Breaking News

ဖြိုးသီဟချို - ခြေဥအစီရင်ခံစာပါ တပ်မတော်နှင့်ဆိုင်သောပုဒ်မများအပေါ် အကြံပြုချက်များ


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံပါကြောင်း ထောင်ချီသည့် ပြည်သူလူထုက ဇူလိုင် ၁၇ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)



ဖြိုးသီဟချို  - ခြေဥအစီရင်ခံစာပါ တပ်မတော်နှင့်ဆိုင်သောပုဒ်မများအပေါ် အကြံပြုချက်များ

(Myanmar NOW ) မိုးမခ၊ ဇူလိုင် ၂၅၊ ၂၀၁၉
ဇူလိုင်လ ၁၅ ရက်နေ့က တင်သွင်းလိုက်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစီရင်ခံစာတွင် အဆိုပြုချက်ပေါင်း ၃၇၆၆ချက် ပါရှိသည်။ သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ဖွဲ့စည်းထားသည့်ကော်မတီတွင် ကော်မတီဝင် ၄၅ ဦး ပါရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က ၁၁၁၂ ချက်၊ ရခိုင်အမျိုးသားပါတီ (RNP) က ၈၅၈ ချက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၁၁၄ ချက် အကြံပြုထားသည်။ တပ်မတော်သားကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များက သီးခြားအဆိုပြုထားခြင်း မရှိပေ။

အဆိုပါ အဆိုပြုချက် ၃၇၀၀ ကျော်အနက်မှ အရေးကြီးသည့် အချက်များကို အောက်ပါအတိုင်း တွေ့နိုင်သည်။

အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများ
အခန်း (၁) ၊ ပုဒ်မ (၁) တွင် အခြေခံမူ (၄၈) ချက် ရှိသည့်အနက် “နိုင်ငံတော်ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်ရမည်” ဆိုသည့် အချက်ကို ရခိုင်အမျိုးသားပါတီ၊ တအာင်း (ပလောင်) အမျိုးသားပါတီနှင့် မွန်အမျိုးသားပါတီတို့က “နိုင်ငံတော်ကို ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံတော်” ဟု လည်းကောင်း၊

ရှမ်းအမျိုးသား ဒီမိုကရစီအဖွဲ့ချုပ်ပါတီက နိုင်ငံတော်ကို “မြန်မာဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု” ဟု လည်းကောင်း ခေါ်တွင်ရမည်ဟု ပြင်ဆင်ထားသည်။

ပုဒ်မ ၆ (ဃ) တွင် “စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး” ဆိုသည့် စကားစု နေရာတွင်NLD က “စစ်မှန်သော ဒီမိုကရေစီ စနစ် ထွန်းကားရေး” ဟု လည်းကောင်း၊

ရခိုင်အမျိုးသားပါတီနှင့် SNLD တို့က “ပါတီစုံ ဒီမိုကရေစီ စနစ် ထွန်းကားရေး” ဟု လည်းကောင်း ပြင်ဆင်ရန် အဆိုပြုထားသည်။

ပုဒ်မ ၆ (စ)တွင် “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်” ဟု ပြဋ္ဌာန်းထားပြီး ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့က ထိုပုဒ်မကို ပယ်ဖျက်လိုကြသည်။

NLD ကတော့ “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပြည်သူ့ဆန္ဒနှင့်အညီ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို ဦးတည်သည်” ဟု “ပြည်သူ့ဆန္ဒနှင့်အညီ” ကို ဖြည့်စွက်ထားသည်။

ပုဒ်မ (၇) “နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟု ပါရှိပြီး NLD က “နိုင်ငံတော်သည် စစ်မှန်သော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟု ပြင်ဆင်ထားပြီး ရခိုင်အမျိုးသားပါတီက “နိုင်ငံတော်သည် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟူ၍ လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က “နိုင်ငံတော်သည် ဖက်ဒရယ်စနစ်နှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်” ဟူ၍ လည်းကောင်း ပြင်ဆင်ထားသည်ကို တွေ့ရသည်။

ပုဒ်မ ၅၉ (စ)နှင့် တပ်မတော်စိတ်ကြိုက် ဒုသမ္မတ
ပုဒ်မ ၆၀ (ခ) (၃) အရ ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော်အတွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့မှတစ်ဆင့် ဒုတိယသမ္မတတစ်ဦးကို တင်မြှောက်ခွင့်ရှိသည်။

ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး၊ တအာင်း (ပလောင်)ပါတီများက ထိုအချက်ကို ပယ်ဖျက်ပေးရန် တောင်းဆိုထားပြီး NLD ကတော့ မှတ်ချက်ပေးထားခြင်းမရှိပေ။

နိုင်ငံခြားသား အိမ်ထောင်ဖက်၊ သားသမီး၊ သမက်၊ ချွေးမရှိသူ သမ္မတမဖြစ်ရဟု ပြဋ္ဌာန်းထားသည့် ပုဒ်မ ၅၉ (စ) ကို NLD ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် နှင့်အမျိုးသားညီညွတ်သောဒီမိုကရက်တစ်ပါတီ တို့က ပယ်ဖျက်ရန် တိုက်တွန်းထားသည်။

CONSTITUTION_REFORM_CAMPAIGN_YANGON_1.JPG


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံပါကြောင်း ထောင်ချီသည့် ပြည်သူလူထုက ဇူလိုင် ၁၇ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

တပ်မတော်သား ၂၅ ရာခိုင်နှုန်း

အခြေခံဥပဒေ ပုဒ်မ ၁၀၉ (ခ)၊ ၁၄၁ (ခ)၊ ၁၆၁ (ဃ) တို့အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းနှင့်ပြည်နယ် လွှတ်တော်များတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အမည်စာရင်း အသီးသီး တင်သွင်းပိုင်ခွင့်ရှိပြီး ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ပါတီနှင့်အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့က တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိစ္စကို လုံးဝ ပယ်ဖျက်လိုကြသည်။

NLD ပါတီကတော့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို နှစ်ကာလ အပိုင်းအခြားဖြင့် တစ်ဆင့်ချင်း လျှော့ချသွားလိုသည်။

လွှတ်တော် တတိယအကြိမ်သက်တမ်းဖြစ်သည့် ၂၀၂၀ နောက်ပိုင်းတွင် ၁၅ ရာခိုင်နှုန်း၊ ၂၀၂၅ ရွေးကောက်ပွဲ အပြီး စတုတ္ထအကြိမ်သက်တမ်းတွင် ၁၀ ရာခိုင်နှုန်း၊ ၂၀၃၀ ရွေးကောက်ပွဲ အပြီး ပဉ္စမအကြိမ်သက်တမ်းတွင် ၅ ရာခိုင်နှုန်းအထိ လျှော့ချလိုသည်ဟု ပြင်ဆင်ချက် တင်သွင်းထားသည်။

ထိုအဆိုပြုချက်အရ ၂၀၃၅ ခုနှစ်ရွေးကောက်ပွဲအပြီး ဆဋ္ဌမအကြိမ်လွှတ်တော်သက်တမ်းတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အသီးသီးမှာ ရှိတော့မည် မဟုတ်ပေ။

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၁ အရ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ နှစ် ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးတို့ပါသော အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုပုဒ်မကို ရခိုင်အမျိုးသားပါတီက ပယ်ဖျက်လိုပြီး NLD ၊ အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့က ပြင်ဆင်လိုကြသည်။

NLD က ကာ/လုံ ကို ဆက်လက်ထားရှိလိုသည့် သဘောထားရှိသော်လည်း ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ရွေးချယ်ရသည့် နယ်စပ်ရေးရာဝန်ကြီးကို ချန်လှပ်ပြီး ကျန်သူများဖြင့် ဖွဲ့စည်းလိုသည်။

SNLDကမူ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့ကို ကာလုံဖွဲ့စည်းရာတွင် ထည့်သွင်းထားသော်လည်း ဒုတိယတပ်ချုပ်နှင့် နယ်စပ်ရေးရာဝန်ကြီးတို့ကို ချန်လှပ်ထားသည်။

ထို့ပြင် “ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးများကို ခန့်အပ်ရန် သင့်လျော်သည့် တပ်မတော်သားများ၏အမည်စာရင်းကို ကာကွယ်ရေးဦးစီးချုပ်ထံမှ ရယူရမည်” ဆိုသည့် ပုဒ်မ ၂၃၂ (ခ) (၂) ကို ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီတို့က ပယ်ဖျက်ရန် တောင်းဆိုထားပြီး NLD ကတော့ မှတ်ချက်ပြုခြင်း မရှိသေးပေ။

သို့သော်လည်း NLDက ထိုပုဒ်မနှင့်ဆက်စပ်နေသည့် ပုဒ်မဖြစ်သည့် ၂၃၂(ည)(၂) တွင် ပါဝင်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဌာနများတွင် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရမည့် တပ်မတော်သားများနှင့် ပတ်သက်ပြီး ဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် နေ့မှစတင်ပြီး တပ်မတော်မှ အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်ဟု ပြင်ဆင်ထားသည်။

စစ်ဘက်ဆိုင်ရာ တရားရုံး

ပုဒ်မ ၂၉၃ (ခ) အရ စစ်ဘက်ဆိုင်ရာတရားရုံးများ ဖွဲ့စည်းခွင့် ပေးထားပြီး မွန်အမျိုးသားပါတီက ထိုအချက်ကို ပယ်ဖျက်ပေးရန် တောင်းဆိုထားသည်။

NLD၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် မည်သည့်ပါတီကမှ ထိုအချက်နှင့်ပတ်သက်၍ ပြင်ဆင်၊ ပယ်ဖျက်၊ အကြံပြုခြင်းများ မရှိပေ။

တပ်မတော်

အခန်း (၇) တပ်မတော်အခန်းတွင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက “အခန်း (၇) တပ်မတော်” အစား “အခန်း (၇) ပြည်ထောင်စု လုံခြုံရေးနှင့် ကာကွယ်ရေး” ဟု ခေါင်းစဉ်ကို ပြင်ဆင်ဖို့ အကြံပြုထားသည်။

ပုဒ်မ ၃၃၈ “နိုင်ငံတော်အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင် ရှိရမည်” ဆိုသည့် အချက်ကို NLD နှင့် ရခိုင်အမျိုးသားပါတီတို့က ပယ်ဖျက်ထားသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက “ပြည်ထောင်စုအတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် မည်သည့်အခြေအနေတွင်မဆို ရွေးကောက်ခံထားရသော အရပ်သားအစိုးရ၏ ကွပ်ကဲအုပ်ချုပ်မှုအောက်တွင် ရှိရမည်ဖြစ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်၏ ထိန်းကျောင်း ကွပ်ကဲမှုကို လေးစားလိုက်နာ ခံယူရမည်” ဟု ပြင်ဆင်လိုသည်။

ထိုအခန်း၏ ပုဒ်မ ၃၃၉ “နိုင်ငံတော်အား ပြည်တွင်း၊ ပြည်ပ အန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်” ဆိုသည့် ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ရန် NLD ပါတီက တင်သွင်းထားသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုတပ်မတော်၏ အဓိကတာဝန်မှာ ပြည်ပရန်ကို ကာကွယ်ရန်ဖြစ်ပြီး အမြဲတမ်းစစ်အင်အားကို ပြည်ထောင်စု လူဦးရေ၏ သုည ဒသမ ၅ ရာခိုင်နှုန်းကို မကျော်လွန်ဖို့ အကြံပြုထားသည်။


CONSTITUTION_REFORM_CAMPAIGN_YANGON_2.JPG


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ထောက်ခံပါကြောင်း ထောင်ချီသည့် ပြည်သူလူထုက ဇူလိုင် ၁၇ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)

အဓိကခေါင်ချက်ပုဒ်မ၊ ပုဒ်မ ၄၃၆
အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်း ပုဒ်မ ၄၃၆ (က) အရ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရေးပါသည့် ပုဒ်မပေါင်း ၉၀ ကျော်ကို ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့် ပြင်ဆင်ရမည် ဖြစ်သည်။

NLD က ထိုပုဒ်မပေါင်း ၉၀ ကျော်ကို ပြင်ဆင်လိုပါက “ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် သုံးပုံနှစ်ပုံကျော်၏ သဘောတူညီမှုဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ပြုလုပ်ပြီး မဲပေးခွင့်ရှိသူ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့် ပြင်ဆင်နိုင်သည်” ဟု ပြင်ဆင်ချက် တင်သွင်းထားသည်။

ရခိုင်အမျိုးသားပါတီက ထိုပုဒ်မပေါင်း ၉၀ ကျော်ကို ပြင်ဆင်လိုပါက လွှတ်တော်နှစ်ရပ်ရှိ ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံက ပြင်ဆင်ရန် သဘောတူညီလျှင် ပြင်ဆင်နိုင်သည်ဟု ပြင်ဆင်ချက် တင်သွင်းထားသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က အခန်း (၁) နိုင်ငံတော်၏ အခြေခံမူများ အခန်း ပုဒ်မ ၁ မှ ၄၈ ထိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပကာ ဆန္ဒမဲပေးခွင့်ရှိသူ ထက်ဝက်ကျော်၏ ဆန္ဒမဲဖြင့် ပြင်ဆင်ရမည်ဟု ပြင်ဆင်ချက် တင်သွင်းထားသည်။ မူလပြဋ္ဌာန်းချက်တွင် ပုဒ်မပေါင်း ၉၅ ခုအတွက် ထိုသို့ပြဋ္ဌာန်းခြင်းကို SNLD က ပုဒ်မ ၄၈ ခုအထိ လျှော့ချခဲ့ခြင်းဖြစ်သည်။

ပုဒ်မ ၄၃၆ (ခ)တွင် ၄၃၆ (က) ပါ ပြဋ္ဌာန်းချက်များမှအပ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပါရှိပြီး NLD နှင့်တိုင်းရင်းသားပါတီများက ထိုအချက်ကို ပြင်ဆင်လိုကြသည်။

NLD နှင့် မွန်အမျိုးသားပါတီတို့က လွှတ်တော်ကိုယ်စားလှယ်အားလုံး၏ သုံးပုံနှစ်ပုံကျော် (၆၆ ရာခိုင်နှုန်းကျော်) ၏ ထောက်ခံဆန္ဒမဲဖြင့် ပြင်ဆင်နိုင်သည်ဟု ပြင်ဆင်ချက်တင်ထားပြီး ရခိုင်အမျိုးသားပါတီက ၅၀ ရာခိုင်နှုန်းအထက်ဖြင့်လည်းကောင်း၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုအဆင့် လွှတ်တော်တစ်ရပ်ချင်းစီ၏ ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲဖြင့် ပြင်ဆင်ရမည်ဟုလည်းကောင်း အသီးသီး ပြင်ဆင်ချက် တင်သွင်းထားသည်။

အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါအချက်များကို ဆွေးနွေးလိုသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်းတင်သွင်းရန် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ယခုလ ၁၅ ရက်နေ့က ကြေညာထားသည်။



ဖြိုးသီဟချို
ဖြိုးသီဟချိုသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက် ဖြစ်သည်။