုလို ကော်မတီက စုစည်းထားခဲ့တဲ့ ပြင်ဆင် ပယ်ဖျက် ဖြည့်စွက် အသစ်ထည့်သွင်းသင့် တဲ့ အချက်ပေါင်း ၃၇၀၀ ကျော်ရရှိပါတယ် ။ လွှတ်တော်အတွင်း ဥပဒေ နဲ့ အညီ ပြင်ဆင်နိုင်တဲ့ အဆင့်ကို ရောက်ရှိလာအောင် ဒီ အချက်တွေအပေါ်မှာ ဆက်လက်ဆွေးနွေး သုံးသပ် တိုင်ပင် နိုင်ဖို့ ပါဝင် ဆွေးနွေး သုံးသပ်လိုတဲ့ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ထားပြီး လာမယ့် လွှတ်တော် အစည်းအဝေးတွေ မှာ စတင်ဆွေးနွေး နိုင်တော့မယ်လို့မျှော်လင့်ရပါတယ် ။

ဒီနေရာမှာ အများပြည်သူက တခဲနက်တောင်းဆိုနေကြတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟာ ၄၅ ဦးကော်မတီ က တင်ပြလာတဲ့ အရေအတွက် လေးထောင်နီးပါးရှိသော ပြင်ဆင်ချက်တွေ အဖြစ်အသေးစိတ်ပေါ်ထွက်လာတဲ့အတွက် အများပြည်သူ နိုင်ငံသူ နိုင်ငံသားများလည်း နားလည်သိရှိထားဖို့လိုအပ်လာပါတယ် ။ ခြေဥပြင်ဆင်ရေး ၄၅ ဦး ပူးပေါင်းကော်မတီထဲမှာ အာဏာရပါတီ ဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဘာတွေ ပြင်ဆင်ဖို့ ဆန္ဒရှိသလဲ ၊ ကြံ့ခိုင်ရေး အပါအဝင် အခြားသော လွှတ်တော်တွင်း အင်အားစုတွေဖြစ်တဲ့ တိုင်းရင်းသား ပါတီတွေက ဘာတွေပြင်ဆင်ဖို့ ဆန္ဒရှိသလဲ ဆိုတာ ကို ပြည်သူများ အနေနဲ့ အဆိုပါ ၃၇၀၀ ကျော် အချက်အလက်တွေထဲကနေ ဝေဖန်ပိုင်းခြား နားလည်သိရှိထားဖို့ လိုအပ်လာပါတယ် ။ ဒါကြောင့် ကျွန်တော့အနေနဲ့ ၄၅ ဦးကော်မတီကတင်သွင်းတဲ့ ခြေဥ ပြင်ဆင်ချက် ၃၇၆၆ ချက်အပေါ်ကနဦး ဝေဖန်ဆန်းစစ်ချက်လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ် ။

ပထမဆုံး ၅ လကြာ ဆွေးနွေးမှုတွေက ထွက်ပေါ်လာတဲ့ လက်တွေ့ နိုင်ငံရေး ဘဝ အခြေအနေအပေါ်မူတည်ပြီး အာဏာရ ပါတီ လည်းဖြစ် ခြေဥပြင်ဆင်ရေး လှုပ်ရှားမှု ရဲ့ ဦးဆောင် ဦးရွက်ပြုသူ NLD ပါတီ ရဲ့ ခြေဥ ပြင်ဆင်လိုမှု ဆန္ဒနဲ့ ချိန်ဆ ချဉ်းကပ်မှု ဗျူဟာကနေ စတင်သုံးသပ်လိုပါတယ် ။

အာဏာရပါတီ NLD ဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို ပါတီ ရဲ့ အဓိက နိုင်ငံရေး ရည်မှန်းချက်ကြီး အဖြစ် ၂၀၀၈ အခြေခံ ဥပဒေ စတင် အသက်ဝင်စဉ်ကတည်းက ကြွေးကြော်ခဲ့ပြီး အခုလို လွှတ်တော်တွင်း ခြေဥပြင်ဆင်ရေး ကို ဦးဆောင်ဦးရွက်ပြုစတင်ခဲ့သော်လည်း အခုထွက်ပေါ်လာသော ပြင်ဆင်ချက် ၃၇၀၀ ကျော်မှာ NLD က ဆန္ဒပြုတဲ့ အချက် ၁၁၄ ချက်သာ ပါဝင်တာကိုတွေ့ရပါတယ် ။ အများစုသော အချက်တွေ ကိုတော့ ရှမ်း ၊ ရခိုင် ၊ မွန် နဲ့ ကချင် ပါတီတွေက အများဆုံး တင်ပြကြတာတွေ့ရပါတယ် ။ NLD ပါတီက ဆန္ဒပြုတဲ့ ၁၁၄ ချက်သော အချက်တွေကို လေ့လာကြည့်တဲ့ အခါ အပိုင်း ၄ ပိုင်းထွက်ပေါ်လာပါတယ် ။ 

ပထမ နဲ့ အဓိက အကျဆုံး အချက်က တပ်မတော် ရဲ့ နိုင်ငံရေးဆုတ်လမ်းကို သတ်သတ်မှတ်မှတ်ထားရှိပြီး ကာကွယ်ရေး ဦးစီးချုပ်ရဲ့ နိုင်ငံရေး၊ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး ကိစ္စတွေမှာ စွက်ဖက် ပါဝင် လွှမ်းမိုးနိုင်ခွင့်ပေးထားတဲ့ အချက်တွေကို ပယ်ဖျက် ၊ ပြင်ဆင် ၊ ဖြည့်စွက် ကန့်သတ်လိုက်တာဖြစ်ပါတယ်။ 

ဒုတိယ အချက်ကတော့ သမ္မတ နဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ အခန်း ကဏ္ဍ နဲ့ လုပ်ပိုင်ခွင့် အခွင့် အာဏာ ကို ပိုမိုတိုးချဲ့ လိုက်ပြီး အထူးသဖြင့် လက်ရှိ ကာကွယ်ရေး ဦးစီးချုပ် က အသာစီးရရှိနေသော ၁၁ ဦးပါ ကာလုံ အဖွဲ့ ကို နယ်စပ်ရေးရာဝန်ကြီး ကိုဖြုတ် လွှတ်တော် ဒုဥက္ကဋ္ဌ ၂ ဦး နဲ့၁၂ ပါ ကာလုံအဖြစ် ထပ်တိုး ပြင်ဆင်ဖွဲ့စည်းပြီး အရေးပေါ်ကာလ ဆိုင်ရာ စီမံခန့်ခွဲမှုတွေ မှာ ကာလုံရဲ့ အရေးပါ မှု နဲ့ နိုင်ငံတော် ရဲ့ အရေးပေါ် အခြေအနေမှာ ကာကွယ်ရေးဦးစီးချုပ် ထံ အာဏာ ယာယီ အပ်နှင်းစေရမယ့် ပြဋ္ဌာန်းချက် ကို ပါ ပယ်ဖျက်ကာ သမ္မတ ရဲ့ အခွင့် အာဏာကို အကြွင်းမဲ့ တိုးမြှင့် လိုက်တာပဲဖြစ်ပါတယ် ။ 

တတိယ အချက်ကတော့ အဲဒီပြင်ဆင်ချက်တွေနဲ့ လိုက်လျောညီထွေမှုရှိအောင်၊ ဆီလျော်မှုရှိအောင်၊ ရှေ့နောက် မဆန့်ကျင်အောင် ကျန်တဲ့ အပိုင်းတွေမှာ ညှိနှိုင်း ပြင်ဆင်တာဖြစ်ပါတယ် ။ 

စတုတ္ထအချက်ကတော့ အခြေခံ ဥပဒေ အသက်ဝင်မှု ၁၀ နှစ်နီးပါးရှိလာပြီဖြစ်လို့ ဖွဲ့စည်းပုံထဲမှာ ရှိနေဖို့ မလိုအပ်တော့တဲ့ အခန်းတွေ ၊ အပိုဒ်တွေ နဲ့ တည်ရှိခြင်း မရှိတော့သောအာဏာပိုင် အဖွဲ့အစည်းဟောင်းတွေ နဲ့ သက်ဆိုင်တဲ့ အပိုင်းတွေကို ပယ်ဖျက်တာပဲဖြစ်ပါတယ် ။

တပ်မတော်ရဲ့ နိုင်ငံရေးမှာ ပါဝင် ပတ်သက်နိုင်ခွင့် အတိုင်းအတာ ကို NLD က ကန့်သတ် ချိန်ညှိဖို့ ရည်ရွယ်ကြိုးစား ပြင်ဆင် ထားတဲ့ အချက်တွေ ကို လေ့လာကြည့်တဲ့ အခါ နိုင်ငံတော် ရဲ့ အခြေခံမူများထဲမှာ လူသိများတဲ့ အချက်ဖြစ်တဲ့ အခြေခံမူ၆(စ) မှာ ဖေါ်ပြထားသော " နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ တွင် တပ်မတော် က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစ်စိုက် ဦးတည်သည် " ဆိုတဲ့ အချက်ကို " ဦးဆောင်မှု " ဆိုတဲ့ စကားလုံး ကိုဖြုတ်ပြီး " ပြည်သူဆန္ဒ နဲ့ အညီ " ဆိုတဲ့ စကားရပ်ကို ထည့်သွင်းထားကာ " နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍ တွင် ပြည်သူ့ ဆန္ဒ နဲ့ အညီ တပ်မတော် က ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစ်စိုက် ဦးတည်သည်" ဆိုပြီး ပြင်ထားတာတွေ့ရပါတယ် ။ 

ဒီအချက်ဟာ ၂၀၀၈ အခြေခံ ဥပဒေ ကို ဦးဆောင်ရေးဆွဲ ခဲ့သော တပ်မတော် အစိုးရ ခေါင်းဆောင်တွေ က ရည်ရွယ်ချက်ရှိရှိ ထည့်သွင်းရေးသားစေခဲ့တဲ့ အခြေခံ ဥပဒေ ရဲ့ အနှစ်သာရပိုင်း တစ်ခုကို ပြင်ဆင်ဖို့ ကြိုးစားထားတာဖြစ်ပြီး တိုင်းပြည်မှာ နိုင်ငံရေးအခွင့်ထူးခံ အဖွဲ့အစည်းမရှိစေပဲ နိုင်ငံရဲ့ နိုင်ငံရေး ဝန်းကျင် ကို ပုံမှန် နိုင်ငံရေး ရေခံမြေခံဖြစ်လာဖို့ ဦးတည်စဉ်းစားထားပုံရ ပါတယ်။ 

သို့သော်လည်း အခြေခံ ဥပဒေပြင်ဆင်ရေး ကို အောင်မြင်ဖို့ အဓိက ကူညီပေးနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ် တဲ့ တပ်မတော် က ဒီအချက်ကို ခံယူ နိုင်ပါ့မလားဆိုတာ ကတော့ စဉ်းစားစရာရှိပါတယ် ။ လက်ရှိ တပ်မတော် ရဲ့ အဆင့်ဆင့်သော ပုဂ္ဂိုလ်များ က အခါအားလျော်စွာ လူသိရှင်ကြားပြောကြားနေတဲ့ ပြောကြားချက်များအရ တပ်မတော် ဟာ တိုင်းပြည် အချုပ်အခြာ တည်မြဲရေး အတွက် စိုးရိမ်နေရကြောင်း ၊ တပ်မတော်က ဒီအတွက် ကာကွယ်ကွယ်ဖို့ လိုအပ်မှာဖြစ်ကြောင်း ပြောကြားနေတာဖြစ်တဲ့အတွက် တပ်မတော် ကို အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍ ကနေ ဖယ်ရှား ပြီး ပြည်သူ့ဆန္ဒ နဲ့ အညီ သာမန်အနေအထားနဲ့ပါဝင်ရမယ်ဆိုတဲ့ အချက်ကို ခံယူဖို့ ခုချိန်မှာလွယ်ကူပါ့မလား ဆိုတာ စဉ်းစားစရာရှိပါတယ်။ 

တစ်ဆက်တည်းမှာ ပဲ စဉ်းစားစရာရှိတာက လွှတ်တော် သက်တမ်း ၅ နှစ် ကို ၁၀ ရာခိုင်နှုန်း နှုန်းနဲ့ တပ်မတော် က လွှတ်တော်ထဲကနေ ဆုတ်ခွာပေးပြီး ဥပဒေပြုရေး ဘက်မှာ တပ်မတော်ရဲ့ ထိန်းကျောင်းမှုလျှော့ချရေး NLD ရဲ့ အကြံပြုလမ်းကြောင်းမှု ဟာ တပ်မတော် အတွက် ဘယ်လောက်လက်တွေ့ကျကျ စဉ်းစားလက်ခံနိုင်မလဲဆိုတာပဲဖြစ်ပါတယ် ။ တကယ်တော့ လွှတ်တော်တွင်း တပ်မတော် ရဲ့ ၂၅ ရာခိုင်နှုန်း နေရာယူထားခြင်းရဲ့ အဓိက သော့ချက်ဟာ ၄၃၆ ပုဒ်မ အတွက်ဖြစ်ပြီး အခြေခံ ဥပဒေ ကို တပ်မတော် သဘောထား မပါပဲ ပြင်ဆင်နိုင်ခွင့် မပြုရေးဖြစ်ပဲပါတယ် ။ ဒါကြောင့် လွှတ်တော်တွင်း တပ်မတော် ရဲ့ ပါဝင်မှုနေမှု ကို လျှော့ချ သို့မဟုတ် ဖယ်ရှားတဲ့ အခါ အချိုးအစား အခြေခံစဉ်းစားမှုထက် အခြားသော အငြင်းပွားဖွယ်ပြင်ဆင်ချက်တွေကို ကျေလည်အောင် ညှိနိုင်းခြင်းက ပိုပြီး ထိရောက်တဲ့ အဖြေဖြစ်မယ်လို့ ယူဆပါတယ်။ တပ်မတော် အနေနဲ့ လွှတ်တော်ထဲက ဖယ်ထုတ် ခံရတာထက် သူ့သဘော နဲ့ သူထွက်သွားတယ်ဆိုတဲ့ နိုင်ငံရေး အပေါင်းလက္ခဏာဆောင်သော နိဂုံးမျိုးကို ပိုပြီး လိုလားနှစ်ခြိုက်လိမ့်မယ်လို့ယူဆပါတယ် ။ 

ဒါကြောင့် ကျန် အနှစ်သာရပိုင်းတွေကိုသာ တပ်မတော် နဲ့ ညှိနိုင်း ပြင်ဆင်အတည်ပြုနိုင်မယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ် ပါဝင်မှု၂၅ ရာခိုင်နှုန်း အားလုံးကိုတောင် ချက်ချင်းလျှော့ချပစ်နိုင် လိမ့်မယ်လိုမြင်ပါတယ်။

NLD က ပြင်ဆင်ဖို့ အကြံပြုထားတဲ့ အချက်တွေအရ NLD ကမျှော်မှန်းထားတဲ့ အုပ်ချုပ်ရေးပုံစံသစ် ကို အကြမ်းဖျဉ်းတင်ပြလိုပါတယ် ။

နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ သမ္မတ ရဲ့ အနိမ့်ဆုံး ရှိရမယ့် အသက်ကို မူလ က ၄၅ နှစ်အဖြစ် ပြဋ္ဌာန်း ထားရာက NLD က ၄၀ အထိလျှော့ဖို့ အကြံပြုထားတာကြောင့် လူငယ်တွေ ကို သမ္မတလောင်း အိပ်မက် မက်စေလိုတဲ့ စိတ်ကူးများရှိနေသလားဆိုတာကို စဉ်းစားမိပါတယ်။ 

အားလုံးမျှော်လင့်ထားတဲ့ အတိုင်း သမ္မတ ရဲ့ အရည်အချင်း ပြဋ္ဌာန်းချက်မှာ ၅၉ စ ကို လုံးဝ ဖြုတ်ပစ်ဖို့ အကြံပြုထားပေမယ့် အများမျှော်လင့် မထားတဲ့ နာမည်ကျော် ပြည်ထဲရေး ဝန်ကြီး ၊ ကာကွယ်ရေး နဲ့ နယ်စပ်ရေးရာ ဝန်ကြီးတွေ ကို ကာကွယ်ရေး ဦးစီးချုပ်က စိတ်ကူးရွေးချယ်ပြီး အမည်စာရင်းပေးပို့ တဲ့ တပ်မတော်သားတွေ ကိုသာ သမ္မတ ကခန့်ထားရမယ့် အချက်ကို မပြင်ပဲ ဆက်လက် ထားရှိစေတာကိုလည်းတွေ့ရပါတယ်။ သို့သော်လည်း ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းပေးပို့ ခန့်ထားစေတဲ့ တပ်မတော်သား ဟာ ဝန်ကြီးအဖြစ် တရားဝင်ခန့်ခပ်ခြင်းခံရပြီးတာ နဲ့ တပ်မတော်က အငြိမ်းစားယူပြီးဖြစ်တယ် လို့ ပြင်ဆင်ဖို့ NLD ကအကြံပြုထားတာကိုတွေ့ရတဲ့ အတွက် အဲဒီ ဝန်ကြီးဌာနကြီး ၃ ခုကို ဦးဆောင်စီမံမယ့်ပုဂ္ဂိုလ် ဟာ တပ်မတော်သား ပဲဖြစ်သင့်သေးတယ်လို့ NLD ကယူဆ လက်ခံထားတယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ 

တစ်ခုရှိတာက NLD ရဲ့ ပြင်ဆင်ချက် အရ အဆိုပါ တပ်မတော်သား ဟာ ဝန်ကြီး ဘဝက အနားယူပြီးနောက်ပိုင်း တပ်ကလည်း အငြိမ်းစား ယူပြီးဖြစ်တာကြောင့် တပ်ကိုပြန်သွားစရာမလိုတော့တဲ့ အတွက် ဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ် အတွင်း သမ္မတ ရဲ့ ညွှန်ကြားမှုအောက်မှာ သမ္မတ ရဲ့ ဝန်ကြီး စစ်စစ် အဖြစ် အနှောင်အဖွဲ့ကင်းကင်းတာဝန်ထမ်းဆောင်နိုင်မှာဖြစ်တယ်လို့ ယူဆနိုင်ပါတယ် ။ ဒါကြောင့် အခုပြောနေကြတဲ့ ပြည်ထဲရေး က သမ္မတ အောက်မှာ မရှိဘူးဆိုတဲ့ ပြဿနာကို အတိုင်းအတာ တစ်ခုအထိ ရှောင်လွှဲနိုင်ကောင်းမယ်လို့ ယူဆရပါတယ် ။ 

အဲဒါနဲ့ ဆက်စပ်နေတဲ့ နောက် အချက်ကNLD အနေနဲ့ တပ်မတော် နဲ့သက်ဆိုင်တဲ့ ပြဋ္ဌာန်း ချက်ထဲက ပုဒ်မ ၃၃၈ နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော် ၏ ကွပ်ကဲမှုအောက်တွင် ရှိရမည် ဆိုတဲ့ အချက် နဲ့ ပုဒ်မ ၃၃၉ နိုင်ငံတော် အား ပြည်တွင်း ပြည်ပ အန္တရာယ် များမှ ကာကွယ်ရေး အတွက် တပ်မတော် က ဦးဆောင်ရမည်ဆိုသော အပုဒ်တို့ကိုဖျက်ဖို့ အကြံပြုထားတာပဲဖြစ်ပါတယ် ။ ဒီအချက် ၂ ချက်ကတော့ နိုင်ငံရဲ့ လုံခြုံရေး နဲ့ ကာကွယ်ရေး ဆိုင်ရာ စီမံခန့်ခွဲမှုတွေ နဲပတ်သက်ပြီး အစိုးရ က တပ်မတော်ကို လက်အောက်ခံ မဟုတ်တဲ့ သီးခြား အဖွဲ့အစည်း တစ်ခုသဖွယ် အလုံးစုံ အားကိုး ဝကွက် ထိုးအပ်ထားရ သလိုဖြစ် နေရတဲ့ အကျိုးဆက် ရဲ့ ဇစ်မြစ်ဖြစ်ပြီး တိုင်းပြည်မှာ အစိုးရ၂ ရပ်ဖြစ်နေတယ် လို့ အများ ယူဆပြောဆိုစရာဖြစ်လာစေတဲ့ အချက်တွေလည်းဖြစ်ပါတယ် ။ 

NLD အနေနဲ့ ဒီအချက်တွေကို သိုင်းဝိုင်းပြင်ဆင် လိုက်ခြင်းအားဖြင့် ပြည်သူလူထု လုံခြံုရေး နဲ့တရားဥပဒေ စိုးမိုးမှု ဆောင်ရွက်ရေးကိစ္စ၊ ပြည်တွင်း အန္တရာယ် ကာကွယ်ရေး ကိစ္စတွေ မှာ ရဲတပ်ဖွဲယန္တရား နဲ့ အင်အားကို အစိုးရက သူ့အမြင် သူ့ အယူအဆ သူ့ဘောထားတွေ အခြေခံပြီး ထိထိရောက်ရောက် ကိုင်တွယ် စီမံနိုင်လိမ့်မယ်၊ အဲဒီလို အစိုးရရဲ့ အာဏာ တိုက်ရိုက် သက်ရောက်မှုရှိပါမှ ရဲတပ်ဖွဲ့ ယန္တရား အပေါ် အစိုးရရဲ့ အာဏာသက်ရောက်မှု တကျခိုင်မာလိမ့်မယ် ၊ ရဲတပ်ဖွဲကလည်း အစိုးရအပေါ် ပိုမို လေးစားနာခံမှုရှိလိမ့်မယ် လို့ NLD အနေနဲ့ ယူဆထားတဲ့သဘောဖြစ်ပါတယ် ။

NLD ရဲ့ခြေဥပြင်ဆင်ရေး မဟာဗျူဟာ ကို ခြုံကြည့်မယ်ဆိုရင် တပ်မတော် အနေနဲ့ အစိုးရိမ်ကြီးနေတဲ့ နိုင်ငံရဲ့ တိုင်းနဲ့ ပြည်နယ် ဖွဲစည်းတည်ဆောက် ပုံ ကို မတို့ မထိတဲ့ အပြင် လက်ရှိပေးအပ်ထားတဲ့ ပြည်နယ် တွေရဲ့ အခွင့်အာဏာ များကိုလည်း မူလ ပြဋ္ဌာန်း ထားပြီးတဲ့ အတိုင်း ထားရှိစေပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ကနဦးခြေလှမ်းကို တပ်မတော်ရဲ့ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး မှာ ပါဝင်မှု နဲ့ လုပ်ပိုင်ခွင် အာဏာ ၊ နိုင်ငံရေး အပေါ် သက်ရောက်နိုင်တဲ့ အရှိန် အဝါတွေ ကို အတိုင်းအတာ တစ်ခုအထိ လျှော့ချရေး ကို သာ ရည်မှန်းချက်ထားရှိတာတွေ့ရပါတယ် ။ 

တိုင်းရင်းသား ပါတီများက တစ်ဘက်မှာ သူတို့ အနေနဲ့ ပြင်ဆင်လိုတဲ့ အချက်တွေကို ထောင် နဲ့ ချီပြီး ပြင်ဆင်တင်ပြလာတဲ့ အနေအထားမှာ NLD ဘက် က ပြင်ဆင်ချက် ရာဂဏန်းမျှ နဲ့ အခုလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အခန်းကဏ္ဍ၊ တာဝန် နဲ့ အခွင့်အာဏာ တွေကို စျေးဆစ် လျှော့ချတဲ့ ပြင်ဆင်မှုလောက် နဲ့ ကမ်းလှမ်းအကြံပြု ပြီး ပြင်ဆင်ရေးမှာ ခေါင်းညှိမ့်ပါဝင်လာအောင် စျေးခေါ်ဖို့ ကြိုးစားထားတဲ့ သဘောလို့ သုံးသပ်မိပါတယ်။ 

အခုလို NLD အနေနဲ့ ခြေဥ ပြင်ဆင်ရေးပူးပေါင်း ကော်မတီ ဖွဲ့ပြီး အခြားပါတီများ က ဆန္ဒပြု ပြင်ဆင်လိုတဲ့ အချက်တွေကို အကြံုပြုတင်ပြချက်များ အဖြစ် ဖေါ်ထုတ်လိုက်ခြင်းရဲ့ နောက်ထပ် ဖြစ်နိုင်ဖွယ် မျှော်မှန်းချက်ကတော့ လက်ရှိ အခြေခံ ဥပဒေ ရဲ့ အစိတ် အပိုင်းအများစု ကို လက်မခံပဲ ပြင်ဆင်ဖို့ အာသီသ ပြင်းပြနေတဲ့ လွှတ်တော်တွင်း တိုင်းရင်းသားအင်အားစု ရှေ့ထုတ်ပြီး တပ်မတော် အနေနဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို လျှော့တွက်ထားလို့မရဘူး သို့ မဟုတ် လျှော့တွက် မထားသင့်ဘူးဆိုတဲ့ စဉ်းစားချက်ကို မီးမောင်းထိုးပြလိုခြင်းဖြစ်နိုင်ပါတယ် ။

သို့သော် တစ်ဖက်မှာ NLD ပါတီအနေနဲ့ အခြေခံ ဥပဒေ ရဲ့ အခန်း ၁ အခြေခံမူများ အမှတ်စဉ် ၈ မှာပြင်ဆင်ချက် အနေနဲ့ " နိုင်ငံတော် ကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် ဖွဲ့စည်းတည်ထောင်သည် "လို့ ထည့်သွင်းအကြံပြုထားပေမယ့် ပြည်နယ်တွေ ရဲ့ စီရင်ဆုံးဖြတ်ခွင့် အခွင့် အာဏာပိုင်းတွေ ကို အခု ၂၀၀၈ အခြေခံ ဥပဒေ က ပေးအပ်ထာတဲ့ ပမာဏ အတိုင်းအတာ ထက် တိုးချဲ့ရရှိဖို့ ပြည်နယ်တွေ ရဲ့ ပြဋ္ဌာန်းခွင့် ဥပဒေတွေ နဲ့ ပြည်နယ် ဝန်ကြီးချုပ်ရွေးချယ်ပိုင်ခွင့်တွေ ကို ပြည်နယ် လွှတ်တော် ကိုအပ်နှင်းမယ့် ပြင်ဆင်မှုမျိုး ထည့်သွင်းတင်ပြခြင်းမရှိတာကိုတွေ့ရပါတယ် ။ 

ဒီအချက် ဟာ NLD အနေနဲ့မိမိ နိုင်ငံရေး မျှော်မှန်းချက်ကို သာအခြေခံပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို ချဉ်းကပ်ထားတယ် ၊ တိုင်းရင်းသားများ လိုလားတောင့်တနေတဲ့ ဖက်ဒရယ် အခွင့်အရေးတွေ ကို တပါတည်း ထည့်သွင်းစဉ်းစားပေးမထားဘူးဆိုတာကို ထင်ရှားစေပါတယ် ။ တကယ်တော့ အခုလို လွှတ်တော်တွင်း အခြေခံ ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု ပေါ်ပေါက်လာချိန်မှာ ဒီ လှုပ်ရှားမှုကို အကြောင်းပြုပြီး NLD နဲ့ တိုင်းရင်းသားပါတီတွေ အကြား အထူးသဖြင့် ပွတ်တိုက်မှုတွေ ရှိနေတဲ့ ရခိုင် အမျိုးသားပါတီ နဲ့အကြားမှာ ဆုံမှတ်တစ်ခုပေါ် လာစေတဲ့ ညီညွတ်ရေး လမ်းစ အဖြစ်ရှုမြင်စရာ အကြောင်းရှိခဲ့ပါတယ် ။ သို့သော်လည်း အခုလို NLD ရဲ့ ကန့်သတ် ထားရှိတဲ့ အခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုင်ရာ မျှော်မှန်းချဉ်းကပ်မှု သဘောထားကြောင့် တိုင်းရင်းသား အင်အားစုများ နဲ့ ပေါင်းစည်းမှုအားရနိုင်မှာမဟုတ်သလို လွှတ်တော်တွင်း ဆွေးနွေးဆုံးဖြတ်မှုများမှာလည်း တိုင်းရင်းသားပါတီ တွေ ရဲ့ ကူညီ ထောက်ခံဆွေးနွေးမှု ကို NLD အနေနဲ့ ရရှိနိုင်ဖို့ ခဲယဉ်းသွားစေတယ်လို့မြင်ပါတယ်။ 

တိုတိုရှင်းရှင်းပြောရရင် ခြေဥ ပြင်ဆင်ရေး ကနေ ညီညွတ်ရေး အင်အားတစ်ခုကို တည်ဆောက်နိုင်ဖို့ လမ်းစပေါ်ခဲ့သော်လည်း လမ်းဆုံးအထိ မလျှောက်ခဲ့နိုင်တဲ့ သဘော ၊ ရလဒ်ဖြစ်ပါတယ် ။ ဒီကိစ္စဟာ ဒီမှာတင် မပြီးဘူးလို့ပြောနိုင်ပါတယ် ။ အကြောင်းကတော့ ရှေ့ဆက်မယ် ခြေဥပြင်ဆင်ရေး လှုပ်ရှားမှု ရှေ့လုပ်ငန်းစဉ်တွေမှာ ပေါင်းစည်း ညီညွတ်မှု အားအင် ကိုထုတ်နုတ်ကျင့်သုံးနိုင်ခြင်းမရှိပဲ ပြင်ဆင်ရေးဟာ တစ်ယောက်တပေါက်ဆိုတဲ့ အနေအထား နဲ့ တစ်ဘက်က မပြင်ဆင်လိုတဲ့အင်အားကို ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ ကြွေးကြော်သံအဖြစ်သာ ပေါ်ထွက်လာပြီး နောက်ဆုံးမှာ အခဲမကျေမှု နဲ့သာ နောက်တစ်လှည့်ပြန်စောင့်ကြရမယ့် ရလဒ် နဲ့ နိဂုံးချုပ်ရဖို့ သေချာသွားမှာဖြစ်ပါတယ်။ 

NLD အနေနဲ့ အာဏာရပါတီဖြစ်လာပြီး နိုင်ငံတော် အာဏာကို ကိုင်တွယ်သုံးစွဲရတဲ့ အခါ သတိကြီးကြီးထားပြီး ကိုင်တွယ်ဖြေရှင်းရတဲ့ ကိစ္စတွေ ၊ တာဝန်ယူ တာဝန်ခံရမယ့် ကိစ္စတွေတနင့်တပိုးဖြစ်လာတဲ့ အခါ တစ်ဘက် က တပ်မတော်ကို လည်း ထိန်းသိမ်းဆက်ဆံရင်း တိုင်းရင်းသား နိုင်ငံရေး အင်အားစုများနဲ့ ရင်ဘတ်ချင်း ဝေးလာတဲ့ အနေအထား ဟာ အခြေခံ ဥပဒေပြင်ဆင်ရေး အခြေခံရပ်တည်ချက်မှာ ထင်ရှားလာပါတယ်။ 

သို့သော် တပ်မတော် နဲ့လည်းမျှော်မှန်းသလောက် နီးစပ်မလာတဲ့ အပြင် အမျိုးသားရေးလှုပ်ရှားမှုတွေ နဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး နည်းလမ်းပိုင်းဆိုင်ရာ အငြင်းပွားမှုတွေကြောင့် နှစ်ဘက်အကြား ပိုပြီး ဝေးကွာသလိုတောင်ဖြစ်လာနေပါတယ် ။ 

ဒါကြောင့် အခြေခံ ဥပဒေ ပြင်ဆင်ရေး အထမြောက်အောင်မြင်ဖို့ဆိုရင် NLD အနေနဲ့ တပ်မတော် ကိုရော တိုင်းရင်းသား အင်အားစုတွေကိုပါ ဟန်ချက်ညီညီ ဆွဲခေါ်နိုင်ရပါလိမ့်မယ် ။ အခု NLD ကတင်ပြထားတဲ့ ပြင်ဆင်ရေးအကြံပြုချက်တွေဟာ ဒီ ဟန်ချက်ကို ဖန်တီးပေးနိုင်မလားဆိုတာကတော့ တစ်ဘက် တုံ့ပြန်မှုများ ကိုစောင့်ကြည့်ရပါလိမ့်မယ် ။ 

သို့သော် ဒီနေရာမှာ အားလုံး မေ့ထားလို့ မရတဲ့ အချက်က အခြေခံ ဥပဒေ ပြင်ဆင်ရေး ဟာ မပြင်ဆင်လိုသူတွေရဲ့ ယုံကြည်ချက်ကို ယိုင်နဲ့ပြိုလဲပြီး ပြင်ဆင်ရေးကို စိတ်ယိုင်လာအောင် လုပ်နိုင်ခြင်းသာ အောင်မြင်မှုကိုဆောင်ကြဉ်းနိုင်တဲ့ တစ်ခုတည်းသော အဖြေဖြစ်တယ် ၊ အခြား နည်းလမ်းမရှိဘူးဆိုတာကိုတော့ သတိချပ်ကြစေလိုပါတယ် ။

The Voice Daily/ Friday 19th July. 2019