မောင်လူမွှေး - ကြည်နူးလွမ်းဖွယ်
မောင်လူမွှေး - ကြည်နူးလွမ်းဖွယ်
မိုးမခ ၊ မေ ၊ ၁၀ ၊ ၂၀၂၆
တော်လှန်နယ်မြေမှာ နေထိုင်ရုန်းကန်ရင်း ဖြစ်ပေါ်လာတဲ့ ကြည်နူးမှုတွေဟာ အဖိုးထိုက်တန်ပါတယ်။ မောင်လူမွှေးဟာ ကြည်နူးမှုကို စာပေဖတ်ရှုတဲ့အခါ၊ သဘာဝပတ်ဝန်းကျင်ရှုခင်းတွေကို ကြည့်ရတဲ့အခါ၊ ပညာသင်ကြားပို့ချပေးရတဲ့အခါတွေမှာ ရတတ်ပါတယ်။
အခုညလည်း ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ မိုးမခ ပျိုးချချိန် (မောင်ရစ်တို့ရဲ့ နောင်တခေတ်) ဆောင်းပါးကို ပြန်ဖတ်ဖြစ်တယ်။ ဆရာကြီး ဦးခင်မောင်လတ်နှင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ရဲ့ အမြွှာမြေးနှစ်ယောက်မှာ မိန်းကလေးက ဆရာမ ဂျူနီယာဝင်း ဆိုတာ တွေ့လိုက်ရတော့ ဆရာကြီး ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ကို သတိရပြီး ပြုံးမိတယ်။
ဆောင်းပါးခေါင်းစဉ်ကို မမှတ်မိတော့ပေမဲ့ ဆရာကြီး ဒေါက်တာခင်မောင်ဝင်းတစ်ယောက် သူ့သမီးရဲ့ဆရာမက ကျောင်းကို ခေါ်လို့သွားရတယ်။ သူ့သမီး ဆရာမက သမီးဖြစ်သူဟာ စာမေးပွဲမှာ သင်္ချာအမှတ်နည်းလို့ မိဘကို ခေါ်တာမှာ ဆရာကြီး သွားရတာပါ။ ပြင်သစ်နိုင်ငံ တက္ကသိုလ်ကနေ သင်္ချာနဲ့ ဒေါက်တာဘွဲ့ရခဲ့တဲ့ ဆရာကြီးဟာ သမီးဖြစ်သူကို အကြောင်းပြုပြီး သမီးဆရာမဖြစ်သူရဲ့ သင်္ချာအရေးကြီးကြောင်း ဆုံးမသတိပေးမှုကို ခံယူခဲ့ရပါတယ်။ အဲဒီတုန်းက ငါးတန်းကျောင်းသူဟာ ဆရာမ ဂျူနီယာဝင်း ဖြစ်မယ် ဆိုပြီး ပြုံးမိတာပါ။
မောင်လူမွှေးရဲ့ ဆရာက ဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ စာတွေဆို တန်ဖိုးထား ဖတ်ပါတယ်။ မောင်လူမွှေးတို့ရဲ့ ပညာဒါနကျောင်းရှေ့မှာ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ရဲ့ "ကျားရဲငါ" ဆိုတဲ့ ကဗျာကို ဗွီနိုင်းကြီးနဲ့ ချိတ်ဆွဲထားပါတယ်။ "လူကလည်း လူချော" လို့ ဆရာကြီး ဟံသာဝတီဦးဝင်းတင်နဲ့ပတ်သက်ပြီး ပြောတတ်ပါတယ်။
မောင်လူမွှေးဆရာဟာ ဆရာတင်မိုး၊ ဆရာ ဂုဏ်ထူးဦးသိန်းနိုင်တို့နဲ့ မန္တလေးတက္ကသိုလ်တက်ဖက်တွေဖြစ်ပြီး "မောင်သာနိုး" ကိုလည်း ကိုကြီးသာနိုးလို့ သုံးနှုန်းပြောဆိုတတ်တာကို သတိထားမိပါတယ်။ မောင်လူမွှေးဆရာက သူ့သူငယ်ချင်း ဂုဏ်ထူးဦးသိန်းနိုင်ဆီဖုန်းဆက်ပြီး မောင်လူမွှေးအကြောင်းပြောပြလို့ မောင်လူမွှေးတစ်ယောက် ရန်ကုန်မှာ တစ်ခါ လူရာဝင်ခဲ့ရတာကိုလည်း အမှတ်ရမိပါရဲ့။ အခုတော့ မောင်လူမွှေးဆရာအပါအဝင် ဆရာကြီးတွေအားလုံး မရှိကြတော့ပါ။
မောင်လူမွှေးတစ်ယောက် ဆရာ၊ ဆရာမလေးတွေကို ပညာဖြန့်ဝေတဲ့အခါ ဆရာကြီး ဦးခင်မောင်လတ်အကြောင်း အမြဲပါလေ့ရှိပါတယ်။ ဆရာကြီး ဦးခင်မောင်လတ်တစ်ယောက် အရွယ်ကောင်းစဉ်က လစာအများကြီးရတဲ့ အစိုးရ အရာရှိကြီးဘဝကို ရနိုင်ပါလျက် လစာနည်းတဲ့ တက္ကသိုလ်ဆရာဘဝကို ရွေးချယ်ဖြစ်ပုံကို ပြောပြဖြစ်တာပါ။ မောင်လူမွှေးအနီးမှာ ကိုးကားစရာ စာအုပ်စာပေရယ်လို့ မရှိတာကြောင့် ခုနှစ်တွေအပါအဝင် အကြောင်းအရာ အသေးစိတ်ကို ဖော်ပြနိုင်ခြင်းမရှိပေမယ့် ဆရာကြီး တက္ကသိုလ်ဆရာဖြစ်တော့ လစာ ၁၂၅ ကျပ်ဆိုတာကိုတော့ မှတ်မိနေပါတယ်။
ကိုယ့်ဘဝမှာဖြစ်ချင်တာအတွက် လခနည်းတဲ့အလုပ်ကို ရွေးချယ်ခဲ့တဲ့ ဆရာကြီးဦးခင်မောင်လတ်ရဲ့ အဖြစ်ဟာ ထူးလည်း ထူးခြားတာမို့ ဆရာ၊ ဆရာမလေးတွေက အံ့ဩကြပါတယ်။ ပြီးတော့ သူတို့ ဆရာ၊ ဆရာမ ဆက်လုပ်ဖို့ အားဖြစ်ကြပါတယ်။ လောကမှာ ငွေများများရတာဟာ ဘဝရည်မှန်းချက်မဟုတ်ဘူးဆိုတာကို သဘောပေါက်သွားကြပါတယ်။
ဆရာကြီး ဦးခင်မောင်လတ်ဟာ ဗိုလ်နေဝင်းခေတ်မှာ လုပ်သားပြည်သူ့သတင်းစာအယ်ဒီတာချုပ်လုပ်ခဲ့တယ်။ ဆရာကြီးက သတင်းစာမှာ ပြည်သူတွေရဲ့ အသံကို ဖော်ပြတော့ ဗိုလ်နေဝင်းက ဆရာကြီးကို အယ်ဒီတာအဖြစ်ကနေ ဖယ်ရှားချင်လာတယ်။ ဒီတော့ ဆရာကြီးကို အိမ်ကိုလက်ဖက်ရည်သောက်ခေါ်ပြီး သံအမတ်ရာထူး ပေးပါတယ်။ ဆရာကြီးဟာ သံအမတ်ရာထူးကို ငြင်းပယ်ပြီး ပြည်သူ့အသံကို ဖော်ပြခွင့်မရတဲ့ သတင်းစာအယ်ဒီတာချုပ်ဘဝကို ဂုဏ်သိက္ခာရှိစွာ စွန့်ခွာခဲ့တာဟာလည်း လေးစားကြည်ညိုဖွယ် ဖြစ်ပါတယ်။
မောင်လူမွှေးလည်း အသက်အရွယ်အရ လွမ်းဖော်စဝင်တဲ့ အရွယ်မို့ထင်ပါရဲ့။ ကြည်ကြည်နူးနူးလွမ်းရတဲ့ အလွမ်းတွေကို ဖက်တွယ်တတ်လာပါတယ်။ အထူးသဖြင့် စာပေနဲ့ပတ်သက်တဲ့ အလွမ်းတွေဟာ မောင်လူမွှေးကို ကြည်နူးမှုဖြစ်စေပါတယ်။
အခုအချိန်မှာတော့ မောင်လူမွှေး လွမ်းတဲ့ ဆရာကြီးတွေရဲ့ သား၊ မြေးဖြစ်တဲ့ ဆရာမောင်ရစ်ရဲ့ မိုးမခမှာ အဖွဲ့ဝင်အဖြစ်၊ ပင်တိုင်ကလောင်ရှင်အဖြစ် စာရေးလာတာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ ဒီလိုဆိုတော့လည်း အလွမ်းတွေဟာ ပိုပြီး ကြည်နူးချိုမြစရာပါလားရယ်လို့ ပီတိဖြစ်ရပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar