ငြိမ်းဝေ - မှန်သားပြင်ကို ထုခွဲဖို့ကြိုးစားကြည့်ခြင်း ( (၁၀၇) နှစ်မွေးနေ့အမှတ်တရ..)
မှန်သားပြင်ကို ထုခွဲဖို့ကြိုးစားကြည့်ခြင်း
( (၁၀၇) နှစ်မွေးနေ့အမှတ်တရ..)
ငြိမ်းဝေ
(မိုးမခ) မေ ၁၀၊ ၂၀၂၆
(၁)
၁၉၇၈ ခု ။
“ ကျနော် ခရီးရှည်ထွက်မှာမို့ဆရာ့ကိုလာတွေ့တာပါဆရာ ဖြစ်နိုင်ရင် ကျနော့်ကို ဆရာ့စာအုပ်တစ်အုပ်လောက် လက်ဆောင်ပေးဖို့လည်း တောင်းဆိုပါရစေဆရာ...”
ဆရာဒဂုန်တာရာက ကျနော့်ကို တချက်ငေးပြီးကြည့်သည်။ ဘာမျှတော့မပြော။ ကျနော်ကတော့ ကျနော့်အတွက် အရေးကြီးသော ကာလတစ်ခုကို ဖြတ်ကူးရန်ကြံရွယ်စဉ် ဆရာ့ထံမှ စာအုပ်တစ်အုပ် ယူသွားချင်နေသည်။
ထို့နောက် ဆရာက အဝတ်အစားလဲအုန်းမည်ဟုဆိုကာ အခန်းထဲပြန်ဝင်သည်။အခန်းထဲက ထွက်လာတော့ လက်ထဲတွင် စာအုပ်တစ်အုပ်ပါလာသည်။ “သဇင်သင်းပြန်တော့” စာအုပ်။
ဆရာက စားပွဲဘေး မတ်တပ်ရပ်လျက်နှင့်ပင် စာအုပ်တွင် လက်မှတ်ထိုးသည်။ ပြီးတော့ ကျနော့်ကို ပေးသည်။ ကျနော်က စာအုပ်အဖုံးကိုလှပ်ကြည့်သည်။ ရှေ့ဆုံး စာမျက်နှာပေါ်တွင် “ဌေးမြိုင်”ဟု လက်မှတ်ထိုးထား၏။
ထိုစဉ်က ဆရာတာရာက ဟာမစ်တစ်လမ်းထဲက ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်း ဒေါ်မာလာ၏အိမ်တွင် နေသည်။ ချစ်သောကဗျာဆရာ (ကို)အောင်ဇင်မင်း က ဆရာတာရာဆီ လိုက်ပို့ခဲ့ခြင်း ဖြစ်သည်။ ဆရာဒဂုန်တာရာသည် ယင်းအိမ်တွင်မနေခင်ကတည်းက ယခုအချိန်အထိ နှစ်ပေါင်းများစွာ "ဧည့်စာရင်းတိုင်ပြီးနေထိုင်ခဲ့ရသူ" ဖြစ်လေသည်။
ထို့နောက် ကျနော်တို့လူသိုက် ဆရာနှင့်အတူ ဟာမစ်တစ်လမ်းထိပ် ထွက်လာခဲ့ကြသည်။ လမ်းထိပ်က လက်ဖက်ရည်ဆိုင်တွင် ဝင်ထိုင်ကြသည်။ ဆရာက ကျနော်တို့နှင့် စကားပြောချင်နေပုံရသည်။ ကျနော်တို့လို လူငယ်တွေဆီကအသံကို သူက တကူးတကကြားချင်နေပုံရသည်။ ထို့ကြောင့်ပင်ထင်သည်။ ကျနော်တို့လူစု စကားထိုင်ပြောကြတော့ ဆရာက နားထောင်သမားသက်သက်။
ကျနော်က ရန်ကုန်ရောက်လျင် ဆရာဒဂုန်တာရာနှင့် ဆရာဗန်းမော်တင်အောင်တို့ကို လူချင်းတွေ့နိုင်ဖို့ အမြဲကြိုးစားသည်။ သူတို့နှစ်ဦး၏ ကျော်ကြားလှသော ယဉ်ကျေးသိမ်မွေ့မှု အပြန်အလှန် လေးစား အလေးအနက်ထားမှု အပြောအဆို ဆက်ဆံရေးကို ကြည်နူးထိတွေ့ချင်သည်။ သူတို့နှင့်တွေ့လျင် ကျနော်အားရှိသည်။
ကျနော်တို့က ဆရာဒဂုန်တာရာ့ကဗျာများထဲက ကျနော်တို့နားမလည်သော ကျနော်တို့ ပို၍သိချင်သော ကဗျာများကို မေးသည်။ ကျနော်တို့နှင့် ခေတ်ပြိုင်လူငယ်ကဗျာဆရာများ၏ကဗျာများကို ပြောသည်။ ဆရာက နားမရှင်းသည့်အခါ ထပ်ပြောရန် တောင်းဆိုတတ်သည်။ ကျနော်တို့ပြောသမျှ သေသေချာချာနားစိုက်ထောင်သည်။ ဆရာ့မျက်နှာပေါ်တွင် ကျနော်တို့ပြောသမျှ လိုလိုချင်ချင်သိချင်နေပုံက ထင်ရှားလွန်းသည်။ ဆရာ့ရဲ့ နာမည်ကျော် စေ့စပ်သေချာမှုကိုလည်း အထင်အရှားတွေ့နေရသည်။
ကျနော့်မှာ ဆရာ့ရှေ့တွင် စဉ်းစားပြီးမှ ဆင်ခြင်ပြီးမှ စကားပြောနေရသည်။ ကိုယ်မသိသည့်အရာ မရှင်းလင်းသည့်အရာကို ကိုယ်သိသလို ဒါမှမဟုတ် စကားမရှိ စကားရှာပြောသည့်အနေအထားမျိုးမရောက်အောင် သတိထားနေရသည်။
ထိုစဉ်က ဆရာသည် ရုပ်ရှင်မင်းသားကြီး ကောလိပ်ဂျင်နေဝင်းမိသားစုနှင့်အတူ နေထိုင်နေသည့်အချိန်ဖြစ်သညည်။ ကျနော်တို့က ဆရာနေထိုင်ရာ လမ်းကလေးထဲကအထွက် လမ်းထိပ် လဘက်ရည်ဆိုင်တွင် ထိုင်ကြခြင်းဖြစ်သည်။ ဆရာက အထူးသဖြင့် သူ့ကဗျာများအပေါ် လူငယ်တွေ ဘယ်လိုမြင်သလဲဆိုသည်ကို သိချင်သည်။ ကျနော်တို့က ဆရာ့ကဗျာများကို ဖြင်ပြီး ကြည့်တတ်ကြသူများ မဟုတ်။ ဆရာ့ကဗျာများက ကျနော်တို့အပေါ် လွှမ်းမိုးနေ၏။ ဆရာ့ကဗျာများကို ခတ်ဝေးဝေးမှ ခွါပြီး မကြည့်တတ်ကြေသး။ ထို့ကြောင့် ဆရာ့ကို ကျနော်တို့က ဆရာကျေနပ်အောင် ပြောပြနိုင်စွမ်းမရှိခဲ့ကြ။ ထိုစဉ်က ဆရာက အသက် ၅၀ ကျော်ဝန်းကျင်။ ကျနော်တို့က အသက် ၂၀ ကျော်။ မျိုးဆက်ကွာဟမှုက ကြီးသည်။ သို့သော် ဆရာက လက်တံတော်တော်ရှည်လွန်းသည်။ ကျနော်တို့ဆီက ရနိုင်သမျှ ရအောင်ယူနိုင်ခဲ့သည်ဟု ယူဆရပါသည်။
ထိုစဉ်က ပြောခဲ့ဆိုခဲ့သည့် စကားများထဲတွင် ဆရာ၏ “ဝါးပင်ကြားမှ နေဝန်းနီ” ကဗျာတွင် ဖေါ်ပြသည့် “ရဌပတိ” ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို ကျနော်မေးခဲ့၏။ ထိုကဗျာမှာ ၁၉၇၄ ခု၊ ရန်ကုန်မြို့ ဗီယက်နမ်သံရုံးတွင်ပြုလုပ်သော “ဟိုချီမင်း ၈၄ နှစ်မြောက်မွေးနေ့ပွဲ”တွင် ဆရာရွတ်ဆိုခဲ့သော ကဗျာဖြစ်သည်။ ဆရာက “ရဌပတိ၏” အဓိပ္ပာယ်ကို အင်ဒိုချိုင်းနားကျွန်းဆွယ်ဒေသရဲ့ ခေါင်းဆောင်ကြီးဟူသည့်အစိပါယ်ဖြင့် ရေးခဲ့ခြင်းသာဖြစ်သည်ဟူသောစကားကိုမူ အခုအချိန်အထိ ကျနော် မှတ်မိနေသေး၏။
ထိုအချိန်က စာပေဆည်းဆာလှုပ်ရှားမှု အရှိန်ကောင်းနေသည့်အချိန်ဖြစ်သည်။ဆေးသိပ္ပံမဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သည့် ဆရာ၏ “နှင်းဆီထုံသောည” ကဗျာတွင် ကျနော်တို့လူငယ်တသိုက် ယစ်မူးလွန်းနေသည့်အချိန်ဖြစ်သည်။
ဆရာ့ကို နှုတ်ဆက်ပြီးပြန်လာတော့ ဘတ်စ်ကားပေါ် လူချင်းတိုးခွေ့စီးလာနေစဉ်မှာပင် ဆရာ့အကြောင်းကို တွေးလာနေမိသည်။ ဆရာ့ရဲ့ ပထမဦးဆုံးသော မုန်တိုင်းထန်သော ရာသီများကို ကျနော် စဉ်းစားသည်။ ဆရာ၏ “တဟီတီသွားရအောင်”ကဗျာနှင့် ထွက်ပြေးမှုဝါဒ။ ပြီးတော့ ဝစ်လစ်စလစ်လမ်းမကြီး၊ လေနုအေးက နော့ဆဲကို၊ ပန်းနုရောင်အို၊ ဝေါ့ဒစ္စနေအပြာ၊ ဗဟုရာဇ် အစရှိသည့်စကားလုံးသစ်များနှင့် လျပ်ပေါ်လော်လီ၍ အမျိုးသားယဉ်ကျေးမှု ဖျက်ဆီးသူဟူသော စွပ်စွဲပြောဆိုခံရမှုများ...။ ဆရာ့ရဲ့ “ပျားအုံခံစားမှု” စကားလုံးက ကျနော့်ကို တုန်လှုပ်ခြောက်ခြားရလောက်အောင် ဖမ်းစားထား၏။
ဒဂုန်တာရာဆိုသည်မှာ လူငယ်တွေကိုဖျက်ဆီးသူ။ လူငယ်တွေကို သွေးထိုးပေးသူ။ အုပ်စုဖွဲ့၍ ခေါင်း ဆောင်ရာထူးယူသူ...ဟူသော ၁၉၇၈ ခုနှစ်ဝန်းကျင်ကာလ ဆရာ့ နောက်ထပ် မိုးထဲလေထဲ ကာလများ။
ထိုအချိန်က ဆရာ့ဆီက အမှတ်တရ သဇင်သင်းပြန်တော့ စာအုပ် တောင်းယူခဲ့သည့်တိုင် ကျနော်က အကြောင်းကြောင်းကြောင့် ခရီးရှည် မထွက်ဖြစ်ခဲ့သေး။
နောင် နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးအကြာတွင်ထုတ်ဝေသည့် ဆရာ့ကဗျာပေါင်းချုပ်စာအုပ်တွင် ဆရာက “အကယ်၍ ကျွန်တော်သည် ကျွန်တော်ရေးဖွဲ့ခဲ့သော ကဗျာပေါင်းချုပ်ပါ ကဗျာများတွင် မိမိ ယုံကြည်မှုအား သစ္စာဖေါက်သည်ကို တွေ့ရှိလျင် ကဗျာပေါင်းချုပ် ကို လွင့်ပစ်လိုက်ပေတော့...။မှန်သားပြင်ကို ခွဲလိုက်ပေတော့”...ဟု အမှာစာတွင် ထည့်ရေးလိုက်၏။
အမှန်စင်စစ် ဤ အမှာစာပါ စာကြောင်းသည် ဆရာက မိမိကိုယ်မိမိ ယုံကြည်မှုအပြည့်နှင့် ရာဇဝင်ကို စိမ်ခေါ်လိုက်ခြင်းသာဖြစ်သည်ဟု ကျနော် ခံစားရသည်။ သို့နှင့်ပင် ကျနော့်မှာ ဆရာ့ကဗျာများကို စေ့စေ့စပ်စပ် ထပ်မံဖတ်ရှု ဖျင်ကြည့်ဖို့ရာ လိုအပ်လာခဲ့တော့၏။
(ခ)
၁၉၉၂ ခုနှစ်တွင်မူ ကျနော်သည်လည်း ခရီးရှည်ထွက်ဖြစ်ခဲ့၏။ သို့သော် ခရီးရှည်ထွက်ရန် ပထမအကြိမ်ကြိုးစားစဉ်က ဆရာ့ထံမှ တောင်းယူ ရရှိခဲ့သည့် သဇင်သင်းပြန်တော့ စာအုပ်ကလေးကိုမူ ကျနော် ကိုယ်နှင့်မကွာ ယူဆောင်မလာနိုင်ခဲ့တော့။ သို့ပေသည့် ကျနော့်လက်ထဲတွင် ဆရာဒဂုန်တာရာ၏ ‘ကြာပန်းရေစင်’ စာအုပ် ရှိနေခဲ့၏။ ထို့ကြောင့် ကျနော့်မှာ ကျေနပ်နေခဲ့၏။
၂၀၀၅ ခုနှစ်ထဲတွင် ဆရာ ဒဂုန်တာရာ၏ ကဗျာပေါင်းချုပ်စာအုပ်ကို ကျနော် ဖတ်ရသည်။ တစ်ကြိမ်မက အကြိမ်ကြိမ်ဖတ်သည်။ အခု ၂၀၁၀..၊ ဆိုတော့ သည်စာအုပ် ထွက်ရှိပြီး ၆ နှစ်ကြာခါမှ ကျနော် နောက်ဆုံးတစ်ကြိမ် ထပ်ပြီး ဖတ်ဖြစ်ပြန်သည်။
ဒဂုန်တာရာ( တခါက နာမည်ကြီးပြည်ပသတင်းဌါနတစ်ခုတွင် ဆရာဒဂုန်တာရာနှင့် တွေ့ဆုံမေးမြန်းခန်းဖေါ်ပြရာ၌ ဆရာ့နံမည်ကို ဂငယ် တစ်ချောင်းငင် နသတ်နှင့် မဂုန်ပဲ ဂငယ် တစ်ချောင်းငင် သေး သေးတင်နှင့်ဂုံထားသည်ကို မကြာခဏတွေ့ခဲ့ရသဖြင့် ကျနော့်မှာ စိတ်မချမ်းမြေ့ဖြစ်ခဲ့ရပါသည်။ ဤကားစကားချပ်)၏ ကဗျာပေါင်းချုပ်တွင် ကဗျာပုဒ်ရေ ၁၂၃ ပုဒ်ပါရှိပါသည်။ ဆရာ၏ ပထမဦးဆုံးပုံနှိပ်ဖေါ်ပြခံရသည့် တို့ဗမာအကြောင်းရတုပိုဒ်စုံ ကဗျာမှစကာ ၂၀၀၃ ခုတွင်ရေးဖွဲ့သည့် “ယစ်ပူဇော်ပွဲ” ကဗျာအထိ ဆရာ၏ စာရေးသက် နှစ် ၇၀ နီးပါးအတွင်း ရေးဖွဲ့ခဲ့သည့်ကဗျာများကို တပေါင်းတစည်းတည်း ဖတ်ရှုခွင့်ရခြင်းပင်ဖြစ်သည်။
ဤကဗျာပေါင်းချုပ်စာအုပ်အရဆိုပါက ဆရာဒဂုန်တာရာကား တစ်နှစ်တွင် ကဗျာနှစ်ပုဒ်မျှပင် မရေးခဲ့သည်ကို ယေဘုယျအားဖြင့် တွက်ချက်ယူလို့ရနိုင်ပါသည်။ သည်မျှ ကဗျာအရေအတွက်မျှလောက်နှင့်ပင် ဆရာသည် မြန်မာကဗျာဆရာများထဲ၌ မြင့်မားလှသည့်နေရာတွင် ရပ်တည်ခွင့်ရခဲ့၏။ တချို့ကဆိုလျင် ဆရာ့ကို နတ်နေကိုင်းသဖွယ် သဘောထားသည်အထိ ဆရာ့ဂုဏ်က မြင့်မားလာခဲ့ရ၏။
အမှန်စင်စစ် ဆရာဒဂုန်တာရာကို သည်မျှမြင့်မားသည့်နေရာအထိရောက်ရှိအောင် တွန်းပို့လိုက်သည့်အကြောင်းအရာမှာ သူ ရေးဖွဲ့သည့်ကဗျာတစ်ခုတည်းကြောင့်တော့ မဟုတ်ပါ။ ဆရာဒဂုန်တာရာ၏ “နိုင်ငံရေးစံ”သည်လည်း အဓိကအရေးပါသော အခြေခံအကြောင်းအရာဖြစ်သည်ဟု ကျနော် ယုံကြည်သည်။ သည်နေရာ၌ သူ၏ နိုင်ငံရေးစံ ထုနှင့်စေါက်ကို သူ့ကဗျာများထဲမှ တဆင့်လည်း တစုံတရာ တိုင်းတာကြည့်လို့ ရနိုင်သည်ကိုလည်း ငြင်းလို့မရ။
ဥပမာ...သူသည် ၁၉၃၆ ခု ကျောင်းသားသပိတ်တွင် ကိုယ်တိုင်ပါဝင်ခဲ့သည့်အပြင် သပိတ်မှောက်ဘွဲ့ ရှေးရေး လေးချိုးများကို ရေးခဲ့သည်။ ၁၉၃၈- ၃၉ ခု၊ ၁၃၀၀ ပြည့် အရေးတော်ပုံကြီးကို “လောက အမွန်” သံချိုကဗျာဖြင့် ထုပ်ပိုးခဲ့သည်။ ၁၉၄၇ တွင် “မတ်လတော်လှန်ရေး” ကဗျာဖြင့် ဖက်ဆစ်တော်လှန်ရေးကို ဂုဏ်ပြုခဲ့သည်, သံမှိုစွဲခဲ့သည်။ ထိုစဉ်ကတည်းက ဆရာသည် နိုင်ငံရေးစံကို သူ့ကဗျာများထဲကတဆင့် မြင့်မြင့်မားမား စိုက်ထူခဲ့၏။ ထို့နောက် မြန်မာစာပေနယ်ပယ်အတွက် စာပေသစ်အယူအဆ ရတနာတွင်းကို တူးဆွဖေါ်ထုတ်ပေးလိုက်၏။ စာပေသည် နိုင်ငံရေးထင်ဟပ်ချက်ဟူသော စာပေဆိုင်ရာ ဒဿနကိုကိုင်ဆွဲလိုက်၏။ စာပေသည် ပြည်သူ့အတွက်ဖြစ်ရမည်ဟူသော ကဗျာ ဆရာတစ်ဦးရဲ့ လူတန်းစားရပ်တည်မှုစံ...။ ထိုအယူအဆကို ယင်းခေတ်ကတောင်းဆိုမှုအရ ထမ်း ဆောင် သည့်သဘော ဖြစ်သည်။ ထိုအချိန်သည်ကား နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှိုင်းထမ်းပိုးများ အာရှ အာဖရိက၊ လက်တင်အမေရိက နိုင်ငံများအပေါ် ရိုက်ခတ်နေသောအချိန်ကာလ ဖြစ်သည်။
ကျနော့်အနေနှင့် အခိုင်အမာ မေးခွန်းတစ်ခု ထုတ်လို့ရမည်ထင်ပါသည်။ မြန်မာစာပေနယ်ပယ်၌ စာပေသစ်လို အင်မတန်ခိုင်မာပြီး ရာစုနှစ်ဝက်နှင့်ချီ အခိုင်အမာရပ်တည်နိုင်သည့် စာပေအယူအဆမျိုး အဘယ်စာရေးဆရာသည် ထူထောင်နိုင်ခဲ့သနည်း။
ဆရာသည် စာရေးသက် နှစ်ပေါင်း ၇၀ အတွင်း လေးနှင့်မြားကို ချွန်ခဲ့ တပ်ဆင်ခဲ့၏။ ပစ်မှတ်ကိုလည်း သဲကွဲအောင်ရှာဖွေသတ်မှတ်ခဲ့၏။ ပစ်မှတ်ကိုလည်း ထိအောင်ပစ်ခတ်ခဲ့၏။ ဆရာ၏ ညွှတ် ပြောင်းပြီး အရှိန်အဟုန်ပြင်းလှသည့်မြှားတံများမှာ မြန်မာစာပေကောင်းကင်ယံတွင် နေရောင်မထွင်းဖေါက်နိုင်လောက်အောင် သဲသဲလှုပ်မျှ ပြေးလွှားနေခဲ့၏။ ဆရာ့ထံမှ ကြားရသည့် လေးသံမြားသံများမှာ မျိုးဆက်တစ်ခုလုံးကို ရိုက်ခတ်နေခဲ့၏။ ဖေါက်ပြန်မှားယွင်းပြီး ဟောင်းနွမ်းပုတ်သိုးသော စာပေအယူအဆဟူသမျှ ဆရာ့ခြေတော်ရင်းတွင် လည်စင်းသွားကြရ၏။ ဆရာ့အရှိန်သြစာမှာ လူငယ်များအပေါ် ဘယ်သူမျှ လိုက်မမီအောင် လွှမ်းမိုးထားခဲ့၏။
သည်လိုပြောတော့ ဆရာဒဂုန်တာရာသည် သည်လိုဂုဏ်ပုဒ်များကို လွယ်လွယ်နှင့် ရနိုင်ခဲ့သည်ဟုတော့မယူဆစေလိုပါ။ ဆရာ့အပေါ် ဆရာ့အယူအဆအပေါ် အမြင်မတူသူများကမူ ဆရာ့ကို အမျိုး သားယဉ်ကျေးမှုကို ဖျက်ဆီးသူ၊ လူငယ်များကို ခြောက်ထဲဆွဲခေါ်သူ၊ ထွက်ပြေးရေးသမား...။ နောက်ဆုံး ပြည်သူ့စာပေအယောင်ဆောင် အန္တရာယ်အကြီးဆုံး အရင်းရှင်စာပေသမား (၁၉၇၅ ဝန်းကျင် မိုးကြိုမုန်တိုင်း အုပ်စုမှ စွပ်စွဲချက်) အစရှိသော လေမုန်တိုင်းများမှာ ဆရာ့ စာပေသက်တမ်းတလျှောက်လုံး ဟိန်းဟိန်းညံနေခဲ့၏။ မြန်မာစာပေနယ်ပယ်တွင် ဆရာ့လောက် အတိုက်အခိုက်ခံရသည့် စာပေသမား တယောက်မျှပင် မရှိခဲ့ဖူးသေးဟုပင် ပြောယူရလောက်အောင် မိုးထဲလေထဲ ဖြတ်သန်းလာခဲ့ရသူဖြစ်သည်။
(ဂ)
ဆရာဒဂုန်တာရာ၏ ကဗျာဆိုင်ရာ နည်းနာဖြစ်ပေါ်တိုးတက်မှုက စိတ်ဝင်စားဖို့ကောင်းပါသည်။ ဆရာ့ ကဗျာဆိုင်ရာ အတတ်ပညာရေးသမိုင်းက သာမာန်လူတွေနှင့် ပြောင်းပြန်ဖြစ်သည်။
ဥပမာ ဆရာက အသက်အငယ်ဆုံးကာလက ရှေးရေးဟန်ကဗျာနည်းနာကို အသုံးပြုခဲ့ပြီး အသက်အရွယ်ကြီးရင့်လာတော့ ခေတ်ပေါ်ကဗျာတွေရေးလာခဲ့သည်။ အသက်အရွယ်နှင့် သူ၏ ကဗျာနည်းနာဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုက ထူးခြားလေးနက်နေ၏။
အတွေးအခေါ်တွင်လည်း သည်အတိုင်းဖြစ်သည်။ ဆရာက ငယ်စဉ်က ကဗျာဆိုင်ရာအတွေးအခေါ်က ရိုးစင်းသည်။ မျက်မြင်သဘောဖြစ်သည်။ အဖြောင့်သဘော ဆန်သည်။ ကြီးလာတော့ ဆရာ့ကဗျာဆိုင်ရာ ဒဿနက လေးနက်လာသည်။ ချွန်ချွန်မြမြဖြစ်လာသည်။ တွေးယူမှ ရသည်။ ဥပမာ ဆရာက ငမိုးရိပ်ချောင်းဘေးက ပဲပြုတ်သည်မရဲ့ ပဲပြုတ်အော်ရောင်းသည့်အသံကို ကဗျာထဲထည့်ဖွဲ့ရုံလောက်နှင့် ရပ်မနေ။(ပန်းကြာဝတ်မှုန် မွန်းတည့်ည...ကဗျာ)။ ပြင်သစ်ပြည် လီယွန်တရားရုံးထဲ ခေါင်းငိုက်စိုက်ချကာ ထိုင်နေသူ နာဇီစစ်ရာဇဝတ်ကောင် လူသားမျိုးနွယ်ထုအပေါ် ရန်ပြုခဲ့သူ ဘော်ဘီကို ခွင့်လွှတ်ဖို့ ဆရာက တောင်းဆိုလိုက်သည်။( လွတ်ငြိမ်းခွင့် ကဗျာ...)။ ထိုအခါ ဆရာ့ ဒဿနအပေါ် လူအတော်များများက စိတ်ကူးယဉ်သမား...၊ မဖြစ်နိုင်တာကို တောင်းဆိုသူ၊ ရန်ငါ မပြတ်သူဟု ထိုးနှက်ကြ၏။
သည်ကြားထဲ ဆရာက သည်မျှနှင့်ရပ်မနေ။ ဆရာက နောက်ဆုံးတွင် ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်လို့ရသည်ဟု ပြောလိုက်သည်။ လူတွေက ဆရာ့ကို ဝိုင်းဝန်း လက်ညှိုးထိုးကြ၏။ လူတွေက စစ်ရာဇဝတ်ကောင်တွေအပေါ် ခွင့်လွှတ်သီးခံဖို့ မစွမ်းနိုင်ကြ။ လက်စားချေခြင်းထက် ခွင့်လွှတ်ခြင်းက ပိုပြီး ထက်မြက်သည်ဟု ဆရာက ယုံကြည်သူ။
ဆရာသည် “ညွှတ်ပြောင်းမှုက ပိုပြီးဝေး ပိုပြီးပြင်းထန်ထိရောက်သည်” ဟူသော ကဗျာအတတ်ပညာဆိုင်ရာအယူအဆကို ထူထောင်ခဲ့သူ ဖြစ်သည် မဟုတ်လော...။
ဒဂုန်တာရာဟူသည့် ကဗျာဆရာကြီးကား “ ငါ့ဘဝကား၊ အချစ် ငြိမ်းချမ်းရေး၊ အလှတရား၊ အမုန်းမရှိ၊ စစ်ပွဲမရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ” ကဗျာမျိုးကို ရေးခဲ့သူ မဟုတ်လော....။ ( ဒိုင်နိုဆော နှင့် ပန်းလိပ်ပြာ ကဗျာမှ)
(ဃ)
သမိုင်းတစ်ခေတ် ဆုံးပြီ
ပြောသူက ပြော၊ သမိုင်း မဆုံးသေး
ဘယ်မှာ ဆုံးသလဲ၊ ပြောင်းလဲခြင်းမျှသာ
အနီ အပြာ၊ အဝါ ရှိသမျှ
သက်တံရောင်က ပြိုးပြက်လှလိမ့်
ခံစားမှုသစ် ပွင့်ပေလိမ့်။
( မျိုးဆက် နှင်းဆီပွင့် ကဗျာမှ...)
လွန်ခဲ့သော ဆယ်စုတစ်ခုလောက်ကတော့ ကတ္တီပါလမ်းခွဲအုပ်စုက ဆရာ့ရဲ့ မုဆိုးစိုင်သင် သဘောတရားကို ခြေခြေမြစ်မြစ် ထင်ထင်သာသာ ထုတ်ဖေါ်မပြောဆိုနိုင်ပဲ ဆန့်ကျင်တိုက်ခိုက်ခဲ့သည်များလည်း ရှိခဲ့သေး၏။
ကျနော်က “မုဆိုးစိုင်သင်” သဘောတရားကို လက်ခံသည်။ ယင်းတရားသည် ကဗျာမှရယ်လို့မဟုတ် ဘယ်ပညာရပ်နယ်ပယ်တွင်မဆို အသုံးတည့်နေဆံ သဘောတရားဖြစ်သည်။ ခေတ်မီနေဆဲဖြစ်သည်။ ကြောရိုးမာနေဆဲ ဖြစ်သည်။
ဆရာဒဂုန်တာရာ၏ ကဗျာဆိုင်ရာ အယူအဆများမှာ စဉ်းစားစရာမရှိမဟုတ်။ ဆွေးနွေးစရာမရှိမဟုတ်။ ရှိတော့ ရှိပါသည်။ ဥပမာ ဆရာက “လေးလုံးစပ်လက်ာနည်းသည် သူ့အတွက်တော့ လုံလောက်သည်”ဟူသော စကားအပေါ်တွင် ဆရာသည် လုံးဝတာဝန်ယူရတော့မည့် ပုဂ္ဂလသမိုင်းဆိုင်ရာ စကားဖြစ်ခဲ့သည်ကို ကျနော်တို့ သတိမူမိသည်။
ယခုအချိန်၌ ကျနော်တို့သည် ဆရာဒဂုန်တာရာ၏ ကဗျာများကို ဖတ်ရှုလျင် ကျောက်ခေတ် ဂူနံရံတစ်ခုပေါ်က ဆေးရေးပန်းချီကားတစ်ချပ်ကို တွေ့ရသလို ဖြစ်ကောင်းဖြစ်နေလိမ့်မည်။ ယခုအချိန်တွင် ကျနော်တို့ရင်ထဲ၌ လေးလုံးစပ် သို့တည်းမဟုတ် လေးလုံးစပ်ကို ဖြည်ချလိုက်သည့် လက်ာကို ခံစားလို့လုံးဝမရနိုင်တော့သည်ကိုမူ မည်သူမျှ ငြင်းနိုင်လိမ့်မည်မဟုတ်။
သို့သော် ဆရာဒဂုန်တာရာ၏ အယူအဆရေးရာကိစ္စ၌ ဘော်ဘီလို စစ်ရာဇဝတ်ကောင်ကို ခွင့်လွှတ်နိုင်သည့် သတ္တိခွန်အားမျိုး၊ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်ဖို့ နှလုံးသွင်းပုံမျိုး၊ ငြိမ်းချမ်းရေး ကမ္ဘာ့ငြိမ်းချမ်းရေးဆိုင်ရာ မတူကွဲပြားခြားနားသူတွေ အတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ မဟာငြိမ်းချမ်းရေးဆိုင်ရာ ဗဟုဝါဒဒဿနများကိုမူ ကျနော်တို့အဖို့လက်တွေ့ကျင့်သုံးရန် တွန့်ဆုတ်နေမိဆဲ။
ကျနော်သည် ဒဂုန်တာရာ၏ ကဗျာပေါင်းချုပ်စာအုပ်ကို ဖတ်ကာ ဆရာဒဂုန်တာရာ၏ မှန်သားပြင်ကို ထုခွဲဖို့ ကြိုးစားကြည့်ခဲ့၏။ မှန်သား ဖန်သားပြင်က ကွဲမသွား...။ ဆရာဒဂုန်တာရာ၏ ရုပ်ပုံလွှာက မှန်သားပြင်ပေါ်တွင် အထင်အရှား ရှိနေဆဲ။
တချိန်ကမူ ဂျပန်အမျိုးသား ဒဿနပညာရှင် ဖူကူယားမားက သမိုင်းသည် နိဂုံးချုပ်သွားပြီဟု ဆိုခဲ့သည်။ ဆရာဒဂုန်တာရာကမူ သမိုင်းသည် နိဂုံးမချုပ်ဟု အစေါဆုံးကန့်ကွက်ခဲ့၏။ မှန်သည်။ သမိုင်းသည် နိဂုံးမချုပ်သေး။ အထူးသဖြင့် ဒဂုန်တာရာ၏သမိုင်းသည် နိဂုံးမချုပ်သေး။
ကျနော်သည် ဒဂုန်တာရာ၏ ကဗျာပေါင်းချုပ်စာအုပ်ကိုဖတ်ကာ မှန်သားပြင်တစ်ခုကို ထုခွဲဖို့ ကြိုးစားကြည့်ခဲ့၏။ သို့သော်... မှန်သားပြင်က ကွဲမသွား။ မှန်သားပြင်ထဲကဆင့် ဆရာဒဂုန်တာရာက ကျနော့်ကို ကြင်နာလေးနက်စွာ ပြန်ကြည့်နေလေ၏။ ။
ငြိမ်းဝေ
ဓာတ်ပုံကို ဂူဂဲမှ ရယူပါတယ်
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
