Breaking News

ဌေးဝင်း (ဂျာမဏီ) - တစွန်းတစ ပုံရိပ်များ

Than Htay Maung - Snakes and Ladders


ဌေးဝင်း (ဂျာမဏီ) - တစွန်းတစ ပုံရိပ်များ

(မိုးမခ) ဩဂုတ် ၇၊ ၂၀၁၉

၁၉၇၆ မှိုင်းရာပြည့်ကျောင်းသားအရေးတော်ပုံကြောင့် မဆလစစ်အစိုးရရဲ့ဖမ်းဆီးထိမ်းသိမ်းခြင်း ခံခဲ့ရပီး အင်းစိန်ထောင်ထဲမှာ ၂ နှစ်ခန့်အတူတကွနေထိုင်ခဲ့ရတဲ့ သေတူရှင်ဖက်ရဲဘော်သူငယ်ချင်း အချို့ရဲ့ တစွန်းတစ ပုံရိပ်များကို ကျွန်တော်မှတ်မိသလောက်မှတ်တမ်းတင်မယ်လို့စိတ်ကူးမိတယ်။ ထောင်ထဲမှာအတူတကွ နေထိုင်ခဲ့ရစဉ်အချိန်ကမှတ်တမ်းမဟုတ်ဘဲ ကျွန်တော်တို့ထောင်က ပြန်လွတ်လာပီးနောက် ကျွန်တော်တို့ရဲ့ ဘဝတွေကို သုညကပြန်စလို့ ဘဝကိုရုန်းကန်ခဲ့ကြရစဉ် ကျွန်တော်နဲ့ ဒီရဲဘော်သူငယ်ချင်းအချို့တို့ ထိတွေ့ ကြုံဆုံပုံလေးတွေကို မှတ်မိသမျှတစွန်းတစ ပြန်ရေးချင်တာပါ။ ရဲဘော်သူငယ်ချင်းအကုန်လုံးလဲပါချင်မှ ပါမယ်၊ ထိတွေ့ကြုံဆုံမှုအားလုံးလဲ ပါချင်မှပါမယ်။ တစွန်းတစ ပုံရိပ်များသာဖြစ်ပါတယ်။ ထိတွေ့ကြုံဆုံမှု လေးတွေအမှတ်တရဖြစ်လွန်းလို့ဆိုရင် စာရေးကောင်းတဲ့၊ စာရေးချင်စိတ်ရှိတဲ့ကျန်တဲ့သူငယ်ချင်း ရဲဘော်တွေ ထပ်မံဖြည့်စွက်ရေးသားနိုင်ပါတယ်။

အလွန်အမင်းစောစီးစွာဘဲကျွန်တော်တို့ကိုစွန့်ခွါသွားကြပီဖြစ်တဲ့ သူငယ်ချင်းရဲဘော်အချို့နဲ့ထိတွေ့ မှုများနဲ့ စတင်ချင်ပါတယ်။ ကိုသန်းမြင့် သို့မဟုတ် ကလောင်နာမည်မောင်မောင်သာမြတ်၊ ကျွန်တော်ကတော့ ကိုသာမြတ်လို့ခေါ်တယ်။ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး၊ အသားမဲမဲကိုသာမြတ်က ထောင်ကထွက်လာပီး နောက်ကျောင်းဆရာဝင်လုပ်တယ်။ လည်ကတုံး၊ တိုက်ပုံအဖြူ၊ ကျောင်းလုံချည်စိမ်းနဲ့သူ့ရုပ်သွင်က ကျွန်တော့်မျက်လုံးထဲမှာစွဲစွဲထင်ထင်၊ သူလုပ်တဲ့ကျောင်းလား သူနေထိုင်တာလား ကျွန်တော်ကောင်းကောင်း မမှတ်မိတော့ဘူး၊ ကမာရွတ်ဘူတာရုံလမ်းမှာ။ သူ၊ ငြိမ်းဝင်း(စက်မှုတက္ကသိုလ်)၊ ကိုဝင်းထွန်း(ယုန်လေး)၊ ကျွန်တော်တို့ဘူတာရုံလမ်းတလျှောက်အင်းစိန်လမ်းမကြီးဆီ လျှောက်ထွက်လာကြပုံတွေကို ပြန်လည် မြင်ယောင်မိတယ်။ “ဟာ-ဘွန်းကလဲကွာ၊ ဟာ-ဘွန်းကလဲကွာ” လို့ပြုံးပီးပြောတဲ့သူ့ပြောသံကို ပြန်လည် ကြားယောင်မိတယ်။ သူ့ရဲ့ကဗျာလေးတပုဒ်ကို စာရေးဆရာငြိမ်းအေးအိမ်ရဲ့ “ကျွန်တော့်ဘဝထဲကလူများ” Album မှကူးယူဖေါ်ပြပါတယ်၊

“ပန်းတပင်အောက်

ပန်းကောက်ခဲ့ဖူး

တို့နှစ်ဦးကို

ပန်းဖူးလေးတွေ

ပွင့်ဖို့ကြွေဖို့

စောင့်လို့နေတယ်ခင်

သတိရရင်

လွမ်းတတ်ရင်လား

ပန်းပင်အောက်သွား

ပန်းစကားဆို

ပန်းများလိုပဲ ပွင့်စို့နော် …။ ။” တဲ့။

သူ့လိုဘဲစွန့်ခွါသွားသူများထဲကသတိတရရှိလှသူတဦးက ကိုဝင်းထွန်း(ယုန်လေး)ပါ။ ရေကျော်မှာ သူနေ ခဲ့တယ်။ အသားဖြူဖြူ၊ အရပ်အနေတော်၊ တကယ့်ကိုပိန်ပိန်လေးပါ။ ၁၉၇၉-၈၀ နှစ်များ လောက်ကတဲက သူကပင်နီတိုက်ပုံဝတ်တတ်တယ်။ ကျွန်တော်ကအဲဒီအချိန်က မြေနီကုန်းနဲ့နီးတဲ့ လွှတ်တော်ဆောက်လုပ် ရေးမှာအလုပ်လုပ်နေတာ။ ကျွန်တော်ရုံးဆင်းခါနီးမှာ ကိုဝင်းထွန်း၊ ကိုသန်းလင်း(ဘုန်းနွယ်လင်း)တို့ ကျွန်တော့် ရုံးကိုလာလည်တတ်တယ်။ တခါတလေငြိမ်းဝင်းလဲပါလာတတ်တယ်၊ ကျွန်တော်ရုံးဆင်းပီး ကျွန်တော်တို့ချီတက်တဲ့စုရပ်ကတော့မြေနီကုန်းက ကျော်ကျော်ဦး (စာရေးဆရာငြိမ်းအေးအိမ်)ဆိုင်ကိုပါ။ ကျော်ကျော်ဦးဆိုင်မှာကျွန်တော်၊ ကိုသန်းလင်း၊ ကိုဝင်းထွန်း၊ ငြိမ်းဝင်း၊ ကိုသာမြတ်၊ တခါတရံ ကိုမျိုးထွန်း (ကိုခွန်ဆိုင်း) တို့စုပီးလေကန်ကြတာပေါ့။ အရွှတ်အနောက်အပြောဆုံးသူများကတော့ ငြိမ်းဝင်း၊ ကိုသာမြတ် နဲ့ကိုဝင်းထွန်းတို့ပါဘဲ၊ ကျွန်တော်ကအရီသမား။ ကျွန်တော်မှတ်မိသလောက် ကျော်ကျော်ဦးကအဲဒီတုန်း ကတဲကအိမ်ထောင်ကျပီးနေပီလို့ထင်တယ်။ သူ့ရဲ့ဖခင်ကိုလဲကျွန်တော်ကောင်းကောင်းမှတ်မိတယ်။ ၁၉၈၃ မှာကျွန်တော်ဆောက်လုပ်ရေးကနေ အကောက်ခွန်ကိုအလုပ်ပြောင်းတော့ ဒီစုရပ်ကိုသိပ်မရောက်ဖြစ်တော့ ဘူး။

စွန့်ခွါသွားသူတွေထဲမှာတန်ဖိုးရှိလှတဲ့၊ သူ့ဘဝတခုလုံးကိုစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ဘဲပေးဆပ် မြှပ်နှံခဲ့တဲ့သူတဦးကတော့ အင်းတော်ကိုစောလှိုင်ပါ။ သူနောက်ဆုံးထောင်ထဲမှာရှိနေစဉ် ရောဂါဝေဒနာခံစား နေရတဲ့သူ့ဇနီးသည်ထံ ထောင်ထဲကနေရေးပို့တဲ့စာကိုဖတ်ရတာ ရင်နင့်ဖွယ်၊ ဂုဏ်ယူဖွယ်ရာကောင်းလှပါ တယ်။ ဒီစာမူရင်း(သူ့ရဲ့လက်ရေးမူ) ငြိမ်းဝင်းဆီကရရှိပါတယ်၊ စာပါအကြောင်းအရာအချို့ကိုအနည်းငယ် ဖေါ်ပြပါရစေ၊

“ညွန့်ညွန့်ရေ ...
အားတင်းထားအုံးစို့နော်-ဒီလိုဘဲရေးလိုက်ပါရစေ တကယ်တော့ ဘယ်လိုစကားလုံးမျိုးနဲ့မှ ဖေါ်ပြလို့ မရနိုင်တဲ့ ဝမ်းနည်းကြေကွဲမှုပါ-ဖြေဖျောက်လို့မရနိုင်တဲ့ တစ်သက်တာရဲ့အကြီးမားဆုံး စိတ်သောကပါ-ယ္ခုလိုအချိန်မှာ ကိုယ်တိုင်ပြုစုခွင့်မရလိုက်တာအတွက်လည်းဝမ်းနဲမဆုံးပါ။ တစ်လျောက်လုံး ညွန့်ညွန့်ကဘဲ ပြုစုစောင့်ရှောက် အနစ်နာခံခဲ့တာတွေအတွက် ကြေနပ်အောင်ပေးဆပ်ချင်ပါတယ်။ ညွန့်ညွန့်ဖြစ်စေချင် တာတွေ အားလုံးကို လိုက်နာဆောင်ရွက်ပေးဖို့ဆုံးဖြတ်ပြီးသားပါ..။
သမီးနဲ့သားတို့ လူတစ်လုံး သူတစ်လုံးဖြစ်အောင် မဖြစ်မနေ ပြုစုစောင့်ရှောက်ပါ့မယ်။ သူတို့ဘဝ ရှေ့ရေးတွေ အတွက် အစီအစဉ်ကောင်းတွေရှိပါတယ်။ ယုံကြည်စိတ်ချပေးစေချင်ပါတယ်။ မကြာခင် ခံစားလာရတော့မဲ့ အသီးအပွင့်တွေဟာ သမီးနဲ့သား ချိုမြိန်စွာခံစားရတော့မှာပါ..။
အစစအရာရာခွင့်လွှတ် အနစ်နာခံနားလည်ပေးတဲ့ ချစ်သူအတွက် နှုတ်ခွန်းဆက်စကားက အရင်က မပြောဖြစ်ခဲ့တဲ့ သိပ်ချစ်တယ် ဆိုတာပါပဲ။ နှုတ်ကထုတ်မပြောဖြစ်ပေမဲ့ တစ်လျောက်လုံး တစ်ကယ်ချစ်ခဲ့ တာပါ ဘဝဆက်တိုင်း ဘဝဆုံးတိုင် ရာသက်ပန်ချစ်နေမှာပါ..။”

ငြိမ်းဝင်းပြောပြလို့သိရတာက ဒီစာကိုသူ့ဇနီးသည်မဖတ်ရရှာပါဘူး၊ သူ့ဇနီးသည်ဆုံးပါးသွားပီးမှသူ့ အိမ်က ဒီစာကိုရရှိခဲ့ပါတယ်။

ကိုစောလှိုင်မဆုံးပါးခင်နယူးဒေလီမှာဆေးလာကုတော့ ကျွန်တော်နဲ့ video call စကားပြောဖြစ်ကြတယ်၊ သူ့ရုပ်သွင်ပါတွေ့မြင်ရတာပေါ့။ ကြားဖြတ်ရွေးကောက်ပွဲတခုမှာ NLD အမတ်လောင်းအဖြစ် သူ့နာမည် စာရင်းတင်သွင်းတာကို ငြင်းပယ်ခြင်းခံခဲ့ရပါတယ်။ စစ်အာဏာရှင်စနစ်ကသူ့ကိုဒီလိုအငြိုး ကြီးထားခဲ့ပါ တယ်။ သူလိုလူမျိုးဆုံးပါးသွားတာ နှမြောတသဖွယ်၊ ဝမ်းနည်းဖွယ်ကောင်းလှပါတယ်။

နောက်စွန့်ခွါသွားသူတယောက်က ကျွန်တော့်အရင်းဆုံးသူငယ်ချင်း မန္တလေးကခင်မောင်ချိုပါ၊ ကျွန်တော် တို့ကချိုကြီးလို့ခေါ်တယ်။ ကျွန်တော်နဲ့ စက်မှုတက္ကသိုလ်စတုတ္ထနှစ်အထိ ပေါင်းသင်းလာခဲ့တဲ့ သူငယ်ချင်းပါ။ ဂီတာတီး၊ သီချင်းဆို အလွန်ကောင်းသူပါ။ စိုင်းထီးဆိုင်သီချင်းတွေက သူ့ရဲ့ဖေးဘရိတ်တွေပါ။ ကျွန်တော်တို့ တတိယနှစ်အထိသမိုင်းဆောင်တွေမှာနေခဲ့ကြစဉ်က သူရယ်၊ကျွန်တော်ရယ် အခြားသူငယ်ချင်းများနဲ့အတူ သမိုင်းဆောင်ရဲ့ ညများကိုလဲ ဖြတ်သန်းခဲ့ကြပါတယ်။ ကျွန်တော်တို့ထောင်ကထွက်လာပီး စက်မှုတက္ကသိုလ် ကိုပြန်လည်တက်ရောက်ခွင့်မရှိလို့ စာပေးစာယူဘဲသင်ယူခွင့်ရရှိတဲ့အချိန်မှာ သူရန်ကုန်မှာအလုပ်တခုရလို့ လာလုပ်ခဲ့ပါတယ်။ သူတို့နဲ့ဆွေမျိုးမကင်းသူလား၊ သူတို့မိဘရဲ့မိတ်ဆွေဆိုသူလားရဲ့ စက်ရုံတခုမှာမန်နေဂျာ လိုမျိုးအလုပ်တခုကိုလာလုပ်ရင်း သူလဲစာပေးစာယူဘဲတက်ရောက်ခဲ့ပါတယ်။ အဲဒီစက်ရုံဝင်းထဲမှာ သူနေထိုင်ဘို့အခန်းတခန်းရပါတယ်။ အဲဒီစက်ရုံကကျွန်တော်နေထိုင်တဲ့အုတ်ကျင်းနဲ့သိတ်မဝေးလှပါဘူး။ ဒီတော့ကျွန်တော်တို့ ပြန်တွဲမိတာပေါ့၊ ကျွန်တော့်ရဲဘော်ကြီး ရဲဝင်းလဲပါတယ်။ ကျွန်တော်တို့ကရဲကြီးလို့ ခေါ်တယ်။ သူက သမိုင်းအောင်သိဒ္ဓိရိပ်သာမှာနေတယ်။ ဒီတော့ကျွန်တော်တို့ ၃ ယောက်နေကြတာ သိတ် မဝေးလှဘူး။ ကျွန်တော်နဲ့ရဲကြီးနဲ့တွဲလာလို့ရှိရင် သူငယ်ချင်းတွေက it လို့ခေါ်ကြတယ်၊ ရဲကြီးအရပ်က ၆ပေ၊ ကျွန်တော်ကပုပုသေးသေး။ ကျွန်တော့်ရဲ့မွေးနေ့တခုမှာရဲကြီးနဲ့ချိုကြီးတို့ကိုအုတ်ကျင်းကအိမ်မှာထမင်း ဖိတ်ကျွေးတာကောင်းကောင်းသတိရမိတယ်။ ရဲကြီးကအဲဒီအချိန်တုန်းက အပျော်တန်း ဓါတ်ပုံဆရာ၊ မင်္ဂလာ ဆောင်တို့ အလှူပွဲတို့မှာသူကဓါတ်ပုံလိုက်ရိုက်ပေးတယ်။ ကျွန်တော့်ကိုဓါတ်ပုံရိုက်နည်းသင်ပေးတဲ့ ကျွန်တော့် ဆရာပါ။ ကျွန်တော့်ညီမ မင်္ဂလာဆောင်မှာ ရဲကြီးကဓါတ်ပုံရိုက်ပေးတယ်။ ချိုကြီးတို့လဲလာကြတယ်၊ ကျွန်တော်တို့စုရိုက်ထားတဲ့ဓါတ်ပုံလေးရဲကြီးသိမ်းထားလို့ အခု ထက်ထိရှိသေးတယ်။ ကျွန်တော်နဲ့ရဲကြီး တခုသောသင်္ကြန်မှာမန္တလေးတက်ကြတယ်၊ ၁၉၇၅ ဇွန် အရေးတော်ပုံက ကိုတင်အောင် (ပလောင်ကြီး) အိမ်မှာတည်းကြတယ်။ သူ့အိမ်ကဧည့်ခန်းမှာ အရသာရှိလှတဲ့ ပလောင်လဘက်ခြောက်နဲ့ရေနွေးကြမ်း အမြဲ ရှိသလို ထမင်းစားစားပွဲပေါ်မှာ ငရုတ် သီးလှော်နဲ့ဆားရောထားတဲ့ခွက်ကလဲအမြဲရှိတယ်။ ပလောင်ကြီးနဲ့ ကျွန်တော်တို့မန္တလေးကချစ်တီး ထမင်းဆိုင်တဆိုင်မှာသွားစားကြတာကို ဘယ်တော့မှမမေ့နိုင်ဘူး။ ချိုကြီး၊ ကိုခင်မောင်ဝင်း၊ ကျော်မင်း၊ ပလောင်ကြီးတို့နဲ့အတူမန္တလေးတောင်ပေါ်တက်ကြတာလဲ ဓါတ်ပုံလေးတောင် ခုထိရှိသေးတယ်။ ချိုကြီးမန္တလေးမှာဆေးရုံတက်ရတော့ ကျွန်တော်နဲ့ရဲကြီးဆက်သွယ်တိုင်ပင်ပီး ကျွန်တော် တို့ တတ်နိုင်သလောက်ကူညီခဲ့ပါတယ်။ သူ့ရဲ့ဆေးဝါးကုသမှုအတွက်ရည်ရွယ်ခဲ့တာပါ၊ သူ့ရဲ့နောက်ဆုံး ခရီး အတွက်အလှူဒါနလို့မထင်ခဲ့မိဘူး။ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။

စွန့်ခွါသွားတဲ့နောက်တယောက်က ကျော်ဝင်း (တရုတ်မ) ပါဘဲ။ အစာအိမ်ရောဂါနဲ့ဆုံးပါးသွားတာတဲ့၊ အမေရိကားက ကိုခင်မော် (မော်ကြီး) ပြောသလိုအစာအိမ်ရောဂါကြောင့်အသက်ဆုံးရှုံးရတယ် ဆိုတာ မဖြစ်သင့်တာဘဲတဲ့။ ရုတ်တရက်ဆုံးပါးသွားတာကိုဝမ်းနည်းစွာသတင်းကြားလိုက်ရတော့ ယုံတောင်မယုံနိုင် ပါဘူး။ အဲဒီအချိန်တုန်းကသူ သူ့မြေးလေးတွေနဲ့ထိတွေ့ဆော့ကစားနေပုံတွေ၊ သူဟင်းချက်နေပုံတွေ facebook မှာတွေ့နေရင်းနဲ့ဆေးရုံတက်ရပီးဆုံးပါးသွားတယ်ဆိုတဲ့သတင်း ကြားရတာဘဲ။ မှိုင်းရာပြည့် ကျောင်းသားအရေးတော်ပုံအတွက် “ရင်ဖွင့်သံနိဒါန်း” စာစောင်ကို သူ၊ ကျွန်တော်၊ သန်းတင့်အောင်၊ ကိုတင်မြတ် (အားလုံးစက်မှုတက္ကသိုလ်စတုတ္ထနှစ်) တို့ ရန်ကုန်ဘားလမ်းက စာကူးစက်တခုမှာသွားကူး ခဲ့ကြတာဘဲ။ ၁၉၇၆၊ ဧပြီလကျွန်တော်အင်းစိန်ထောင်ထဲရောက်ပီးနောက် ကျွန်တော့်ကိုတိုက် ၅ ကအခန်း တခန်းထဲထည့်ထားလိုက်ပီး မကြာခင်မှာဘဲ တိုက်ဝင်းတံခါးလေးပွင့်လာပီး ဝါဒါတယောက်ကစောင်အုပ်ခံ ထားရတဲ့သူတယောက်ကိုဆွဲလာပါလေရော၊ အဲဒီစောင်အုပ်ခံထားရတဲ့သူကစောင်ကိုအသာလေး လှပ်ပီး ကြည့်လိုက်လို့ကျွန်တော့်အခန်းသံတံခါးကနေ သူ့မျက်နှာကိုမြင်လိုက်ရတယ်၊ အဲဒါအသားဖြူတဲ့ကျော်ဝင်း ရဲ့ဝဝကစ်ကစ်မျက်နှာ၊ တရုတ်မ မျက်နှာပါဘဲ။ ကျွန်တော်ထောင်ထဲမှာ ပထမဆုံးတွေ့လိုက်ရတဲ့သူငယ်ချင်း ရဲဘော်တယောက်ရဲ့ မျက်နှာပါဘဲ။ ကျွန်တော်တို့ထောင်ကလွတ်လာပီးနောက် ရေဒီယိုကက်ဆက်တွေစတင် ခေတ်စားလာတဲ့အချိန်မှာ သူကစိန်ဂျွန်းဈေးမှာ ရေဒီယိုကက်ဆက်ဆိုင်တဆိုင်ရှိတယ်။ ကျွန်တော့်ရဲ့ပထမဆုံး ရေဒီယိုကက်ဆက်လေးကိုသူ့ဆီကဝယ်ခဲ့တာပါ။ သူ့ဆိုင်ကိုထောင်ထဲကထွက်လာတဲ့သူငယ်ချင်း ရဲဘော်တွေ လဲလာကြတယ်။ အဲဒီအချိန်က ကိုအောင်ထိုက် (စွန့်ခွါသွားသူတဦး) နဲ့ကိုမျိုးထွန်းတို့ရဲ့ ဆေးဆိုင်လဲစိန်ဂျွန်း ဈေးမှာရှိတယ်။

ကျော်ဝင်းအကြောင်းပြောရင် စိုးရင် (ဆေးတက္ကသိုလ် ၁) အကြောင်းလဲပါရမယ်။ သူတို့ ၂ ယောက်ကငယ် သူငယ်ချင်းတွေ၊ ကမာရွတ်ဒေါ်သာထက်ကျောင်းထွက်တွေ၊ နေကြတာကလဲနီးနီးလေး၊ ကျော်ဝင်းကသုခ လမ်းမှာ၊ စိုးရင်ကသံလမ်းမှတ်တိုင်ရောက်ခါနီးအင်းစိန်လမ်းမပေါ်မှာနေကြတယ်။ “ရင်ဖွင့်သံနိဒါန်း” အုပ်စု မှာစစ်ခုံရုံးကစီရင်ချက်ချတော့ စိုးရင်ကနံပါတ်၁၊ ကျွန်တော်ကနံပါတ်၂၊ ကျော်ဝင်းကနံပါတ်၃၊ သန်းတင့်အောင်ကနံပါတ်၄နဲ့ ၉နှစ်စီပစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရပါတယ်။ ကျွန်တော် ကျော်ဝင်းနဲ့သန်းတင့်အောင် တို့ကတော့ ၁၉၇၈ ခုနှစ်မှာနိုင်ငံတော်ကောင်စီလွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာကြပီး စိုးရင်ကတော့ နံပါတ်၁ဖြစ်လို့ ၁၉၈ဝခုအထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့မှပြန်လည်လွတ်မြောက်လာ ပါတယ်။ ၁၉၇၁ မှာ စိုးရင်နဲ့ကျွန်တော်တို့ လူရည်ချွန်ဆုကို ၂ ကြိမ်စီရရှိခဲ့ကြပီး အဲဒီအချိန်ကတဲက ကျွန်တော် တို့စတင်သိရှိရင်းနှီးခဲ့ကြတာပါ။

နောက် ဆေးတက္ကသိုလ် ၁ က ကိုမျိုးထွန်း(ကိုခွန်စိုင်း) နဲ့ကြုံဆုံခဲ့ရတာလဲအမှတ်တရရှိလှပါတယ်။ ကျော်ကျော်ဦးဆိုင်မှာထိတွေ့ကြုံဆုံခဲ့ရတဲ့အပြင် နောက်ပိုင်းမှာရဲကြီးနေထိုင်တဲ့အောင်သိဒ္ဓိရိပ်သာ ကနေ နောက်ဘက်ဆက်သွားရင်ရောက်တဲ့ ခြံဝင်းတခုမှာသူကနှင်းဆီခြံလုပ်ငန်းကိုလုပ်ခဲ့ပါတယ်။ တဲတလုံးနဲ့ နှင်းဆီခြံနဲ့၊ နှင်းဆီပန်းပင်တွေကိုရေထမ်းလောင်းခဲ့တဲ့ ကိုမျိုးထွန်း၊ ဒီလိုဘဝကိုရုန်းကန် ခဲ့ရပါတယ်။ တနေ့ သူ့ နှင်းဆီခြံမှာ ဘူးသီးကျော်စားတဲ့ gathering တခုလုပ်ပါတယ်။ ကျွန်တော် မှတ်မိသလောက်ဆရာဗန်းမော် တင်အောင်ရဲ့သား ကိုဗဟိန်းအောင်တို့လဲလာကြတော့ ကိုဗဟိန်းရဲ့ ညီမဆရာဗန်းမော်သမီးလေးက ဘူးသီး ကျော်နဲ့စားဘို့အချဉ်ရည်လုပ်ပါတယ်။ လတ်လတ်ဆတ် ဆတ်ဘူးသီးကျော်ပူပူနွေးနွေး၊ လတ်လတ် ဆတ်ဆတ် ဆလတ်ရွက်နဲ့ ဆရာဗန်းမော်သမီးနဲ့မိန်းခလေးများလုပ်ကြတဲ့အချဉ်ရည်တို့ဟာအရသာရှိလှ၊ လိုက်ဖက်လှပါတယ်။ ဒီ gathering လေးကို ဘယ်တော့မှမမေ့နိုင်ပါဘူး။

နောက် ဆေးတက္ကသိုလ် ၁ ကသူဘဲဆက်ရေးရမယ်ဆိုရင် ကိုအေးအောင် (ကိုအောင်စိုး)၊ ကလောင်နာမည် ဂါမဏိပါ။ ဇွန်အရေးတော်ပုံက ကိုအေးအောင်၊ ကိုမိုးမြင့် (ရေကျော်) (သန်းနိုင်)၊ ကိုခင်မောင်လင်းနဲ့ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်ကခေတ္တခဏပြန်ဆုံခဲ့ကြပါတယ်။ အဲဒီတုန်းကလဲ ကိုအေးအောင်ကိုကျွန်တော် အမှတ်တရပြောခဲ့ပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်ရှေ့မှာ 1980s အစပိုင်းလို့ထင်တယ် ကိုထိန်ဝင်းအောင်ရဲ့ နေဝန်းနှင်းဆီ စာအုပ်ဆိုင်လေးရှိပါတယ်။ အဲဒီကိုထိန်ဆိုင်လေးကို ကျွန်တော်နဲ့ရဲကြီး ညနေဘက်သွားရင် ကိုဗဟိန်းအောင်၊ ကိုမိုးဝင်း (မဒုံခင်ပွန်း)၊ ကိုအေးအောင် နဲ့ ကိုအောင်ထိုက်တို့ လဲလာတတ်ပါတယ်။ ကိုထိန့် စာအုပ်ဆိုင်ရဲ့အဖီလေးကနိမ့်တော့ ရဲကြီးတို့၊ ကိုအေးအောင်တို့က တော်တော်အရပ်ရှည်တော့ ခေါင်းငုံ့ပီး ဆိုင်ထဲကိုဝင်ကြရပါတယ်။

နောက် ဆေးတက္ကသိုလ် ၁ ကတယောက်က ပျင်းရင်မနားနဲ့ဆိုတဲ့ ပျဉ်းမနားက ကိုမိုးမြင့်ပါ။ ကျွန်တော်တို့ ထောင်ကလွတ်လာပီးတဲ့နောက် ကျွန်တော်မှတ်မိသလောက်ကိုမိုးမြင့်က ရွှေဘုံသာလမ်းမှာဘဲထင်တယ် တိုက်ခန်းတခန်းရှိတယ်။ သူရန်ကုန်ကိုလာရင်အဲဒီတိုက်ခန်းမှာတည်းတယ်။ ကျွန်တော်ရဲဘော်ကြီး ကိုအေးဝင်းနဲ့ သူ့တိုက်ခန်းကိုလိုက်သွားဘူးတယ်။ ပျင်းတတ်လို့ မနားတန်းကမ္ဘာပတ်နေတဲ့ ကိုမိုးမြင့်က ဒီနှစ်ထဲမှာ ပြင်သစ်ကိုလာရင်းနဲ့ဂျာမနီကိုလဲရောက်ခဲ့တယ်။ မြူးနစ်မြို့နားက Starnberger See ဆိုတဲ့ရေကန် အနီးမှာတည်းခိုခဲ့တယ်။ ဒီ Starnberger See ပတ်ဝန်းကျင်ကလူချမ်းသာတွေရဲ့ residence တွေရှိတဲ့ပတ်ဝန်း ကျင်ဖြစ်ပါတယ်။ နောက်ဆုံးသတင်းအရဆိုရင် လက်ရှိထိုင်းဘုရင်က ဒီ Starnberger See ပတ်ဝန်းကျင်မှာ အိမ်ဝယ်လိုက်ပါတယ်။ သူရောက်တဲ့ရက်တွေက ရုံးဖွင့်ရက်တွေဖြစ်နေတော့ ရုံးကခွင့်ယူလို့မရတာနဲ့ သူနဲ့ မတွေ့ဖြစ်လိုက်ဘူး၊ မြူးနစ်မြို့ကိုသွားဘို့ကခွင့်ယူပီးတရက်ခရီးသွားမှ သွားလို့ရတာ။ message အဆက် အသွယ်၊ ဖုန်းအဆက်အသွယ်နဲ့ဘဲစကားပြောဖြစ်ခဲ့ကြတယ်။ သူ့ ပန်းချီကားတွေ၊ ပန်းချီပြပွဲအကြောင်းတွေ FB ကနေဘဲတွေ့ခွင့်၊ သိခွင့်ရနေတယ်။

နောက်ပန်းချီဆရာတယောက်က ကိုဇေယျ၊ သားကြီးမောင်ဇေယျပါ။ စက်မှုတက္ကသိုလ်ရှေ့မှာ ကိုထိန်ဝင်း အောင်စာအုပ်ဆိုင်ရှိနေတဲ့အချိန်က ကိုထိန်ရဲ့စာအုပ်ဆိုင်နောက်ဘက်၊ ဘီပီအိုင်လမ်းထဲမှာ ကိုဇေယျနဲ့ သူ့ သူငယ်ချင်း RIT ကဘဲ ကိုတင့်လွင် (ကျွန်တော်တို့နဲ့အတန်းတူ) တို့က လဘက်ရည်ဆိုင်ဖွင့်ဘို့ပြင်ဆင်ကြ တယ်။ အဲဒီတုန်းကကျွန်တော်ကလွှတ်တော်ဆောက်လုပ်ရေးမှာအလုပ်လုပ်တုန်း။ သူတို့ပြင်ဆင်နေတုန်း ကျွန်တော့်ဆီ ၂ ယောက်သားရောက်ချလာတယ်။ လဘက်ရည်ဆိုင် design လေးဆွဲပေးဘို့အကူအညီတောင်း လာကြတယ်။ ကျွန်တော်လဲတတ်သမျှမှတ်သမျှ ဗိသုကာပညာလေးနဲ့ လဘက်ရည်ဆိုင် design လေးဆွဲပေး ပီးသူတို့ကိုကူညီခဲ့ပါတယ်။ သူတို့ဒီ လဘက်ရည်ဆိုင်လေးဖွင့်ဖြစ်ကြတယ်။ ဘယ်လောက်ကြာကြာလဲဆိုတာ တော့ကျွန်တော်လဲမသိတော့ဘူး။ နောက်ကိုဇေယျနောက်ဆုံးအကျဉ်းစံ သီပေါထောင်ကလွတ်မြောက်ပီး DVB အလုပ်ကိစ္စနဲ့ ၂၀၁၃ ကဂျာမနီ ဘာလင်ကိုရောက်လာခဲ့သေးတယ်။ ဘာလင်နဲ့ကျွန်တော်နေတဲ့နေရာက တောင်နဲ့မြောက် အဝေးကြီး၊ အဲဒီအချိန်ကကျွန်တော်ကနှလုံးရောဂါကြောင့်ဆေးရုံပေါ်မှာ၊ ကျွန်တော်တို့ဖုန်း ပြောဖြစ်ကြတယ်။

နောက်ကျွန်တော်အမှတ်တရရှိလှတဲ့ထိတွေ့မှုကတော့ လိပ်ခုံးမှာပြုလုပ်ခဲ့တဲ့ပန်းချီပြပွဲတွေပါဘဲ။ ကံ့ကော်ရွာ ပန်းချီပြပွဲဖြစ်စေ၊ ကိုစံမင်းပါဝင်တဲ့ဘယ်ပန်းချီပြပွဲမဆို ကျွန်တော်အမြဲတန်းသွားရောက် ကြည့်ရှုခံစားခဲ့ တယ်။ အဲဒီအချိန်ကကိုစံမင်းရဲ့ cubism ပန်းချီကားတွေကိုမက်မက်မောမော ကြည့်ရှုခံစားခဲ့တယ်။ ဒါကြောင့် ယခုကိုတင်မောင်ကြည်ကို FB မှာပြောဖြစ်တာက “ ကံ့ကော်ရွာ ပန်းချီပြပွဲတွေကိုလွမ်းမိတယ်ဗျာ” လို့ပြောခဲ့ မိတယ်။ ကိုစံမင်း၊ ကိုအင်ဒရူး (စွန့်ခွါသွားသူတဦး)၊ ကိုဇေယျ၊ ကိုတင်မောင်ကြည်၊ ကိုဗလ စတဲ့ပန်းချီအုပ်စု ကိုအမြဲသတိရလျက်ပါဘဲ။

၁၉၇၄၊၇၅၊၇၆ ရဲဘော်သူငယ်ချင်းလဲဟုတ်၊ ၄၈၂၈ မြေအောက်လှုပ်ရှားမှုကြောင့်ဖမ်းဆီးထောင် သွင်းအကျဉ်း ချနှိပ်စက်ခံခဲ့ရတဲ့ ကိုသန်းနိုင် (ပုဂံ) နဲ့ ၄၈၂၈ ကကိုတင့်ဆွေ (ခ) GSC ကိုသီဟတို့ ထောင်ကပြန်လွတ်လာပီး နောက်နယ်စပ်ကိုထွက်လာပီးမဲဆောက်မှာရောက်နေတယ်လို့ ဂျာမနီ ကနေကျွန်တော်သတင်းကြားခဲ့ရပါ တယ်။ ဒီရဲဘော်တွေနယ်စပ်ကိုထွက်လာကာစမှာ ဘယ်လို အခက်အခဲတွေရှိမယ်ဆိုတာကျွန်တော်နယ်စပ်ကို ရောက်လာကာစ မဲဆောက်မှာနေထိုင်ဖြတ်သန်းလာရတဲ့အတွေ့အကြုံတွေအရ ချင့်ချိန်နှိုင်းဆကိုယ်ချင်းစာလို့ ကျွန်တော်အတတ်နိုင်ဆုံးကူညီမယ်လို့စဉ်းစားပီးကျွန်တော်အပါအဝင်ဂျာမနီရောက်ဗမာများဆီက ကျွန်တော် အကူအညီတောင်းခံပါတယ်။ ဒီဗမာများရဲ့ကူညီငွေ၊ ဂျာမနီမှာရှိတဲ့ Burma Bureau အဖွဲ့အစည်းရဲ့ထောက်ပံ့ ငွေတို့ကို စုပေါင်းပီးအဲဒီအချိန်က Burma Bureau ရဲ့ ဥက္ကဌ ဦးနွယ်အောင် (ယခင် CRDB) နယ်စပ်ကိုအသွား မဲဆောက်မှာ ကိုသန်းနိုင်နဲ့ကိုတင့်ဆွေတို့ကို ဦးနွယ်အောင်ကိုယ်တိုင်ပေးအပ်ကူညီခဲ့ပါတယ်။ သူတို့ ၂ ဦးလုံး ယခုအမေရိကားကို ရောက်ရှိနေပါပီ။

နောက်ဆုံးကျွန်တော်တို့ရဲဘော်ကြီး၊ ကျောက်တန်းကအဆိုတော်ကိုတင်ရှိန်နဲ့အဆုံးသတ်ရအောင်။ သူနဲ့ FB မှာအဆက်အသွယ်ပြန်ရတော့ကျွန်တော်များဗမာပြည်လာခဲ့ရင် သူ့ကိုဆက်သွယ်ဖြစ် အောင်ဆက်သွယ်ဘို့ သူ့ဖုန်းနံပါတ်ပေးလာခဲ့တယ်။ FB မှာသူနဲ့ သူ့ဇနီးသည်တို့ရဲ့ ကျောက်တန်းက ကိုယ်ပိုင်ကျောင်းလေး အောင်မြင်မှုသတင်းတွေကိုတွေ့သိနေရတော့ဝမ်းသာဂုဏ်ယူမိတယ်။ ဒါနဲ့ မနှစ်ကဗမာပြည်ခဏပြန် ရောက်တော့ကျောက်တန်းရေလယ်ဘုရားသွားရောက်ဖူးမြှော်ရာမှာကိုတင်ရှိန်ကိုလဲတွေ့ခဲ့ရတာပေါ့။ ရေလယ်ဘုရားသွားရင်ကိုတင်ရှိန်ဆီသွားတာနဲ့အတူတူဘဲဆိုသလို ကိုတင်ရှိန်ဆီရောက်ရင်ရေလယ်ဘုရား ကိုလဲရောက်ပီဘဲပေါ့။ အဲဒီတုန်းကသူ့ကိုဖုန်းဆက်ပီး သူ့အိမ် ကိုအရင်ဝင်တယ်၊ သူ့ကျောင်းကိုလဲတွေ့ခဲ့ ရတာပေါ့။ ကျောင်းသူကျောင်းသားတွေရဲ့စာအံသံကိုလဲ ကြားခဲ့ရတာပေါ့။ ပီးတော့သူကိုယ်တိုင်ကျွန်တော် တို့ကိုရေလယ်ဘုရားကိုလိုက်ပို့ပေးတယ်။ လမ်းမှာသူ့တပည့် တပည့်မတွေကနှုတ်ဆက်၊ အုန်းရည်အတင်း တိုက်နဲ့ တပည့်တွေချစ်ခင်လေးစားတဲ့ ဆရာကောင်းတယောက်ဆိုတာတွေ့မြင်ခဲ့ရပါတယ်။ ဘုရားကို သမ္ဘာန်နဲ့ကူးရာမှာသူ့တပည့်ရဲ့ သမ္ဘာန်ဖြစ်နေတော့ သမ္ဘာန်ခမယူပြန်ဘူး။

ဒီရဲဘော်သူငယ်ချင်းတွေနဲ့ထိတွေ့မှုတွေ မှတ်တမ်းတင်ရတာအဆုံးမသတ်နိုင်ဘူးဖြစ်နေတယ်။ နောက် တယောက်ကျန်သေးတယ်။ ဆေးတက္ကသိုလ် ၂ ကကိုထွန်းသန်း၊ မော်လမြိုင်ကပါ။ ကျွန်တော့်ရဲ့အသက်သခင် ကျေးဇူးရှင်တယောက်သဖွယ်ပါဘဲ။ ကျွန်တော်စစ်အာဏာရှင်တွေရဲ့ ဖမ်းဆီးမှုကိုမခံဘဲလွတ်မြောက်လာပုံကို “ခက်ခဲကြမ်းတမ်း လွတ်မြောက်ရာလမ်း” ဆိုတဲ့ကျွန်တော့် ရဲ့စာစုမှာရေးသားထားပါတယ်။ အဲဒီမှာ ကိုထွန်းသန်းကျွန်တော့်ကိုကူညီခဲ့ပုံကိုဖေါ်ပြထားပါတယ်။ ဒါကြောင့်ကျွန်တော်ဗမာပြည်ပြန်ရောက်ရင် ကိုထွန်းသန်းရှိရာမော်လမြိုင်ကိုမရောက်ရောက်အောင် သွားရမယ်၊ သူ့ကိုတွေ့ဆုံရမယ်ဆိုတာကျွန်တော့် ဆုံးဖြတ်ချက်ပါ။ ဒါကြောင့်မနှစ်ကကျွန်တော်ဗမာပြည်ပြန်ရောက်တော့ မော်လမြိုင်ကိုမရောက်ရောက် အောင်သွားပီးကိုထွန်းသန်းနဲ့တွေ့ဆုံခဲ့ပါတယ်။ ကျွန်တော်တတ်နိုင်သလောက်လေးလဲသူ့ကို လက်ဆောင်ပေး ခဲ့ပါတယ်။ သူကလဲသူ့အိမ်မှာ ကျွန်တော်တညတာတည်းခဲ့တုန်းက ခြုံခဲ့တဲ့ခြုံစောင်လေးဆိုပီး ခြုံစောင်လေး တထည်လက်ဆောင်ပြန်ပေးပါတယ်။ အသက်ကြီးလှပီဖြစ်တဲ့ သူ့ရဲ့မိခင်ကြီးကို ကျန်းကျန်းမာမာ မြင်တွေ့ ရတာကျွန်တော်ဝမ်းသာ ပီတိဖြစ်ရပါတယ်။

ဒီသေဖေါ်ရှင်ဖက်ရဲဘော်သူငယ်ချင်းတွေနဲ့ထိတွေ့ကြုံဆုံပုံတွေကို ဒီမျှနဲ့ဘဲရပ်နားပါဦးမယ်။ နောက် ဆက်ရေး ရင်လဲရေးဖြစ်ပါဦးမယ်။ အေးဝင်း (လမင်းတရာ)၊ ငြိမ်းအေးအိမ်တို့ကလဲ တချို့သောပုံရိပ်များကိုရေးသား ခဲ့ကြပါတယ်။ ကျွန်တော်မဖတ်မိသေးတဲ့ တချို့လဲရှိရင်ရှိပါဦးမယ်။ အထက်ကပြောခဲ့သလိုရေးသားဖြည့်စွက် လိုသူများရှိပါက လေးစားစွာတိုက်တွန်းဖိတ်ခေါ်ပါတယ်။ ။

ဌေးဝင်း (ဂျာမဏီ)

၂၃.၁၀.၂၀၁၈ (၆၄နှစ်ပြည့်မွေးနေ့)
( ပြည်သူ့အရေး စာပေါင်းစု အတွဲ ၁ အမှတ် ၂ တွင် ဖေါ်ပြပြီး )