ပြည်သူလူထု ခံစားနေရတဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ လွဲမှားတဲ့ စီးပွားရေးမူဝါဒ
မြန်မာနွေဦးခရိုနီကယ် - မေ ၁၀ မြင်ကွင်း
(မိုးမခ) မေ ၁၁ ၊ ၂၀၂၆
ပြည်သူလူထု ခံစားနေရတဲ့ အာဏာသိမ်း စစ်အစိုးရရဲ့ လွဲမှားတဲ့ စီးပွားရေးမူဝါဒ
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ ကမ္ဘာနဲ့အဝန်း ဗိုလ်ကျနေတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ မဟာအစ္စရေးနိုင်ငံအဖြစ် ထူထောင်ဖို့ နယ်မြေချဲ့ထွင်နေတဲ့ နေတန်ယာဟု ခေါင်းဆောင်တဲ့ အစ္စရေးလ် အစိုးရတို့က အီရန်နိုင်ငံကို စတင်တိုက်ခိုက်ခဲ့ကြရာက ကမ္ဘာ့ လောင်စာဆီ အကျပ်အတည်း ဖြစ်ပေါ်လာခဲ့ပါတယ်။
အမေရိကန်၊ အစ္စရေးလ်နဲ့ အီရန်နိုင်ငံတို့အကြား ဖြစ်ပွားတဲ့ စစ်ပွဲက ဘယ်လောက်ကြာရှည်မလဲဆိုတာ မသိနိုင်တဲ့ အနေအထားမှာ ကမ္ဘာမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို ဝယ်ယူတင်သွင်းနေကြရတဲ့ နိုင်ငံတွေအားလုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ သုံးစွဲမှု ခြိုးခြံချွေတာတဲ့ အစီအစဥ်တွေ လုပ်ဆောင်ကြရပါတော့တယ်။
မြန်မာနိုင်ငံ အနေနဲ့လည်း သဘာဝဓာတ်ငွေ့ပမာဏ အတိုင်းအတာတခုထိ ထွက်ရှိသည့်တိုင် ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ အများစုကို ပြည်ပကို ထုတ်ရောင်းနေတာ ဖြစ်ပြီး လိုအပ်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ပမာဏအချို့ကိုတောင် ပြည်ပကုမ္ပဏီတွေထံက ပြန်လည်တင်သွင်းနေရတာ ဖြစ်လို့ အမေရိကန်-အီရန် စစ်ပွဲရဲ့ ဂယက်ကို ထိပ်ဆုံးက ထိခိုက်ခံစားကြရမယ့် နိုင်ငံတွေအထဲ တနိုင်ငံ ပါဝင်နေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အစိုးရကတော့ နိုင်ငံတကာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အကျပ်အတည်းနဲ့ ကြုံရချိန်မှာ မြန်မာနိုင်ငံ အနေနဲ့လည်း ရေနံ လောင်စာဆီတင်သွင်းမှုအတွက် အသုံးပြုရတဲ့ နိုင်ငံခြားငွေကြေး (အမေရိကန် ဒေါ်လာ) သုံးစွဲမှုကို လျှော့ချဖို့ကို တပါတည်း လုပ်ဆောင်ဖို့ လောင်စာဆီချွေတာရေး အစီအစဥ်တွေကို ရက်သတ္တပတ် တခုအတွင်း စီစဥ်ဆောင်ရွက်ပါတော့တယ်။ ပြည်ပက တင်သွင်းတဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ အများဆုံး အသုံးပြုနေတဲ့ မော်တော်ယာဥ်တွေ အနက် ကိုယ်ပိုင်ယာဥ်တွေရဲ့ နံပါတ်ကို စုံ နဲ့ မ ခွဲပြီး အသုံးပြုဖို့ စည်းမျဥ်းထုတ်ပြန်လိုက်ပါတယ်။ အငှားယာဥ်၊ ကုန်တင်ယာဥ်နဲ့ ဆေးရုံသုံး၊ ကျန်းမာရေး အရေးပေါ်ကားတွေကလွဲလို့ အားလုံးအကျုံးဝင်စေပြီး လောင်စာဆီ သုံးစွဲမှုချွေတာရေး အစီအစဥ်ကို မတ်လ ၇ ရက်နေ့မှာ စတင်ခဲ့ပါတယ်။
ဒီလောင်စာဆီ ချွေတာရေး အစီအစဥ်က နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍတွေ ဖြစ်တဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ဖလှယ်မှုနဲ့ ဝန်ဆောင်မှုတွေကို ဘယ်လောက် ထိခိုက်စေနိုင်သလဲ ဆိုတဲ့အချက်အလက်တွေ သက်ရောက်နိုင်ခြေတွေကို အာဏာသိမ်းစစ်အစိုးရ အနေနဲ့ ထည့်သွင်းစဥ်းစားထားခြင်း မရှိပါဘူး။ ဒီအစီအစဥ်တွေ စည်းမျဥ်းစည်းကမ်းတွေကို အာဏာသိမ်းစစ်ခေါင်းဆောင် ဖြစ်တဲ့ မင်းအောင်လှိုင် တဦးတည်းက အဆုံးအဖြတ်ပေး ချမှတ်နေတာ ဖြစ်သလို ၄င်းရဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေအနေနဲ့ ဒီစည်းမျဥ်းမူဝါဒနဲ့ ဆန့်ကျင်နေတဲ့ အကြံပြုချက်မျိုး၊ တွေ့ရှိတဲ့ အချက်အလက်တွေကို မတင်ပြရဲကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
နိုင်ငံရဲ့ အဓိက စီးပွားရေးကဏ္ဍဖြစ်တဲ့ စပါးနဲ့ အခြားသီးနှံ စိုက်ပျိုးရေးလုပ်ငန်းတွေကို ဘယ်လို လောင်စာဆီ ခွဲဝေဖြန့်ဖြူးပေးမလဲ ဆိုတဲ့ အစီအစဥ်တွေ မရှိတာကြောင့် စပါးနဲ့ အခြားသော စိုက်ပျိုးသီးနှံတွေ ရိတ်သိမ်းဖို့ နဲ့ စျေးကွက်ကိုတင်ပို့ဖို့ စရိတ်ကြီးမြင့်တာ၊ စျေးမကိုက်လို့ မရိတ်သိမ်းတော့တာတဲ့ အခြေအနေတွေထိ ဖြစ်ပေါ်နေတာလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။
စက်နဲ့ ရိတ်သိမ်းခတွေ အဆမတန်မြင့်တက်ကုန်တာ၊ စက်သုံးဆီကို စိုက်ပျိုးသူဘက်က ရှာဖွေဝယ်ယူပေးရတာတွေ အထိ ဖြစ်ပွားနေတာ သတင်းဖော်ပြမှုတွေ၊ လူမှုကွန်ရက်ပေါ်က ရေးသားမှုတွေမှာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ လယ်သမား တဦး ရိတ်သိမ်းပြီး ခြွေလှေ့ထားတဲ့ စပါးအိတ်တွေကို စိတ်နာနာနဲ့ ကန်ကျောက်ပြီး နောင်နှစ်မှာ မစိုက်တော့ဘူးလို့ ပြောဆိုနေတဲ့ ဗီဒီယို အတိုတခု လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာတာလည်း တွေ့ကြရပါတယ်။ နကိုကတည်းက ပြည်တွင်းစစ်ပွဲတွေရဲ့ ဒဏ်ခံစားနေကြရတဲ့ ဒေသတွေမှာ စပါးနဲ့ အခြားသောသီးနှံစိုက်ပျိုးသူတွေ ထွက်ရှိလာတဲ့ သီးနှံကို စျေးကွက်မတင်ပို့နိုင်တာ၊ သိုလှောင်မထားနိုင်ပဲ ရတဲ့ဈေးနဲ့ ရောင်းချကြရတာကြောင့် အရှုံးနဲ့ ရင်ဆိုင်နေကြရတဲ့ အခြေအနေမှာ အခုလို လောင်စာဆီ ဈေးမြင့်တက်တာ၊ ဝယ်ရခက်ခဲတာတွေက မီးလောင်ရာ လေပင့်တဲ့သဖွယ် ပိုမိုဆိုးရွားစေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အစိုးရအနေနဲ့ ဒီအခြေအနေတွေကို သိရှိနားလည်ခြင်း မရှိသလို ပြည်ပက တင်သွင်းနေရတဲ့ လောင်စာဆီ လျော့နည်းသွားတဲ့အဖြစ်ကို နိုင်ငံခြားငွေ သုံးစွဲမှုလျော့ကျသွားတာကြောင့် အောင်မြင်မှုသဖွယ် ထင်မြင်နေခဲ့ပြီး လောင်စာဆီအတွက် သုံးစွဲမှု ၄၀ ရာနှုန်းလောက် လျော့ကျသွားကြောင်း ဂုဏ်ယူစွာနဲ့ သတင်းထုတ်ပြန်ခဲ့တာ တွေ့ကြရပါတယ်။
ပုံမှန်အားဖြင့် လောင်စာဆီအတွက် တနှစ်ကို ကန်ဒေါ်လာ ၅ ဘီလျံဖိုးလောက် တင်သွင်းနေရာက အခုလို ခြိုးခြံချွေတာတဲ့ စည်းကမ်းသတ်မှတ်ချက်ကြောင့် ၂ ဘီလျံကျော် လျော့နည်းပြီး သုံးစွဲရမဲ့ အနေအထားဖြစ်ကြောင်း ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ အာဏာသိမ်းစစ်အစိုးရအနေနဲ့ ရေနံထွက်ကုန် လောင်စာဆီ ဈေးနှုန်းတွေ မြင့်တက်သွားတဲ့ အချက်ကို လျစ်လျူရှုထားသလို အခုလိုလောင်စာဆီ ချွေတာရေးကြောင့် စီးပွားရေးကဏ္ဍအသီးသီးမှာ သက်ရောက်မဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထည့်သွင်းစဥ်းစားထားတာ မတွေ့ရပါဘူး။
အရှေ့အလယ်ပိုင်းက စစ်ပွဲက ၂ လကျော်ကြာမြင့်လာချိန်အထိ လောင်စာဆီ ခြိုးခြံချွေတာရေး အစီအစဥ်ဖြစ်တဲ့ စုံ/မ နံပါတ်နဲ့ ယာဥ်အသုံးပြုမှုကို ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်သလို လောင်စာဆီဝယ်ယူခွင့်ကိုလည်း လိုင်စင်နံပါတ်၊ အင်ဂျင်ပါဝါနဲ့ ခွဲတမ်းသတ်မှတ် ရောင်းချတဲ့ စနစ်နဲ့ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ လောင်စာဆီ တင်သွင်းမှုမှာ သုံးရမဲ့ နိုင်ငံခြားငွေ လျော့နည်းသွားတာကိုသာ မီးမောင်းထိုးပြပြီး တဖက်မှာ စီးပွားရေးအရ ထိခိုက်နစ်နာမဲ့ အခြေအနေ အလားအလာတွေကိုတော့ တွက်ချက် ပြောဆိုခြင်း မရှိသေးတာ တွေ့ကြရမှာဖြစ်ပါတယ်။
ဒါက လောင်စာဆီနဲ့ ပတ်သက်ပြီး အာဏာသိမ်းစစ်အစိုးရ ရဲ့ မူဝါဒ လွဲမှားမှု ဖြစ်ပြီးနောက် အရေးပါတဲ့ မူဝါဒ လွဲမှားမှုက လူသုံးကုန်၊ ဆေးဝါးတို့လို ပြည်ပကနေ တင်သွင်းနေတာကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထိန်းချုပ်ထားတဲ့ မူဝါဒ ဖြစ်ပါတယ်။ ရှမ်းမြောက်ဒေသမှာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်လည် မလုပ်ဆောင်နိုင်သေးသလို မြန်မာနိုင်ငံ တောင်ဘက် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွေလည်း နှစ်နဲ့ချီ ရပ်တန့်လုနီးပါး ဖြစ်နေတာကြောင့် ပြည်တွင်းမှာနေထိုင်နေကြတဲ့ လူထု အနေနဲ့ နေ့စဥ်သုံး ပစ္စည်းတွေ၊ ဆေးဝါး အစရှိတဲ့ နယ်စပ်နဲ့ ရေကြောင်းကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဝယ်မရတဲ့ အခြေအနေ သို့မဟုတ် မတန်တဆ ဈေးနှုန်းနဲ့ ပေးဝယ်ကြရတဲ့ အခြေနေတွေနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက်မှာ တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မန္တလေး-လားရှိုး-မူဆယ် လမ်းပိတ်သွားပြီး ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားကတဆင့် ပမာဏတခုထိ ကုန်သွယ်မှု လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်းတွေ တင်သွင်းတာ၊ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေး၊ စစ်ကိုင်း၊ မကွေးတို့က စိုက်ပျိုးရေးထွက်ကုန်တွေ တင်ပို့တာတွေအတွက် ကုန်ကျစရိတ် ကြီးမြင့်တာနဲ့အတူ အခြားသော ကန့်သက်ချက် အခက်အခဲတွေကြောင့် မိုင်းလား ကတဆင့် နယ်စပ်ကုန်သွယ်ရေးက ယခင်အခြေအနေမျိုးနဲ့ နှိုင်းယှဥ်မရလောက်အောင် လျော့ကျခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာလည်း နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်တဲ့ မြဝတီမြို့ အနီးတဝိုက်မှာ နယ်မြေသိမ်း၊ တပ်စခန်းသိမ်း တိုက်ပွဲတွေနဲ့အတူ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လုနီးဖြစ်ခဲ့ရာက နောက်ပိုင်းမှာ တရားမဝင် မှောင်ခိုကုန်စည်တွေ စစ်ဆင်ရေး အသွင်နဲ့ ကုန်တင်ကားတွေနဲ့ ယာဥ်မောင်းတွေကိုပါ ဖမ်းဆီးပြီး ပစ္စည်းသိမ်းဆည်းတာတွေ လုပ်ဆောင်နေတာကြောင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းတွေ ပြည်တွင်းမှာ ရှားပါးပြီး ဈေးနှုန်းမတန်တဆ ကြီးမြင့်လာတဲ့ အခြေအနေက နှစ်နဲ့ချီရှိလာနေတာ ဖြစ်ပါတယ်။
နယ်စပ်ကုန်သွယ်ရေးကို ထိန်းချုပ်လိုက်ပြီးနောက် မြန်မာကျပ်ငွေနဲ့ ဒေါ်လာ၊ ထိုင်းဘတ်ငွေ လဲနှုန်းတွေ ပြီးခဲ့တဲ့ ၁ နှစ်ကျော် ၂ နှစ်နီးပါးအတွင်း ကြီးကြီးမားမား ပြောင်းလဲခြင်း မရှိတာတွေ့ရပြီး မြန်မာကျပ်ငွေ တန်ဖိုးတက်လာတဲ့သဖွယ် ထင်မြင်ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးကို တင်းကျပ်စွာ ထိန်းချုပ်လိုက်ခြင်းက နိုင်ငံခြားငွေ ဝယ်လိုအားကို ကျဆင်းစေပြီး ကျပ်ငွေ လဲနှုန်းကို ထိုးမတက်အောင် ထိန်းထားနိုင်တဲ့ သဘောမျိုး အာဏာသိမ်းစစ်အစိုးရက ယူဆနေတာလည်း ဖြစ်ပါတယ်။
အမှန်တကယ်မှာတော့ ကျပ်ငွေ တန်ဖိုး ထပ်မကျသည့်တိုင် ပြည်တွင်းမှာ မရှိမဖြစ် လူသုံးကုန်ပစ္စည်းတွေ နဲ့ ဆေးဝါးတွေ အဆမတန် ဈေးမြင့်တက်နေပြီး သာမန်လူတွေ တဖြည်းဖြည်းနဲ့ လက်လှမ်းမမီ ဖြစ်လာနေတာပါ။
ဒီလို အခြေအနေတွေ လက္ခဏာ၊ အကျိုးသက်ရောက်မှုတွေကို အာဏာသိမ်းစစ်အစိုးရ ခေါင်းဆောင် နားလည်ခြင်း မရှိဘဲ ကျပ်ငွေတန်ဖိုး ထိုးမကျတဲ့အချက်၊ လောင်စာဆီ ခြိုးခြံချွေတာပြီး နိုင်ငံခြားငွေ သုံးစွဲမှု လျော့နည်းတဲ့ အချက် ၂ ခုတည်းကိုသာ မီးမောင်းထိုးပြကာ အောင်မြင်နေတဲ့သဖွယ် ယူဆနေတာ ဖြစ်ပါတယ်။ အခြားသော အချက်အလက်တွေ လက္ခဏာတွေအရ ပြည်သူလူထုအဖို့ အသက်ရှင်သန် နေထိုင်ဖို့ ပိုမိုကျပ်တည်း ခက်ခဲလာနေတာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ မလုပ်ဆောင်နိုင်လောက်အောင် ဖြစ်လာနေတဲ့ အချက်တွေကို မမြင်ချင်ယောင်ဆောင်ထားခြင်းက စီးပွားရေးအရ အကျပ်ဆိုက်မှုတခုဆီ ဦးတည်နေတာဖြစ်ပြီး မဝေးတဲ့ အချိန်ကာလတခု မှာ ဒီအကျိုးဆက်တွေကို ရင်ဆိုင်ကြုံတွေ့ကြရမှာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar