Breaking News

အာဆီယံနိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးနဲ့ မြန်မာနိုင်ငံအရေး

မြန်မာနွေဦးခရိုနီကယ် - မေ ၈ မြင်ကွင်း

(မိုးမခ) မေ ၉ ၊ ၂၀၂၆


အာဆီယံနိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးနဲ့ မြန်မာနိုင်ငံအရေး

အဖွဲ့ဝင် ၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သမ္မတတွေနဲ့ ဝန်ကြီးချုပ်တွေ တက်ရောက်ကြတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေအဆင့် အစည်းအဝေးကို အလှည့်ကျ ဖိလစ်ပိုင်နိုင်ငံ စီဘူးမြို့မှာ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။ အားလုံး သိထားကြတဲ့အတိုင်း အဖွဲ့ဝင်တနိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံကတော့ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ လူသားချင်းစာနာမှုအကူအညီဆိုင်ရာ ပေးအပ်ခွင့်၊ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ အစရှိတဲ့ ဖော်ဆောင်ဖို့ အချက် ၅ ချက်ကို ၂၀၂၁ ခုနှစ် ဧပြီလမှာ သဘောတူခဲ့ပြီး အကောင်အထည်ဖော်မှု မရှိတာကို အကြောင်းပြုပြီး ခေါင်းဆောင်အဆင့်၊ နိုင်ငံခြားရေးဝန်ကြီးအဆင့် တက်ရောက်ခွင့်ကို ဆိုင်းငံ့ထားခဲ့တာ ၅ နှစ်ဝန်းကျင်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက အာဏာသိမ်းစစ်တပ်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အတွင်းဝန်အဆင့်ကိုသာ ဖိတ်ကြားခံရပြီး လက်ရှိ ဖိလစ်ပိုင်နိုင်ငံက ညီလာခံကို တက်ရောက်နေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်၊ နယ်စပ်ဖြတ်ကျော် သက်ရောက်လာတဲ့ ဒုက္ခသည်အရေး၊ လူသားချင်းစာနာမှု အကူအညီ အရေးတကြီး လိုအပ်နေတဲ့ အခြေအနေ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ကာ နယ်စပ်ဖြတ်ကျော် မှောင်ခိုအရေး၊ လူမှောင်ခို၊ လူကုန်ကူးမှု အစရှိတဲ့ အရေးကိစ္စတွေကို အာဆီယံအဖွဲ့အနေနဲ့  အစဥ်တစိုက် ထုတ်ဖော်ပြောဆိုလာခဲ့သလို အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင်တွေကို အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီ ပေးခွင့်ပြုဖို့ အစရှိတဲ့ တောင်းဆိုမှုတွေ ပြီးခဲ့တဲ့ ၅ နှစ်နီးပါးအတွင်း တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက အာဏာသိမ်းစစ်အစိုးရကတော့ အာဆီယံ အဖွဲ့ရဲ့တောင်းဆိုချက်တွေကိုလည်း အပြည့်အဝ အကောင်အထည်မဖော်ဘဲ ၂၀၂၁ ခုနှစ် ဂျကာတာ အစည်းအဝေးက ဆုံးဖြတ်ခဲ့တဲ့ မြန်မာနိုင်ငံက ဖော်ဆောင်ရမယ့် အာဆီယံဘုံ သဘောတူညီမူ ၅ ချက်ကို ထိုစဥ်ကတည်းက စစ်ခေါင်းဆောင်ဘက်က ကောင်းစွာ သဘောမတူခဲ့သယောင် နောက်ပိုင်းမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 

အခုလို စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော် ရောက်ရှိလာချိန် မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က စိတ်တိုင်းကျ စီစဥ်လုပ်ဆောင်တဲ့ ရွေးကောက်ပွဲ ကျင်းပပြီး အာဏာသိမ်းတဲ့ စစ်တပ်ခေါင်းဆောင်က သမ္မတရာထူးကို ရယူပြီးချိန်မှာ အာဆီယံအဖွဲ့ရဲ့ အသိအမှတ်ပြုမှုကို နာမည်ခံ အရပ်သားအစိုးရ ခေါင်းဆောင်က မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ 

အိမ်နီးချင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ကတော့ မြန်မာ့အရေးဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ စည်းလုံးညီညွတ်မှုကို စမ်းသပ်နေတဲ့ အရေးကိစ္စတရပ်ဖြစ်နေကြောင်း အာဆီယံခေါင်းဆောင်အစည်းအဝေး ပထမနေ့ဖြစ်တဲ့ မေလ ၈ ရက်နေ့ မှာ ပြောဆိုခဲ့ပါတယ်။ 

ဧပြီလဆန်းမှာ မြန်မာစစ်ခေါင်းဆောင်က သမ္မတရာထူးကို ရယူပြီး ရက်အနည်းငယ်အကြာမှာ ယခင် သမ္မတဟောင်း ဦးဝင်းမြင့်ကို အကျဥ်းထောင်ကနေ လွှတ်ပေးခဲ့တာ၊ နောက်ထပ် ရက်အနည်းငယ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဥ်းထောင်ကနေ နေပြည်တော်က နေအိမ်တအိမ်ဆီ ရွှေ့ပြောင်းခဲ့တာတွေအပေါ် အချို့သော အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့က မြန်မာနိုင်ငံက စစ်ခေါင်းဆောင်တွေကို အာဆီယံညီလာခံတွေမှာ ပြန်လည် လက်ခံဖို့ လမ်းစအနေနဲ့ ရှုမြင်ကြပေမယ့် အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်တွေက လုံလောက်တဲ့ ပြောင်းလဲမှုတွေ မဟုတ်သေးဘူးလို့ ယူဆပြီး ယခု အနေအထားအတိုင်း ဆက်လက် ထားရှိဖို့ အမြင်ရှိကြတာ ဖြစ်ပါတယ်။

နိုင်ငံအချို့က မြန်မာစစ်အစိုးရ အဖွဲ့ဝင်တွေနဲ့ လူကိုယ်တိုင်မဟုတ်သည့်တိုင် အွန်လိုင်းလိုကတဆင့် ဆက်သွယ်ပြောဆိုလိုတဲ့ သဘောမျိုး ပြောဆိုတာတွေလည်း ကြားသိနေကြရပြီး အာဆီယံရဲ့ မြန်မာစစ်အစိုးရအပေါ် ထားရှိတဲ့ မူဝါဒကို အနည်းငယ်ပျော့ပျောင်းစေချင်တဲ့ သဘောမျိုးလို့ မှန်းဆရပါတယ်။ 

အာဆီယံအဖွဲ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်ပေးဖို့ တွေ့ဆုံဆွေးနွေး ပြောဆိုဖို့ လမ်းကြောင်းကို တွန်းအားပေးဖို့ ရည်ရွယ်ထားပြီး လတ်တလော လုပ်ဆောင်ခဲ့တဲ့ ဦးဝင်းမြင့်ကို လွှတ်ပေးခြင်းအတွက် အသိအမှတ်ပြုတဲ့ အကြောင်း ပြောဆိုထားတာလည်း ဖြစ်ပါတယ်။ 

မြန်မာစစ်ခေါင်းဆောင်က သမ္မတရာထူးရယူပြီးနောက် ရက်အနည်းငယ် အကြာမှာကျင်းပတဲ့ အစည်းအဝေးမှာ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ အချိန်ကာလအားဖြင့် ရက် ၁၀၀ သတ်မှတ်ချက်နဲ့ ဖိတ်ခေါ်ခဲ့ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်က PDF တပ်ဖွဲ့တွေကိုတော့ လက်နက်ချဖို့သာ ပြောဆိုခဲ့တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံက ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့လည်း အာဆီယံ အဖွဲ့အနေနဲ့ အသိအမှတ်ပြုတာ မရှိပဲ အဖွဲ့ဝင် နိုင်ငံတနိုင်ချင်း သဘောထားအရ အချို့သော နိုင်ငံတွေက စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို အသစ်ဖွဲ့စည်းခဲ့တဲ့ အစိုးရခေါင်းဆောင် အဖြစ် အသိအမှတ်ပြုဆက်ဆံတာမျိုး ရှိခဲ့တာဖြစ်ပါတယ်။ 

အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ကူးလူးဆက်ဆံမှု၊ အကောင်း အဆိုး ဒွန်တွဲသက်ရောက်မှုတွေကို ခံစားနေရတဲ့ ထိုင်းနိုင်ငံ အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ပတ်သက်လို့ ပိုမိုပျော့ပျောင်းတဲ့ သဘောထားမျိုး ရှိနေတာဖြစ်ပါတယ်။ 

အာဆီယံခေါင်းဆောင်တွေရဲ့ ယခု ညီလာခံက မြန်မာ့အရေးထက်ကို လတ်တလော အရှေ့အာရှနိုင်ငံတွေ ခံစားနေကြရတဲ့ အမေရိကန်-အီရန် စစ်ပွဲကြောင့် လောင်စာဆီ အကျပ်အတည်းကို အဖြေရှာကြဖို့ အရေးက ပိုမိုအရေးကြီးတာလည်း ဖြစ်ပါတယ်။ အဆိုပါ စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့နေတဲ့ အခြေအနေမှာ ရေနံ နဲ့ သဘာဝဓာတ်ငွေ့က ထုတ်လုပ်တဲ့ မြေသြဇာတွေ ပြတ်လပ်တာ၊ ဈေးနှုန်းကြီးမြင့်လာတဲ့ အခြေအနေတွေက အာဆီယံအဖွဲ့ဝင် နိုင်ငံအများအပြားကို သက်ရောက်မှု ကြီးမားစွာရှိနေတာပါ။ ထိုင်း၊ ဗီယက်နမ်၊ စင်္ကာပူ၊ မြန်မာ၊ လာအို နဲ့ ဖိလစ်ပိုင်တို့ အဓိက သက်ရောက်မှုရှိနေကြတာ ဖြစ်ပါတယ်။ အခုအာဆီယံ ခေါင်းဆောင် ညီလာခံက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တို့က ထွက်ရှိတဲ့ စွမ်းအင်၊ မြေဆီ၊ ပလတ်စတစ် အစရှိတဲ့ နေ့စဥ်ဘဝမှာ အရေးပါတဲ့ ကုန်ပစ္စည်းတွေ မလုံလောက်မှု၊ ဈေးနှုန်းကြီးမြင့်မှုတွေကို သက်သာအောင် နည်းလမ်းရှာကြရာမှာ အာဆီယံ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုတွေ နည်းလမ်းတွေ ရှာဖွေကြဖို့ အရေးကြီးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ဒီလိုအခြေအနေတွေနဲ့ ပြည်တွင်းစစ်လက်နက်ကိုင် ပဋိပက္ခထဲ နစ်နေတဲ့ မြန်မာနိုင်ငံအရေးတို့က ယခု အာဆီယံ ခေါင်းဆောင်ညီလာခံ ကို လွှမ်းမိုးနေတဲ့ သဘောလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar