Breaking News

ULA/AA ခေါင်းဆောင်နဲ့ အိန္ဒိယနိုင်ငံသားသတင်းထောက် တွေ့ဆုံမေးမြန်းခန်းက ဘာတွေသိရသလဲ

မြန်မာနွေဦးခရိုနီကယ် - မေ ၉ မြင်ကွင်း

(မိုးမခ) မေ ၁၀ ၊ ၂၀၂၆


ULA/AA ခေါင်းဆောင်နဲ့ အိန္ဒိယနိုင်ငံသားသတင်းထောက် တွေ့ဆုံမေးမြန်းခန်းက ဘာတွေသိရသလဲ

မကြာသေးတဲ့ လပိုင်းတွေအတွင်း အိန္ဒိယနိုင်ငံသား သတင်းထောက် ရာဂျိဗ်ဘာတာချာရာ က ULA/AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို မြန်မာနိုင်ငံတွင်းက ULA/AA က ထိန်းချုပ်ထားတဲ့ နယ်မြေတနေရာကို သွားရောက်ပြီး လူချင်းတွေ့ဆုံမေးမြန်းခဲ့ပါတယ်။ 

ULA/AA ရဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင် အနေနဲ့ ပြည်ပသတင်းဌာန တခုနဲ့ အင်တာဗျူး လက်ခံဖြေကြားတာ လူချင်းတွေ့ဆုံပြီး လက်ခံဖြေကြားတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ 

ဒီတွေ့ဆုံမေးမြန်းမှုမှာ ULA/AA ခေါင်းဆောင်ရဲ့ နိုင်ငံရေး၊ စစ်ရေးခေါင်းဆောင် ဘယ်လို ဖြစ်လာသလဲဆိုတဲ့ အကြောင်းတွေက စလို့ Arakan Army ရဲ့ စစ်ရေး အောင်မြင်မှုတွေ အကြောင်း၊ မြန်မာစစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေး အကြောင်းအရာတွေ ရခိုင်နဲ့ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှု၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နဲ့ ဆက်ဆံရေး ၊ အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေး စတဲ့အကြောင်းတွေ အထိ ပါဝင်တာတွေ့ရပါတယ်။ NUG အစိုးရနဲ့ ပတ်သက်တဲ့ မေးခွန်း မှတ်ချက်တချို့လည်း အင်တာဗျူးထဲမှာ ပါဝင်တာတွေ့ရပေမယ့် ယေဘုယျ သဘောဆန်တဲ့ သံတမန် သဘောဆန်တဲ့ မှတ်ချက်မျိုးပဲ တွေ့ရပါတယ်။ 

အချို့သော စစ်ရေး ရည်မှန်းချက်၊ လတ်တလော အနေအထားတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကိုတော့ မဖြေကြားဘဲ ရှောင်ကွင်းသွားတာလည်း တွေ့ကြရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ပတ်သက်ပြီး သတင်းထောက်က မေးမြန်းရာမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိတဲ့အကြောင်း၊ NUG ကို ULA/AA အနေနဲ့ လေးစားကြောင်း တိုတိုတုတ်တုတ်နဲ့ သံတမန်ဆန်တဲ့ အသုံးအနှုန်းနဲ့ ဖြေကြားသွားတာ တွေ့ရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲလုပ်ဆောင်မှုမျိုး ရှိခြင်း၊ မရှိခြင်းနဲ့ ပတ်သက်လို့တော့ သတင်းထောက်ကလည်း တိုက်ရိုက်မေးမြန်းခြင်း မရှိသလို ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ပြောဆိုတာ မတွေ့ရပါဘူး။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးခါစက ဖွဲ့စည်းခဲ့တဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီမှာလည်း ULA/AA ပါဝင်ခဲ့တာ မရှိသလို မကြာသေးခင်က အသစ်ဖွဲ့စည်းခဲ့တဲ့ SCEF လို့ခေါ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်၊ ဖက်ဒရယ်ယူနစ်တွေနဲ့ အမျိုးသမီး ကိုယ်စားပြုမှုတို့ အပေါ် အခြေခံဖွဲ့စည်းတဲ့ တပ်ပေါင်းစုထဲမှာလည်း ULA/AA ပါဝင်ခြင်း မရှိပါဘူး။ 

ULA/AA အနေနဲ့ အရှေ့မြောက်ဒေသ မှာ တိုင်းရင်းသားလူမျိုးစု အနေအထားအရ လွတ်မြောက်နယ်မြေအနေနဲ့ အခြေစိုက်ဒေသ မရှိသည့်တိုင် လက်နက်ကိုင်တပ်ရင်း၊ တပ်ဖွဲ့တွေ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ ULA/AA အပေါ် ဖိအားပေးမယ်ဆိုခဲ့ရင်တောင် နယ်မြေအားဖြင့် ထိစပ်နေခြင်း မရှိတာကြောင့် အရှေ့မြောက်ဒေသက ULA/AA နဲ့ ပူးတွဲလှုပ်ရှားနေတဲ့ အခြားသောတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကိုသာ ဖိအားပေးနိုင်မဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

ULA/AA အနေနဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနိုင်ငံတွေနဲ့ ဆက်ဆံရေးက တရုတ်နိုင်ငံ ဆက်ဆံရေးထက် ပိုပြီးအရေးကြီးတဲ့ သဘောလည်း ဖြစ်ပါတယ်။ ULA/AA အနေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ မျှော်လင့်ထားတဲ့သဘော ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုသွားပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်နဲ့ အိမ်နီးချင်းနိုင်ငံအကြား လှုပ်ရှားနေတဲ့ ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကို မထောက်ခံဖို့ သတင်းစကားပေးလိုတဲ့ သဘောမျိုး တွေ့ရပါတယ်။ တဖက်မှာလည်း ရိုဟင်ဂျာ ဒုက္ခသည် နေရပ်ပြန်ရေး ပြဿနာ အကြပ်အတည်းနဲ့ ပတ်သက်လို့ တဖက်နိုင်ငံ အစိုးရ အနေနဲ့ မြေပြင်က အရှိတရားကို လက်ခံဖို့ လိုတဲ့သဘောမျိုး ULA/AA ခေါင်းဆောင်က ပြောဆိုသွားတာတွေ့ရပါတယ်။ 

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ပြောဆိုတဲ့ “မြေပြင်က အရှိတရား”ဆိုတဲ့ စကားလုံးကို အဓိပ္ပာယ်ဖွင့်ကြည့်ရင် မြေပြင်မှာ ရခိုင်ပြည်နယ်ကို စိုးမိုးထိန်းချုပ်ထားတဲ့ ULA/AA ကို ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်နေရပ်ပြန်ရေးကိစ္စမှာ ဆွေးနွေးဘက်အဖြစ် လက်ခံဖို့ဆိုလိုတာလို့ နားလည်ရပါတယ်။ လက်ရှိ အချိန်အထိမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ နယ်စပ်မှာ ဖြစ်ပွားတဲ့ နယ်နိမိတ်ကျော်လွန်ကာ ငါးဖမ်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ရေလုပ်သားတွေကို ULA/AA က ပြန်လွှဲအပ်တဲ့အခါ လက်ခံတာမျိုးက လွဲပြီး နယ်စပ်လုံခြုံရေးကိစ္စ၊ ကုန်သွယ်ရေးကိစ္စ လိုမျိုးတွေနဲ့ ပတ်သက်လို့ ULA/AA နဲ့ တိုက်ရိုက် ဆွေးနွေးပြောဆိုတာမျိုး မရှိသေးတာ တွေ့ရမှာပါ။ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရလက်ထက်မှာ ULA/AA နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ဘက်က တာဝန်ရှိသူ အချို့တွေ့ဆုံမှုရှိခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက်မှာ မြန်မာစစ်အစိုးရဘက်က ဘင်္ဂလားဒေ့ရှ်အစိုးရထံ ကို ကန့်ကွက်မှုတွေ ရှိခဲ့ပြီးနောက်မှာ အလားတူ ဆက်ဆံမှုမျိုးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ရှောင်ရှားခဲ့ပုံရပါတယ်။ 

တရုတ်နိုင်ငံနဲ့ ပတ်သက်လို့တော့ သတင်းထောက်က တရုတ်ရဲ့ ဖိအားလို့ သုံးနှုန်းမေးမြန်းရာမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒါကို ဖိအားလို့ မခံစားရကြောင်းနဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံကို တည်ငြိမ်စေချင်တာ ဖြစ်ကြောင်းနဲ့ ဒီလို ၄င်းတို့ အကျိုးစီးပွားကာကွယ်ဖို့အတွက် လုပ်ဆောင်မှုမျိုးကို နိုင်ငံတိုင်း လုပ်ကြတာ ဖြစ်ကြောင်း ပြောဆိုသွားပါတယ်။ ULA/AA အနေနဲ့ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်တိုးတာ၊ တရုတ်နိုင်ငံအပေါ် အပြစ်ပုံချပြီး ပြောဆိုတာမျိုးကို ဘယ်တော့မှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ယူဆရမှာ ဖြစ်ပါတယ်။ 

စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိသလား အပစ်ရပ်ဖို့ ကိစ္စနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ အရပ်သားတွေကို လေကြောင်းဗုံးကြဲမှုတွေ ရှိနေသမျှ ကာလပတ်လုံး ULA/AA အနေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ မဖြစ်နိုင်တဲ့ သဘောပြောဆိုသွားတာ တွေ့ရပါတယ်။ စစ်အစိုးရ အနေနဲ့ အသာစီးရတဲ့ အနေအထားနဲ့ စကားပြောဖို့ ဆန္ဒရှိနေပေမယ့် အခုလို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဖိအားပေးတာမျိုးကို အရှုံးပေးမှာ မဟုတ်ဘူးလို့ ပြန်လည် ဖြေဆိုသွားပါတယ်။ 

အိန္ဒိယနဲ့ ဆက်ဆံရေးနဲ့ပတ်သက်လို့လည်း ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကို အချို့သော နိုင်ငံတွေက အကူအညီပေးပြီး မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တာနဲ့ ပတ်သက်လို့ ULA/AA အနေနဲ့ အိန္ဒိယနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောဆိုသွားပါတယ်။ ကုလားတန် စီမံကိန်းနဲ့ ပတ်သက်လို့လည်း ULA/AA အနေနဲ့ ကူညီနိုင်တယ်လို့ ပြောဆိုသွားပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်ကာလတွေက ကုလားတန်စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ အိန္ဒိယနိုင်ငံသား ကျွမ်းကျင်သူ တချို့ ပလက်ဝ ကနေ စက်လှေနဲ့ စုန်ဆင်းရာမှာ ULA/AA တပ်ဖွဲ့က ဖမ်းဆီးခဲ့ဖူးပြီး အဆိုပါ လှေမှာပါဝင်တဲ့ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သူပါ တပါထည်း အဖမ်းခံခဲ့ရဖူးတဲ့ အဖြစ်အပျက်ရှိခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ အိန္ဒိနိုင်ငံသားတဦးက ထိန်းသိမ်းထားစဥ် အတွင်း သေဆုံးခဲ့ရပြီး ကျန်တဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်ကိုတော့ နောက်ပိုင်း ပြန်လွှတ်ပေးခဲ့တာပါ။ 

အနှစ်ချုပ်ပြောရရင် အိန္ဒိယနိုင်ငံသား သတင်းထောက်နဲ့ အင်တာဗျူးမှာ ULA/AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် အနေနဲ့ စစ်အစိုးရ၊ မြန်မာနိုင်ငံက လူထုတွေထက် အိမ်နီးချင်း နိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ နဲ့ ပတ်သက်တဲ့ ULA/AA ရဲ့ သဘောထား၊ သတင်းစကားတွေကို အဓိက ထုတ်ဖေါ်ပြောဆိုသွားတာ တွေ့ရပါတယ်။ ဒီတွေ့ဆုံမေးမြန်းမှုက တဆင့် အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံရဲ့ အစိုးရတွေကို ထိတွေ့ဆက်ဆံလာဖို့ စည်းရုံးလိုတဲ့ ရည်ရွယ်ချက်က အဓိက ရည်ရွယ်ချက် ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar