Breaking News

စည်သူသိင်္ဃ ● ဗိုက်ပူနံကားနိုင်ငံတော်

စည်သူသိင်္ဃ ● ဗိုက်ပူနံကားနိုင်ငံတော်
(မိုးမခ) သြဂုတ် ၈၊ ၂၀၁၉

ခေါင်းပြတ်တွေ အလံလွင့်ထူထားတဲ့နှစ်ထဲ
သုံးနှစ်အရွယ် သားငယ်လေးအတွက်
ငါ့အဖေဟာ လည်ပင်းပေါ် ဓားသွားကိုတင်ပြီး
စက်ဘီးတစ်စီးနဲ့ အဝေးကနေ အပြေးပြန်လာခဲ့ဖူးတာပေါ့
စားစရာ ဆန်ပြတ်လပ်သွားတဲ့ ကာလကြီးမှာ
ဂျုံကို ထမင်းလုပ်စားနေရတဲ့ မိသားစုအတွက်
ဆန်တစ်ခွက်ကို အသက်နဲ့ ဖက်လုခဲ့ဘူးတာပေါ့

သွေးပျက်ဖွယ်ရာ လမ်းမတွေထက်က
အသွားအလာ ရပ်တန့်ထားရတဲ့ သံယောဇဉ်
အဝေးက သမီးနဲ့မယားအတွက်
မီးပေါင်တင်ထားရတဲ့ စိတ်က အရည်ပျော်ကျလုလု
သတင်းအားလုံးဟာ အမှောင်

လေတိုးသံ တဖျောက်ဖျောက်မှာ
ကျီးလန့်စာ စားနေရတဲ့ နေ့ညတွေ
အမေအို ညီမနဲ့ လူမမယ် ဒီသား
အိမ်ကို ဓားနဲ့မိုးကာထားရတဲ့ ကာလတွေ

သေနတ်ဆိုတာ 
မိုးပေါ်ကို ထောင်ပစ်ဖို့မဟုတ်ဘူးဆိုတဲ့ နိုင်ငံတော်မှာ
သေနတ်တွေက နိုင်ငံတော်ကို သိမ်းသွားခဲ့
သမိုင်းဟာ သွေးသံတရဲရဲနဲ့ ချိတ်ပိတ်ခံခဲ့ရ
အမှန်တရားနဲ့ လူ့အခွင့်အရေးဟာ
အာဏာပါးကွက်သားလက်ထဲ လည်စင်းပေးခဲ့ရ

ကိုယ့်လူမျိုးကို ကျွန်စနစ်သွင်းဖို့
ငရဲပွက်ခဲ့တဲ့ တကယ့် ရုပ်အရှင်အစစ်တွေ
နိုင်ငံတော်မြေပုံဟာ
အခုထိ သွေးတွေ ပန်းထွက်နေတုန်း
ဇာတ်တူသားစားပြီး
ဝမ်းဖောဝမ်းယောင် ဖြစ်နေတဲ့နိုင်ငံ
သံကောင်တွေကို အခုထိ အံမချနိုင်သေးဘူး။

စည်သူသိင်္ဃ