Breaking News

ကိုစိမ်းလန်း (သုံးခွ) ● အမှတ်တရ ရန်ကုန်

ကိုစိမ်းလန်း (သုံးခွ) ● အမှတ်တရ ရန်ကုန်
(မိုးမခ) သြဂုတ် ၇၊ ၂၀၁၉

ဒီချိန်ရောက်လာရင် 
မိုးတိမ်တွေအုံ့ဆိုင်း 
စိတ်တွေညို့မှိုင်းလာမြဲ။ 

လွယ်အိပ်အနက်ကလေးနဲ့ 
လွယ်အိပ်အနီကလေးကိုယ်စီ 
စိတ်ဓာတ်ညီညီချီတက်ခဲ့ 
စက်တပ်သမ္ဗာန်လေးနဲ့ 
မြစ်သုံးဆိုင်ကိုအခေါက်ခေါက်အခါခါ 
"အမှတ်တရ" ကဗျာစာအုပ်လေးနဲ့ 
အမှတ်တရနေ့ရက်များ 
ခံစားချက်တို့ပြင်းထန်။ 

ထင်းပုံဆိပ်မှရွှေတိဂုံအနောက်ဖက်မုဒ် 
ခြေကုန်သုတ်ကြ 
လူအုပ်ကြီးပြည့်လျှံ.. အားမာန်တွေထန် 
ဒေါင်းလံတွေလွင့်ပျံခဲ့ကြ 
လက်ခုပ်သံတွေညံခဲ့ကြ။ 

စစ်ဖိနပ်သံတွေတဒေါက်ဒေါက် 
သားသမီးတွေအိမ်ပြန်မရောက်လို့ 
သောကနဲ့မျှော်နေရှာတဲ့မိဘတွေ 
ဘယ်တော့မှပြန်မလာနိုင်တော့တဲ့ရင်သွေးတွေ 
မြန်မာပြည်အနာဂတ်ဟာ 
တဒိုင်းဒိုင်းကြားမှာ တဘိုင်းဘိုင်းလဲကျ။ 

ရဲရဲတောက်ကြွေးကြော်သံတွေ 
နီနီစွေးစွေးသွေးတွေ 
ကမ္ဘာမကြေနိုင်လောက်အောင် 
ခံစားရတဲ့မိသားစုတွေ။ 

သန်းခေါင်ယံလူခြေတိတ်ချိန်လို 
နေ့ခင်းကြောင်တောင် အပ်ကျသံတောင်ကြားလောက်အောင် 
ထိတ်လန့်ရတဲ့နေ့ရက်များ 
အပြင်ထွက်သွားတဲ့ခြေထောက်များ 
ပြန်လာပါ့မလား 
စိုးနှောင့်ဗျာကြွယ်ရန်ကုန်မြို့လယ်။ 

ဟောလိဝုဒ်စစ်ကားရိုက်ကွင်းမဟုတ် 
ရှေ့တန်းစစ်မြေပြင်မဟုတ် 
သစ်လုံးတွေအထပ်ထပ်.သစ်တပ်တွေဆောက် 
အချင်းချင်းစောင့်ရှောက် 
သေမင်းကိုစောင့်နေပုံရတဲ့ရန်ကုန်..။ 

ခေတ်တွေပြောင်းလဲ 
ခုလည်းအလင်းရောင်မသဲကွဲ 
တိမ်မည်းတွေရွေ့လျား 
အနာတရများစွာ ရဲဝံ့ခြင်းများစွာနဲ့ 
သမိုင်းစာမျက်နှာမှာ 
ရန်မကုန်တဲ့ရန်ကုန်ဟာ 
အမြဲတာဝန်ကျေနေဦးမှာ 
ဂုဏ်ယူပါတယ်ရန်ကုန်။ ။ 

ကိုစိမ်းလန် း(သုံးခွ)